သာယာဝတီထောင်တွင် စွန်ရဲဟူသည့် ထောင်တွင်းအကြမ်းဖက်အဖွဲ့က ထောင်ပြောင်း နိုင်ငံရေး အကျဉ်းသားများကို မတရား ရိုက်နှက် နှိပ်စက်ကာ အလုပ်ကြမ်းများ ခိုင်းစေ
ရန်ကုန်၊ မေ ၁၆
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသားများကို ထောင်ရောက်ရောက်ချင်း မတရားရိုက်နှက်နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သာယာဝတီအကျဉ်းထောင်တွင် စွန်ရဲအဖွဲ့ဟူ၍ ထောင်တွင်းအကြမ်းဖက်အဖွဲ့ရှိပြီး အဆိုပါ အဖွဲ့မှ ထောင်ပြောင်းလာသည့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများကို မတရားရိုက်နှက်နေခြင်းဖြစ်ကြောင်း သိရသည်။
“၄ လပိုင်း ၁၁ ရက်နေ့က ပြည်ထောင်က ပြောင်းလာတဲ့ အမျိုးသမီး ၄ ယောက်ကို စွန်ရဲဆိုတဲ့ ထောင်တွင်းအကြမ်းဖက်အဖွဲ့က ရိုက်တာ မျော့မျော့ပဲ။ တစ်ယောက်ကို မနည်းဆေးကုယူရတယ်။ မန္တလေး အိုးဘိုထောင်ပြောင်း အမျိုးသမီး ၁၆ ယောက်အဖွဲ့ထောင်ပြောင်းလာတာလည်း ရိုက်တာ မကြားဝံ့ဘူး” ဟု သာယာဝတီအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ စွန်ရဲဟူသည့် ထောင်တွင်းအကြမ်းဖက်အဖွဲ့သည် ထောင်ဝန်ထမ်းများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တန်းစီးများ၊ အခန်းလူကြီးများနှင့် စည်းကမ်းထိန်းများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။
သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကိုသာ ရိုက်နှက်နှိပ်စက်နေခြင်းမဟုတ်ဘဲ အမျိုးသားဆောင်တွင်လည်း ရိုက်နှက်နှိပ်စက်မှုများ ရှိကြောင်း၊ ထောင်ပြောင်းအဖွဲ့များကို တိုက်ပိတ်ခြင်းများလည်း လုပ်ဆောင်နေကြောင်းလည်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောကြားသည်။
“သူတို့ထောင်ပြောင်းအဖွဲ့တွေ တိုက်ပိတ်ထားချိန်မှာ ဟိုဘက်တိုက် ဒီဘက်တိက် စာပစ်ပေးလို့ဆိုပြီး ၁၁ ယောက်ကို အသားကုန်ရိုက်နှက်ပြီး ထပ်ပြီး ပြစ်ဒဏ်တိုက်ထဲ ထပ်ပိတ်ထားလိုက်တယ်။ လူတွေကို ရိုက်ထားတာ မျော့မျော့ပဲ ရှိတယ်။ ၃ လပိုင်းအကုန် ရဲရဲဆိုတဲ့ LGBT လေးလည်း ပါတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်တွင်း စဝင်သဘ့်အချိန်မှ စ၍ အော်ဟစ်ဆဲဆို ကြိမ်းမောင်းခြင်းများ လုပ်ဆောင်ကြောင်း၊ ၅ ယောက် တစ်တွဲ ထိုင်နေရာမှ မော့ကြည့်မိပါကလည်း အော်ဟစ်၍ နံပါတ်တုတ်ဖြင့် ရိုက်ခြင်း၊ ကျဉ်စက်ဖြင့် တို့ခြင်းတို့ လုပ်ဆောင်ကြောင်း ကိုယ်တိုင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
“ပိုအဆိုးဆုံးက အမျိုးသားထောင်ပြောင်းတွေကို တစ်လတိတိ တနေကုန်ပုံစံသင်တယ်။ တစ်လ သို့ ရက်လေးဆယ်တိတိ ခြေကျင်းဒေါက်လုံးဝမချွတ်ပေးဘူး ။ ညအိပ်လို့ခြေကျင်းအသံမြည်ရင် ပြစ်ဒဏ်ပေးပါတယ်။ နိုင်ကျဉ်းတွေရောက်လာမှ အဓိကပိုလုပ်တာက ထောင်လှန့်တာပါပဲ။ ထောင်လှန့်ချိန်မှာဆို ကမ္ဘာပျက်မလို ရှိသမျှဝန်ထမ်းနဲ့အသံကုန်ဟစ် ညာသံပေး။ ကျင်စက်သံတွေ ပေးပြီး လေးခွလောက်စာလုံးတွေနဲ့ ပစ်ပါတယ်”ဟု သာယာဝတီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် အမျိုးသား နိုင်ငံရေးအကျဉ်းသားများကို အုတ်ဖုတ်၊ ချီးပုံထမ်း၊ တောင်ယာလုပ်ငန်းနှင့် ရေလောင်းခြင်းကဲ့သို့ အလုပ်ကြမ်းများကိုလည်း လုပ်ဆောင်ခိုင်းကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်။