31 C
Yangon

စလင်းမြို့နယ်၊ သရက်တောရွာ ရဲစခန်းကို PDF တပ်ဖွဲ့ ဝင်ရောက် တိုက်ခိုက်၊ ဖားကန့်တွင် စစ်တပ်စစ်ကြောင် မိုင်းမိပြီး စစ်သား ၂ ဦးသေဆုံး

Must read

စလင်းမြို့နယ်၊ သရက်တောရွာ ရဲစခန်းကို PDF တပ်ဖွဲ့ ဝင်ရောက် တိုက်ခိုက်၊ ဖားကန့်တွင် စစ်တပ်စစ်ကြောင် မိုင်းမိပြီး စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၀

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်တောရွာရှိ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ရဲများ တပ်စွဲထားသော စလင်းမြို့နယ်၊ သရက်တောရွာရှိ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သတင်းဖောက်ကြားမှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်က ကြိုတင်ပြင်ဆင်ချိန်ရသွားသောကြောင့် စခန်းသိမ်းပိုက်နိုင်ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရ​ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် နေအိမ်အတွင်း ကလေးထိန်းနေသည့် သရက်တောကျေးရွာသူ မမေရီခိုင် ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စလင်းမြို့နယ် သရက်တော ရဲစခန်းကို PDF တပ်ဖွဲ့က ဒီနေ့ အစောပိုင်း နံနက် ၃ နာရီလောက်မှာ ဝင်ရောက် တိုက်ခိုက်တယ်။ လာတိုက်မယ်ဆိုတာ သတင်းပေါက်ကြားသွားလို့ စခန်း မသိမ်းနိုင်လိုက်ဘူးလို့ သိရတယ်။ ကုန်းခြားရွာက အုပ်ချုပ်ရေးမှူး တပည့်တွေ ဖားကောက်နေတုန်း စခန်းကို လာတိုက်တဲ့ PDF တွေနဲ့တွေ့ပြီး ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတဲ့ထဲက အုပ်ကြီး တပည့် ၃ ဦး ထွက်ပြေးလွတ်မြောက်သွားပြီး စခန်းကို ဖုန်းဆက်ပြောတယ် ကြားတယ်။ အဲ့ဒါ နဲ့တစ်ဖက်က ညတွင်းချင်း ရဲခွေး၊ စစ်ခွေး မိသားစုတွေ နေရာပြောင်းပြီး အသင့်အနေထားနဲ့ ပြင်ဆင်ချိန် ရသွားတယ်လို့ သိရတယ်။ PDF တွေ ပြန်သွားတာတောင် စစ်ခွေးတွေက နံနက် ၇ နာရီအထိ ပစ်နေတုန်းပဲ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း စလင်းမြို့နယ် သရက်တော ရဲစခန်းမှ စခန်းမှူး ပေါင်ကို ကျည်ထိမှန်ပြီး PDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း သိရှိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

အလားတူ မေလ ၉ ရက်နေ့ ညနေပိုင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်တွင် ကင်းလှည့် ပြန်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ အလောင်းကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

“ကင်းလှည့်ပြန်လာတဲ့စစ်ကြောင်းကို မိုင်းဆွဲလိုက်တာ စစ်သားတွေ အကုန်မြောက်တက်သွားတယ်။ မျက်မြင်အရတော့ ၂ ဦးသေတယ်။ ဒီနေ့ မနက်အထိ မိုင်းဆွဲခံရတဲ့နားမှာ သွေးကွက်ကြီးတွေ တွေ့တယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article