“ဝ” ပြည်နယ်ရှိ ဟိုင်းဖုန်းစား ကုမ္ပဏီတွင် အသက်မပြည့်သေးသည့် ကလေးများ အပါအဝင် မြန်မာ အမျိုးသား ၁၁ ဦး လူကုန်ကူးခံရပြီး ငွေလိမ်သည့်အလုပ် လုပ်ခိုင်းကာ မတရား နှိပ်စက်ခံနေရ
■ လူကုန်ကူးခံရသူ တစ်ဦးလျှင် ငွေကျပ်သိန်း ၂၈၀ ကျော် လျှော်မှ ပြန်လွှတ် ပေးမည်ဟုဆို
ရန်ကုန်၊ မေ ၁၇
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ “ဝ” ပြည်နယ်၊ မိုင်းပေါက်မြို့ ဟိုင်ဖုန်းစား ဥယျာဉ်ကုမ္ပဏီတွင် မြန်မာ အမျိုးသား ၁၁ ဦး လူကုန်ကူးခံထားရပြီး ဖမ်းဆီးနှိပ်စက်ခံနေရကာ ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေးများလည်း ပါဝင်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။
ကလေးများအပါအဝင် မြန်မာအမျိုးသား ၁၁ ဦးသည် လူကုန်ကူးခံရထားသည်ကို ကြားသိရ၍ မိဘများက လာရောက်ခေါ်ဆိုရာတွင်လည်း ပြန်မလွှတ်ပေးဘဲ ကျပ်သိန်း ၂၈၀ ကျော် လျှော်ကြေးပေးမှသာလျှင် ပြန်လွှတ်ပေးမည်ဟု ခြိမ်းခြောက်ကြောင်း၊ ပိုက်ဆံ မပေးပါက ပြန်လွှတ်မပေးဟု ပြောဆိုနေ၍ အခက်တွေ့နေကြောင်း သိရှိရသည်။
“ “ဝ” ပြည်နယ်မှာ အလုပ်လုပ်ဖို့ဆိုပြီးပွဲစားက ညာခေါ်ကာ ရောင်းစားပြီး ကျားဖြန့် (အွန်လိုင်းငွေလိမ်) အလုပ်လုပ်ခိုင်းတယ်။ ပွဲစားနာမည်က အောင်မိုင်ပါ ။ သူက အခု ထွက်ပြေးနေပါတယ်။ ရောင်းစားပြီး ထွက်ပြေးနေပါတယ်” ဟု လူကုန်ကူးခံရသူ တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ပြောကြားသည်။
မြန်မာအမျိုးသားများကို အွန်လိုင်းတွင် Customer Service လုပ်ဆောင်ရမည်ဟူ၍ အလုပ်ခေါ်ဆိုခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ် လုပ်ဆောင်ရသည့် အလုပ်မှာ အွန်လိုင်းမှ တစ်ဆင့် ငွေကြေးလိမ်လည်ရသည့် အလုပ်ဖြစ်နေကြာင်း သိရှိရသည်။
လူကုန်ကူးခံနေရသည့် မြန်မာ အမျိုးသား ၁၁ ဦးမှာ
၁-မောင်ဌေးအောင်စိုး – အသက် ၂၃ နှစ် ၊
၂-မောင်ရန်ပိုင်ထွန်း- အသက် ၂၄ နှစ် ၊
၃-မောင်အောင်သန်းဌေး- အသက် ၂၉ နှစ် ၊
၄-မောင်အောင်မျိုးဦး – ၊ အသက် ၂၇ နှစ် ၊
၅-မောင်နိုင်မင်းခန့်- အသက် ၂၀ နှစ် ၊
၆-မောင်ဇော်သီဟ – အသက် ၁၇ နှစ် ၊
၇-မောင်ငြိမ်းကိုကို – အသက် ၂၅ နှစ် ၊
၈-ကိုဟိန်းဇင်နိုင် – အသက် ၃၂ နှစ် ၊
၉-ကိုဖြိုးမောင်မောင် – အသက် ၂၅ နှစ် ၊
၁၀-မောင်ရန်အောင်ဖြိုး – အသက် ၁၆ နှစ်၊
၁၁-ကိုစည်းစိမ်တိုး – အသက် ၃၀ တို့ ဖြစ်ကြကြောင်း သိရှိရသည်
ထိုသို့ လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ မိဘများမှ လူကုန်ကူးမှုတားဆီနှိမ်နင်းရေးအဖွဲ့ထံတွင် အမှုဖွင့်ထားသော်လည်း ထိရောက်မှု မရှိကြောင်း၊ “ဝ” ပြည်နယ် အစိုးရuလည်း ထိရောက်စွာ ကူညီပေးခြင်းများလည်း မရှိကြောင်း၊ အလုပ်လုပ်ခိုင်းရာတွင်လည်း အပြစ်ထင်ရှားစွာ မရှိဘဲ လူစုရိုက်နှက်ခြင်း၊ လျှပ်စစ်တုတ်တံဖြင့် ထိုးခြင်း၊ အလုပ်ချိန်များ ကြာမြင့်စွာ လုပ်ကိုင်စေခြင်းနှင့် လုပ်ခလစာကိုလည်း အပြည့်ပေးဆောင်ခြင်းမရှိကြောင်း သိရှိရသည်။
“ကျန်းမာရေးမကောင်းသူတွေကိုလည်း တာဝန်ယူမှုမရှိ ခွင့်ရက်ပေးခြင်းမရှိဘဲ မတရားခိုင်းစေတာတွေ ပြုလုပ်နေပါတယ်။ ကျွန်တော့်မိဘတွေက မြန်မာမှာ အမှုဖွင့်ပြီး ဝပြည်နယ်မှာ လိုက်လံဆောင်ရွက်နေပေမယ့် မြန်မာနိုင်ငံ လူကုန်တားရဲတပ်ဖွဲ့၊ စအဖရုံးတို့က လွှဲပြောင်းလိုက်တဲ့ ကြေးနန်းစာက ဝပြည်နယ် ကျိုင်းတုံပြည်သူ့ဆက်ဆံရေးရုံးရုံးနဲ့ ပန်ဆန်းပြည်သူ့ဆက်ဆံရေး ရုံးကြား ပျောက်ဆုံးနေပါတယ်။ ကျိုင်းတုံပြည်သူ့ဆက်ဆံရေးရုံးက ကြေးနန်းစာကို ပန်ဆန်းပြည်သူ့ဆက်ဆံရေးရုံးကို လွှဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း ပြောပေမယ့် ပန်ဆန်းရုံးက တရားဝင်စာ မရောက်သေးကြောင်း မိဘတွေကို ပြောပါတယ်” ဟု လူကုန်ကူးခံရသူက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ပြောကြားသည်။
မြန်မာ အမျိုးသားများကို မတရားအလုပ်လုပ်ခိုင်းနေသည့် ဟိုင်ဖုန်းစားဥယျာဉ်ကုမ္ပဏီသည် အလုပ်သမားများကို ရောက်ရှိချိန်မှစ၍ ဖုန်းများကို အကုန်သိမ်းဆည်းထားကြောင်း ၊ လက်ရှိ ဆက်သွယ်နေသည့် ဖုန်းမှာ ခိုး၍ သုံးစွဲနေရခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကုမ္ပဏီသည် အလုပ်သမားများကို မြန်မာငွေ ကျပ်သိန်း ၂၈၀ ကျော် (တရုတ်ငွေ ယွမ် ၇၀၀၀၀) ပေးမှ ပြန်လွှတ်ပေးမည်ဟု ပြောဆိုနေပြီး အလုပ်သမားများက အလုပ် စာချုပ်တွင် လက်မှတ်ထိုးထားခြင်းမရှိဟု သိရှိရသည်။
“ကုမ္ပဏီက အတင်းအကျပ် စာချုပ်ချုပ်ခိုင်းပေမယ့် ကျွန်တော်တို့ လက်မှတ်မထိုးခဲ့ပါ။ လျှော်ကြေးကို မတရား တောင်းနေပါတယ်။ လစာက ပုံမှန်မပေးပါဘူး။ ရောက်တာ ၅ လမှာ ၃ လစာပဲ ရတယ်။ လစာကိုလည်း တစ်ဝက်ပဲ ပေးတယ်။ လူလိမ်အလုပ်ဆိုတာလည်း မသိခဲ့ဘူး။ သိတော့ ပြန်မယ်ဆိုတော့ လျှော်ကြေးတောင်းတယ်။ အလုပ်တောင် မလုပ်ရသေးဘူး။ လျှော်ကြေးအရင်တောင်းပါတယ်။ သူတို့ အလုပ်မပြည့်မီဘူး ဆိုရင် ရိုက်တယ်။ မိဘတွေကိုလည်း အကုန်အဆက်အသွယ်ဖြတ်ခံရတာ” ဟု လူကုန်ကူးခံရသူက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ပြောကြားသည်။
မြန်မာအလုပ်သမား ၂ ဦးကို စကားနားမထောင်ဟုဆိုကာ ကုမ္ပဏီက ထောင်ထဲ ထည့်ထားခဲ့ကြောင်း၊ မြန်မာအလုပ်သမား ၂ ဦးသည် အလုံပိတ်ခန်းထဲတွင် ၅ ရက်ခန့် ဝ ပြည်နယ်ရှိ ရဲစခန်းတစ်ခုအတွင်း အလုံပိတ်နှိပ်စက်ခံရပြီး နေခဲ့ရကြောင်း သိရှိရသည်။
“သူဌေးတစ်ခွန်းပြောပြီး ထည့်လိုက်တာ။ ရှင်းပြခွင့် မပေးဘူး။ တရုတ်စကားမတတ်တော့ ပိုဆိုးတယ်။ ဘယ်ရဲစခန်းလဲတော့ သူတို့လည်း မသိဘူး။ ထောင်ထဲမှာတော့ မနှိပ်စက်ဘူး။ အလုံပိတ်ထားတာ ။ နေ့ ည မသိဘဲ နေရတာ” ဟု ရဲစခန်း အလုံပိတ်ခန်းထဲတွင် နေရသည့် ဖြစ်စဉ်ကို လူကုန်ကူးခံရသူက ပြန်ပြောင်းပြောသည်။
လက်ရှိအချိန်တွင် မြန်မာ အလုပ်သမား ၁၁ ဦးလုံး၏ မိဘများမှာ သားသမီးများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသော်လည်း အွန်လိုင်းငွေလိမ်သည့် ကုမ္ပဏီဘက်က လျှော်ကြေးပေးမှသာ ပြန်လွှတ်ပေးမည်ဟုဆိုကာ အလုပ်သမားများကို ဖိနှိပ်ထားကြောင်း၊ အစပိုင်းတွင် မြန်မာ အမျိုးသား ၁၃ ဦး လူကုန်ကူးခံထားရကြောင်း၊ ၂ ဦးမှာမူ ပြန်လည်လွှတ်မြောက်ခဲ့ကြောင်း၊ ကျန် ၁၁ ဦး၏ မိဘများမှ လိုက်လာ၍ ပြန်လွှတ်ပေးရန် ပြောသော်လည်း ပြန်မလွှတ်ပေးဘဲ လျှော်ကြေးသာ တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၀ ပြည်နယ်တွင် ကင်းလှည့်နေသည့် ၀တပ်ဖွဲ့မှ စစ်သားများ။ (ပုံအဟောင်းဖြစ်သည်။)
Photo- AFP