32 C
Yangon

ဟားခါးနှင့် ထန်တလန်အကြားတွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံး၊ စစ်တပ်ဘက်မှလည်း သေဆုံးမှုများပြား

Must read

ဟားခါးနှင့် ထန်တလန်အကြားတွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံး၊ စစ်တပ်ဘက်မှလည်း သေဆုံးမှုများပြား

ရန်ကုန်၊ မေ ၃၀

ချင်းပြည်နယ်၊ ဟားခါးနှင့်ထန်တလန်အကြားတွင် စစ်ကောင်စီတပ်က အပြင်း အထန်ထိုးစစ်ဆင်နေပြီး ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံးကြောင်း CNA ချင်းအမျိုးသားတပ်မတော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့နှင့် မေလ ၂၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များက ချင်းဒေသကာကွယ်ရေးတပ်များ တပ်စွဲထားသော ဟားခါးနှင့် ထန်တလန်အကြားနေရာများကို လေကြောင်း၊ ကုန်းကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင်လာကြောင်း ၊ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း၊ ယမန်နေ့ မေလ ၂၉ ရက်နေ့တွင် ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦး ကျဆုံးကြောင်း သိရှိသည်။

“သီမစ်အနီး လုံခါရ် (Lungkhar) နဲ့ သီမစ်အောက်ပိုင်း‌ဖက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ခြေလျှင်တပ်ဖြင့် အဓိကထိုးစစ်ဆင်နေတယ်။ ဟားခါး နင့် ထန်တလန် အကြားမှာ အဓိက ဖြစ်နေတာ။ တော်လှန်ရေးရဲဘော်တွေ ၁၁ ဦး ကျတယ်။ ကျဆုံးရဲဘော်တွေက CDF နဲ့ CNA က ရဲဘော်တွေပါ။ ၁၂၀ မမ လက်နက်ကြီးထိပြီး ကျတယ်လို့ သိထားပါတယ်။ စစ်တပ်ဘက်ကလည်း သေဆုံးမှုတွေရှိတယ်။ အတိအကျ မသိရသေးဘူး။ တိုက်ပွဲကတော့ ပြင်းထန်နေတယ်” ဟု CNA သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်တပ်က ချင်းပြည်နယ်သို့ လေကြောင်း၊ ကုန်းကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ပြည်သူများအနေဖြင့် ချင်းဒေသကာကွယ်ရေးတပ်များအတွက် လက်နက်ခဲယမ်းများ ရရှိရေး ပူးပေါင်း ပါဝင် ကူညီကြရန် ချင်းတော်လှန်ရေးရဲဘော်တချို့က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article