ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၁ တိုးချဲ့ ရပ်ကွက်ရှိ နေအိမ်များကို အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မ ဖယ်ရှားခိုင်း
ရန်ကုန်၊ မေ ၃၀
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက် ရေတံခါးအပိုင်း ၃ရှိ နေအိမ်များကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဟန်ဝင်းလှိုင်က အတင်းအဓမ္မ ဖယ်ရှားခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ပြောကြားသည်။
ဇွန်လ ၄ ရက်နေ့တွင် အပြီးဖယ်ရှားပေးရန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဟန်ဝင်းလှိုင်က နှုတ်မိန့်ဖြင့် လိုက်လံပြောဆိုနေပြီး မည်သူ၏ စေခိုင်းချက်ကြောင့် ဖယ်ရှားခိုင်းသည်ကို မေးမြန်းသော်လည်း ပြောဆိုခြင်း မရှိကြောင်း၊ လက်ရှိဖယ်ရှားခိုင်းသည့် မြေနေရာပေါ်တွင် နေအိမ် စုစုပေါင်း ၅၀ ကျော်ခန့်ရှိကြောင်း သိရသည်။
” ၆လပိုင်း ၄ ရက်နေ့ နောက်ဆုံးဖယ်ပေးရမယ်ပြောပါတယ်။ ဘယ်သူနဲ့ ပေါင်းပြီး မြေကွက်ရောင်းစားဖို့ စီစဉ်နေလဲ မသိရဘူး။ အိမ်တွေကတော့ ကျူးကျော် နေအိမ်လေးတွေပါ။ ချောင်ကျတဲ့နေရာလေးပါ။ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေကြတဲ့ ပြည်သူတွေပါ” ဟု အဆိုပါ နေရာတွင် နေထိုင်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အုပ်ချုပ်ရေးမှူး ဟန်ဝင်းလှိုင်သည် အဆိုပါ မြေနေရာကို လက်ရှိအချိန်တွင် ပိုင်ရှင်ပေါ်လာသည့် ပုံစံမျိုးနှင့် အတင်းအဓမ္မ ဖယ်ခိုင်းနေခြင်းဖြစ်ပြီး နေရာဖယ်ရှားခိုင်းရာတွင် Notice စာကပ်ခြင်း၊ အခြားစာရွက်စာတမ်းများနှင့် တရားဝင်ဖယ်ရှားခိုင်းခြင်းမျိုးလည်း မရှိကြောင်း၊ ၆ လပိုင်း ၁ ရက်နေ့တွင် အစည်းအဝေးလုပ်ထပ်မံ ပြုလုပ်ပြီး ၄ ရက်နေ့တွင် အပြီးဖယ်ရှားပေးရန်သာ ပြောကြားသွားကြောင်း သိရှိရသည်။
“၂၀၁၅ ခုနှစ် မရောက်ခင်က အရင်နေထိုင်နေတဲ့ နေရာက ပိုင်ရှင်ရှိတယ်ဆိုပြီး ဖယ်ခိုင်းကြလို့ အခုလက်ရှိ ငမိုးရိပ်ချောင်းဘေးက မြေကွက်လွတ်လေးမှာ ပြောင်းရွှေ့နေပေးခဲ့တာပါ။ အခုအချိန်မှ ပိုင်ရှင်ပေါ်လာတဲ့ ပုံစံမျိုးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး အတင်းအဓမ္မဖယ်ခိုင်းနေတာပါ။ ရန်ကုန်လို နေရာမျိုးမှာ ကျောတစ်နေရာစာရဖို့အတွက် ပြည်သူတွေ အခက်အခဲကြုံနေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။