ခင်ဦး၊ ကံသစ်ရွာတွင် စစ်တပ်က တပ်စွဲထားပြီး ၂ ရက်ဆက် မီးတင်ရှို့နေ
ရန်ကုန်၊ မေ ၂၀
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာတွင် အကြမ်းဖက် စစ်တပ်က တပ်စွဲထားပြီး ၂ ရက်ဆက် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကံသစ်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း၊ ထို့ပြင် ကျေးရွာအတွင်း၌ သေနတ်များ ပစ်ဖောက်လျက်ရှိကြောင်း သိရသည်။
” မနေ့ညနေပိုင်းက ကံသစ်ရွာကို မီးရှို့ပြီး တပ်စွဲထားတဲ့ စစ်ခွေးတွေက ဒီနေ့ နံနက်ပိုင်းမှာလည်း ရွာကို ထပ်ပြီး မီးရှို့နေတယ်။ စစ်ခွေးတွေက ခွေးခေါင်းတံတားဘက်မှာသေနတ်တွေ ပစ်ဖောက်နေတယ်။ ရွာထဲမှာ နှစ်နေရာခွဲပြီး မီးရှို့ထားတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
ယမန်နေ့ ညနေပိုင်းတွင် ရွှေဘိုဘက်မှလာသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာတွင်း၌ တပ်စွဲထားကာ ယနေ့ နံနက်ပိုင်းတွင် ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်
လက်ရှိချိန်တွင် ကံသစ်ကျေးရွာ အနီးနားရှိ နှောကုန်း၊ မောက်ပြည့်၊ ဂွေးကုန်း၊ မြစ်တော် စသည့် ကျေးရွာများမှ ဒေသ ပြည်သူ ၁၈၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။