CDM ကျန်းမာရေးဝန်ထမ်းများကို အတင်းအကျပ် ဖိအားပေးခဲ့သော မြစ်ငယ်မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး Non-CDM ဒေါက်တာတင်ချိုချိုကို ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မေ ၁၆
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် CDM ကျန်းမာရေးဝန်ထမ်းများကို အတင်းအကျပ် ဖိအားပေးခဲ့သော မြစ်ငယ်မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး Non-CDM ဆရာဝန် ဒေါက်တာတင်ချိုချိုကို ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ပလိပ်မြို့တွင် နေထိုင်သည့် မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး Non-CDM ဆရာဝန် ဒေါက်တာ ဒေါ်တင်ချိုချိုကို ပလိပ်မြို့နေအိမ်တွင် သေနတ်သမားများက ဝင်ရောက် တိုက်ခိုက်ရာ ဒေါက်တာတင်ချိုချို၏လည်ပင်း ကျည်ထိမှန်၍ မန္တလေးဆေးရုံကြီး တင်ပို့စဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“မြစ်ငယ်ဆေးရုံမှာ အလုပ်သမားလူတန်စား တွေဆေးရုံတက်တဲ့အခါ မောက်မာစွာ ဆက်ဆံတယ်။ CDM ဆရာမ၊ ကျန်းမာရေးဝန်ထမ်းတချို့ကို ဆေးရုံအုပ်ဒေါက်တာတင်ချိုချိုက အတင်းအကျပ် Non-CDM လုပ်ခိုင်းတာ၊ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
ဆေးရုံအုပ် ဒေါက်တာ တင်ချိုချိုကို ပစ်ခတ်ခံရ၍ သေဆုံးသွားပြီးနောက် စစ်တပ်က ပိတ်ဆို့စစ်ဆေးမှုများ လုပ် ဆောင် ခဲ့ကြောင်း၊ မြစ်ငယ်ဆေးရုံအနီးရှိ ရပ်ကွက်များကိုလည်း စစ်တပ်က ဧည့်စာရင်း စစ်ပြီး ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။