28 C
Yangon

ကော့ကရိတ်ခရိုင်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

Must read

ကော့ကရိတ်ခရိုင်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

ရန်ကုန်၊ မေ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ရှိ သလွဲထော်ကျေးရွာနှင့် ကမိုင်ကုန်းကျေးရွာများအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပြည်သူများရှိရာသို့ ဦးတည်ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။

ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်းရှိ သလွဲထော်ကျေးရွာအတွင်းသို့ မေလ ၂၅ ရက် နေ့လယ် ၁၂ နာရီ ၂၇ မိနစ်မှ နေ့လယ် ၁၂ နာရီ ၃၃ မိနစ်အချိန်ကြားတွင် အကြမ်းဖက်စစ်တပ်၏ စကခ ၁၂ လက်အောက်ခံ တပ်ရင်း ၂၃၁ လက်နက်ကြီးတပ်သစ် အမြောက်ကုန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပြည်သူများရှိရာသို့ ဦးတည်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နော်မူးလာအဲ၏ တိုက်ပုအိမ်တစ်လုံးမှာ လက်နက်ကြီး ကြောင့် မှန်ပြင်တင်းပေါက်၊ အိမ်နံရံ နှင့် ခေါင်မိုးများ ထိမှန် ပျက်စီးခဲ့ပြီး နွတ်တလေလာ့အင်းအနား လယ်ကွင်းထဲတွင်လည်း ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ၀၇ မိနစ်နှင့် ၁၁ နာရီ ၁၇ မိနစ်အချိန်တွင် စကခ ၁၂ လက်အောက်ခံ တပ်ရင်း ၂၃၁ လက်နက်ကြီးတပ်သစ် အမြောက်ကုန်းမှ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထု ရှိရာသို့ ၁၀၅ မမ ဟောင်ဝစ်ဇာ (၃) လုံးဖြင့် လှမ်းပစ်ရာ ကေအဲန်ယူ−ကျုံဒိုးမြို့နယ် ကမ္မရိုက် နှင့် တောင်ကမ္မရိုက်ကြား တောအုပ်သို့ ၂ လုံး နှင့် ကေအဲန်ယူ−ကျုံဒိုးမြို့နယ် အရှေ့ကွင်းကျေးရွာ လယ်ကွင်း ထဲသို့ ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပါကြောင်း ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ အဆိုပါ လုပ်ရပ်များကြောင့် ပြည်သူများမှာ နေ့စဥ်စားဝတ်နေရေးအတွက် ဥယျာဥ်ခြံမြေသို့ သွားရောက်လုပ်ကိုင်စားသောက်ခြင်း၊ လယ်ယာမြေများသို့ သွားရောက် ထွန်ခြစ် စိုက်ပျိုးခြင်းများ မပြုနိုင်တော့ဘဲ စိုးရိမ်ထိတ်လန့်မှုများနှင့် အသက်ရှင် နေထိုင်နေကြရကြောင်း သိရှိရသည်။

ထို့ပြင် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ကမိုင်ကုန်းကျေးရွာအတွင်းသို့လည်း မေလ ၂၅ ရက် ညနေ ၁ နာရီမှ ညနေ ၅ နာရီအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ ၉၇ အမြောက်တပ် မှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြိမ် ၄၀ ခန့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ရာ ညနေ ၂ နာရီခွဲအချိန်ခန့်တွင် ကမိုင်ကုန်းကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးအသောင်းနှင့် အသက် ၃၁ နှစ်အရွယ် ကျော်မင်းထွန်း တို့ နှစ်ဦးကို လက်နက်ကြီးစ ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ကော့ကရိတ်မြို့နယ် ရွာတန်းရှည် ကျေးရွာနေ ဦးကျော်ဘောင် ၏ နွား တစ်ကောင် နှင့် ဒေါ်မူးသောက်၏ နွား တစ်ကောင် ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ကောက်ကျစ်ယုတ်မာသည့် အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်ခြင်းကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရုံသာမက ဘာသာရေး အဆောက်အအုံများ၊ ပြည်သူပိုင် အိုးအိမ်များ၊ အိမ်မွေး တိရစ္ဆာန်များ နှင့် ပြည်သူပိုင် စိုက်ပျိုးသီးနှံပင်များ ပျက်စီး ဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article