25 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်၊ ဝက်လက်တွင် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်

Must read

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်၊ ဝက်လက်တွင် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၃၀

မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် မုံရွာမှ စစ်ကိုင်းဘက်သို့ ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၄ စီးပါ ယာဥ်တန်းကို မုံရွာ-မန္တလေး လမ်းပိုင်းရှိ အလ္လကပ္ပကျေးရွာနှင့် ဘိုးမင်းကြီးကင်း အကြားတွင် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ယာဥ်တန်းမှ ၂ စီးမြောက်ကားကို ထိမှန်ပြီး စစ်ခွေး သေဆုံးမှုနှင့် ဒဏ်ရာ ရရှိသူ များပြားနိုင်ကြောင်း၊ တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အန္တရာယ်ကင်း ဘေးရှင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်ပြီး မြင်းမူမြို့နယ် ပကဖ ၊ People’s Defence Force Myinmu-MMU PDF စသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်နိုင်ခဲ့ကြောင်း Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လှိုင်ဘွား ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့တွင် ဝက်လက်မြို့နယ် မှ လှတောရွာကို စစ်ကြောင်း ထိုးလာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ်ကို ဗိုလ်လှိုင်ဘွားပြောက်ကျားတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ရာ အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပစ်ခတ်မှုအတွင်း ကာကွယ်ရေး တပ်ဖွဲ့က လက်နက်ကြီး များနှင့် ဝိုင်းဝန်း ပစ်ခတ်ပြီး စနိုက်ပါဖြင့် ၈ ချက် ပစ်ခတ်ခဲ့ရာ စနိုက်က်ပါ ကျည်ထိမှန်ပြီး စစ်သား ၂ ဦး လဲကျသွား​ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စနိုက်ပါကျည်ထိတာ ၂ ကောင်ပါ ကျန်တာတွေက ဒဏ်ရာ ရတွေများတယ်။ ထိခိုက်သေဆုံးမှု စာရင်းတော့ စုံစမ်းနေတုန်းပဲ စစ်ခွေးစစ်ကြောင်းက ပျူတွေပဲများတာပါ ဝိုင်းပြီး တိုက်ရင် နိုင်ကိုနိုင်ပါတယ်။ ကာကွယ်ရေး ရဲဘော်တွေမှာ လက်နက်ခဲယမ်း အခက်အခဲတွေရှိလို့ အလှူရှင်များ လှူဒါန်းပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဗိုလ်လှိုင်ဘွား ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article