ကရင်ပြည်နယ်၊ KNU ထိန်းချုပ် နယ်မြေအတွင်း ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ တပ်ရင်းမှူး ၄ ဦး၊ ဒု−တပ်ရင်းမှူး ၅ ဦး အပါအဝင် ၁၇၃၆ ဦးသေဆုံး
ရန်ကုန်၊ မေ ၁၁
ကရင်ပြည်နယ်၊ KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၄ ဦး၊ ဒု−တပ်ရင်းမှူး ၅ ဦး အပါအဝင် ၁၇၃၆ ဦးသေဆုံး ခဲ့ကြောင်း KNU ဗဟို ထံက ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ ကေအဲန်ယူ−ကရင် အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်း ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နှင့် အကြမ်းဖက် စစ်တပ်၊ ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) များ အကြား တိုက်ပွဲပေါင်း ၁၆၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၄ ဦး၊ ဒု−တပ်ရင်းမှူး ၅ ဦး အပါအဝင် ၁၇၃၆ ဦးသေဆုံးခဲ့ကာ ၁၁၈၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ဘက်မှ ရဲဘော် ၅၉ ဦး ကျဆုံးခဲ့ပြီး ၁၉၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှမှ ယနေ့ အချိန်အထိ အကြမ်းဖက် စစ်တပ်များနှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ၏ စစ်ရေး လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုတိုးမြင့်လုပ်ဆောင်လာခြင်းကြောင့် ဒေသ ပြည်သူ ၄ သိန်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားခြင်းနှင့် အကြမ်းဖက် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသပြည်သူ ၁ သိန်းကျော်သည် လုပ်ကိုင် စားသောက်သည့် လုပ်ငန်းခွင်များ ဖျက်ဆီးခံရပြီး ပြည်သူ အမြောက်အများမှာ စားဝတ် နေရေးနှင့် ပတ်သက်သော အခက်အခဲများစွာ ရင်ဆိုင် ကြုံတွေ့နေကြရကြောင်း၊ ၂၀၂၃ ဇန်နဝါရီလ မှ ယနေ့အချိန်အထိ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ ပြည်သူလူထု ၈၅၀၀၀ အတွက် လစဥ်စားနပ် ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။
စစ်ဘေးရှောင် ပြည်သူသည် စားနပ်ရိက္ခာ မလုံလောက်မှုများ၊ နေရာထိုင်ခင်းအတွက် အမိုးအကာ မလုံလောက်မှုများ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြသနာများနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး ၎င်းတို့ အတွက် အရေးပေါ် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ် လျက်ရှိကြောင်း၊ ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ နိုင်ငံရေး၊ စစ်ရေးအရ ရင်ဆိုင်နေရသည် သာမက ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်း ဖြစ်ပွားခဲ့ သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထုများ၏ လိုအပ်ချက်များကိုလည်း ကြိုးစား ကိုင်တွယ်ဖြေရှင်း နေကြရကြောင်း သိရသည်။
ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် စစ်ဘေးရှောင် ပြည်သူလူထုများအတွက် လိုအပ်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို ဝိုင်းဝံ ကူညီပံ့ပိုးပေးမည့် သူများအား အစဉ်အမြဲကြိုဆိုလျက်ရှိကြောင်း၊ စစ်ဘေးရှောင် ပြည်သူ လူထုများအတွက် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်ပြီး သိရှိလိုပါက ကေအဲန်ယူ−သတင်းနှင့်ပြန်ကြား ရေး ဗဟို အား ဆက်သွယ်မေးမြန်း နိုင်ကြောင်း ထုတ်ပြန်ထားသည်။