စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကသာမြို့နယ်ရှိ ညောင်ခြေထောက်ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ
ရန်ကုန်၊ ဇွန် ၁
စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃ လုံးပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၃၁ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က သဗြူး ခြံကုန်းရပ်ရွာရှိ နေအိမ် ၂ လုံးနှင့် ကုန်းတန်းလေးရွာရှိ နေအိမ် ၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“မနေ့က နံနက်ပိုင်းက ကား ၁၂ စီး စစ်ခွေးတွေ ရောက်လာပြီး မီးစရှို့နေတာ သဗြူး ခြံကုန်းရွာနဲ့ ကုန်းတန်းလေးရွာကို ရှို့နေတာ ပြည်သူတွေကတော့ ဒီနေ့အထိ တိမ်းရှောင်နေရတုန်းပဲ စစ်ခွေးတွေက ရွာထဲက ထွက်သွားပြီးလို့ သိရပေမယ့် အချိန်မရွေးကားတွေနဲ့ ပြန်လာနိုင်တဲ့အတွက် နေရပ်မပြန်ကျသေးဘူး” ဟု ပြည်သူ ၁ ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် သဗြူး၊ ညောင်ကုန်း၊ သလွန်ဖြူ၊ ကြွယ်လူး အက်ရွာမှ ပြည်သူများသည် စစ်ဘေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာရှိ ပြည်သူပိုင်ညနေအိမ်များကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် မီးရှို့ဖျက်ဆီးနေကြောင်း Tigyaing Revolution – TR အဖွဲ့ထံမှ သိရသည်။