အုပ်စုဖွဲ့ လက်တုံ့ပြန်မှုတွေ ဖြစ်လာအောင် ဖန်တီးပြီး နိုင်ငံတကာက လက် ရှောင်တဲ့ နိုင်ငံဖြစ်လာအောင် ကြံစည်နေတဲ့ အကြမ်းဖက် စစ်အုပ်စု”
By မောင်း
“ဘယ်သူပဲလုပ်လုပ် လုပ်တဲ့သူက ဒီလိုဆိုးကျိုးတွေ ကြီးကြီးမားမား ဖြစ်လာမယ်ဆိုတာ ကြိုသိကြပါတယ်၊ ဒါပေမယ့် သူတို့လုပ်ခဲ့ကြတယ်”
BBC မြန်မာပိုင်းက သတင်းတွေ နားထောင်ရင်း နားထဲစွဲနေမိတဲ့ ပြောစကားတခုပါ…။
ယူကရိန်းနဲ့ ရုရှား အကြီး အကျယ် စစ်ဖြစ်နေကြချိန် ဆည်ကြီးတခု ဖောက်ခွဲဖျက်ဆီးခံလိုက်ရတာကြောင့် လူ သောင်းနဲ့ချီ ဒုက္ခကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြရင်း သတင်းတင်ဆက်သူက ပြောလိုက်တဲ့ စကား ဖြစ် fပါတယ်။
ယူကရိန်း အရေးကြောင့် အဲ့ဒီစကားကို နားထဲစွဲနေတာတော့မဟုတ်ဘူး။ အဲ့ဒီစကားစုဟာ လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေနဲ့လည်း ကိုက်ညီနေတယ်လို့ ခံစားရလို့ပါ။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မတိုင်ခင်အထိ (ကိုဗစ်ကပ်ရောဂါကာလကလွဲလို့) မျှော်လင့်ချက်တွေ အများကြီးရှိခဲ့တဲ့ နိုင်ငံဟာ အဲ့ဒီနေ့ နောက်ပိုင်းကစလို့ အဖက်ဖက်မှာ အခြေအနေတွေ ယုတ်လျော့ကျဆင်းသွားလိုက်တာ အခုဆိုရင် သွေးအလိမ်းလိမ်း၊ ဒဏ်ရာဒဏ်ချက်တွေ အထပ်ထပ်နဲ့ ဖြစ်နေပါပြီ။
ဒီလိုဖြစ်အောင် ဘယ်သူတွေ လုပ်ခဲ့ပါသလဲ။
“ဘယ်သူပဲလုပ်လုပ် လုပ်တဲ့သူက ဒီလိုဆိုးကျိုးတွေ ကြီးကြီးမားမား ဖြစ်လာမယ်ဆိုတာ ကြိုသိကြပါတယ်၊ ဒါပေမယ့် သူတို့လုပ်ခဲ့ကြတယ်”
မင်းအောင်လှိုင်လား… အခုအထိတော့ သူဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ဆိုပြီး ခေါင်းဆောင်စာရင်း ဝင်နေသေးတယ်။ ဒါပေမယ့် ဒီလို မိုက်လုံးကြီးတဲ့ အမှုကိစ္စကို မင်းအောင်လှိုင်တယောက် ကျူးလွန်မိစေအောင် ဘယ်သူတွေက တွန်းအားပေးခဲ့ပါသလဲ။
စာဖတ်နေသူကြီးဆိုပြီး နာမည်ပြောင်းပေးထားကြတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေလား၊ ဒါမှမဟုတ် မင်းအောင်လှိုင်လက်အောက်က စစ်ဗိုလ်ချုပ်တွေလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မင်းအောင်လှိုင်နဲ့ သွားတွေ့ပြီး အာဏာသိမ်းခဲ့ရင် ဝန်းရံပါ့မယ်လို့ စကားလမ်းကြောင်းခဲ့ကြသူတွေလား…။
ဒါမှမဟုတ် သူတို့အားလုံး တကြိတ်တည်း တဥာဏ်တည်း တိုင်ပင်ဆွေးနွေးပြီး နိုင်ငံကို အခုလိုအခြေအနေဆီ ဆွဲချခဲ့ကြလေသလား၊ ဒါမှမဟုတ်သေးရင်လည်း တားဆီးကန့်ကွက်မှုတွေ ရှိတဲ့ကြားက အကျိုးစီးပွားနဲ့ အာဏာကို ဖက်တွယ်ထားလိုတဲ့ မင်းအောင်လှိုင် တယောက်တည်းရဲ့ အကြံအစည်လေလား။
“ဘယ်သူပဲလုပ်လုပ် လုပ်တဲ့သူက ဒီလိုဆိုးကျိုးတွေ ကြီးကြီးမားမား ဖြစ်လာမယ်ဆိုတာ ကြိုသိကြပါတယ်၊ ဒါပေမယ့် သူတို့လုပ်ခဲ့ကြတယ်”
အာဏာသိမ်းကာစ သူတို့လက်မှာ သွေးမစွန်းသေးခင် အချိန်ကတည်းက နိုင်ငံတကာက နောက်ပြန်ဆုတ်လိုက်ဖို့ သတိပေးတိုက်တွန်းမှုတွေ ရှိပေမယ့် ဒုစစ်ခေါင်းဆောင် စိုးဝင်းကတော့ မိတ်ဆွေနိုင်ငံအချို့နဲ့လည်း ရပ်တည်နိုင်ပါတယ် လို့ပြောခဲ့သေးတယ်။
ဒါဆို အာဏာသိမ်းဖို့ တွန်အားပေးခဲ့တာ စိုးဝင်း လား။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီစကားအရတော့ စစ်အုပ်စုဟာ ဖြစ်တန်ချေတွေကို အဆုံးစွန်အထိ ကြိုတင်တွက်ဆထားပြီး ဖြစ်ကြောင်း ပေါ်လွင်တယ်။
ဒီလိုသာဆိုရင် “ဒီလိုဆိုးကျိုးတွေ ကြီးကြီးမားမား ဖြစ်လာမယ်ဆိုတာ ကြိုသိကြပါတယ်၊ ဒါပေမယ့် သူတို့လုပ်ခဲ့ကြတယ်” ဆိုတဲ့စကားစုဟာ စစ်အုပ်စုအတွက်သာ ဖြစ်လိမ့်မယ်။
ဒါပေမယ့် တဖက်မှာကျတော့ စစ်အုပ်စုဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ရှိနိုင်တယ် ဆိုတာကိုသာ ကြိုတင်ခန့် မှန်း တွက်ချက်ခဲ့ကြပြီး ပြည်တွင်းက တော်လှန်ပန်ကန်နိုင်မှု အတိုင်းအတာကိုတော့ ထည့်မတွက်ခဲ့ကြဘူးဆိုတဲ့ လက်ရှိ အခင်းအကျင်းတွေအရ သိနိုင်ပါတယ်။
စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်လည်း ဝန်ခံခဲ့ကြဖူးပါတယ်။ ဒီလောက်အထိတော့ မမျှော်လင့်ထားဘူးဆိုတာ။ သူတို့ကြိုတင်တွေးတာ မှန်းဆခဲ့ကြတာက အာဏာသိမ်းပြီးတာနဲ့ တပြိုင်နက် ထုံးစံအတိုင်း လူထုဆန္ဒပြလှုပ် ရှားမှုတွေ ပေါ်ပေါက်လာမယ်။
ကိစ္စမရှိ၊ အချိန်တခုအထိ လွှတ်ပေးထားပြီး သတ်မှတ်အချိန်ကျတဲ့အထိ ငြိမ်သက်မသွားသေးဘူးဆိုရင် ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ထုံးစံအတိုင်း ဒုန်းဒုန်း ဒိုင်းဒိုင်း ကြမ်းရမ်းပြလိုက်မယ်။ ဆူပူသောင်းကျန်းသူတွေ ငြိမ်သက်သွားလေသတည်း။
အဲ့ဒီနောက် ကြိုတင်မျှော်တွေးခဲ့တဲ့ နိုင်ငံရေးခရီးကို တဆင့်ချင်း ပုံဖော်သွားရုံပဲပေါ့။ ဒီကာလအတွင်း နိုင်ငံတကာ ပိတ်ဆို့မှုဒဏ်တွေကိုတော့ ကြံ့ကြံ့ခံကြမယ်ပေါ့။ တကယ်တော့လည်း ကြံ့ကြံ့ခံရမှာက သူတို့မဟုတ်ဘူး။
ကပ်ရောဂါနှိပ်စက်လို့မှ မပြီးသေးခင် ပိတ်ဆို့မှုတွေကြောင့် ပိုကျပ်တည်းသွားမယ့် ပြည်သူတွေကသာ လက်တွေ့ ခံစားကြရမှာ။ အဲ့ဒီလိုဖြစ်သွားတာကလည်း စစ်ခေါင်းဆောင်တွေအဖို့ ကောင်းကျိုးပဲရှိတယ်။ လူတွေ ကျပ်တည်းသွားရင် နိုင်ငံရေးတွေ၊ ဒီမိုကရေစီရေးတွေ မပြောနိုင်ကြတော့ဘူး မဟုတ်လား။
ဒါပေမယ့် တကယ့်တကယ်မှာ အခုပြောခဲ့သမျှတွေဟာ စစ်အုပ်စုရဲ့ အတွေးသက်သက်မျှသာ ဖြစ်ခဲ့တယ်။ ၂၁ရာစု အာဏာသိမ်းခန်းဟာ ကျည်တချက်မပေါက်၊ သွေးတစက်မကျဘဲ ပြီးသွားပြီလို့ ယူဆအောင်ပွဲခံခဲ့ကြပေမယ့် လူထုဟာ အာဏာရှင်တွေရဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို ချေမွခဲ့ကြတယ်။
ဒီလိုအခြေအနေ ရောက်လာတဲ့အချိန်မှာတော့ စစ်အုပ်စုဟာ သူတို့ရဲ့ တကယ့်လက်နက်ကို ထုတ်သုံးပါတော့ တယ်။ နည်းမျိုးစုံ ပရိယာယ်ဆင် တားမြစ်ထိန်းချုပ်နေတဲ့ကြားက လမ်းမတွေပေါ်ကနေ ပျောက်မသွားတဲ့ လူထုသပိတ်တွေကို ပစ်ခတ်ဖြိုခွဲတဲ့နည်းနဲ့ ဖြိုခွဲပြီး အစွယ်ထုတ်ပြရတော့တယ်။
မြသွဲ့သွဲ့ခိုင် ဆိုတဲ့ အသက်နှစ်ဆယ်အရွယ် လူငယ်မိန်းမပျိုကလေးဟာ ပထမဆုံးသားကောင်ဖြစ်ခဲ့ရတယ်။ “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”လို့ ကြွေးကြော်ရင်း မြသွဲ့သွဲ့ခိုင်တယောက် နေပြည်တော်က ဗိုလ်ချုပ်အောင် ဆန်းကြေးရုပ်နဲ့ မလှမ်းမကမ်းမှာ မြေပြင်ပေါ် တုံးခနဲ လဲကျခဲ့ရရှာတယ်။
အဲ့ဒီနောက် စစ်အုပ်စုဟာ ဒေသအစုံမှာ ဆက်လက် ကြမ်းရမ်းပစ်ခတ် သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေ၊ ညှင်းပန်းသတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ နွေဦးရပ်ဝန်းမှာ ကြယ်ကြွေတွေများ လာလိုက်တာ အခုဆို သတ်ဖြတ်ခံရတဲ့ အရပ်သား ၃,၆၀၀ ကျော်ခဲ့ပြီ။
ဒီနေရာမှာတော့ ဆောင်းပါးရဲ့အစမှာ ပြောခဲ့တဲ့ စကားစုကို ပြန်သုံးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘာလို့ဆို စစ်အုပ်စု ထင်ခဲ့တာက ဘီလူးဆိုင်း တီးလိုက်တာနဲ့ ပွဲခင်းထဲမှာ ရှိနေသူတွေ အကုန်ပြိုလဲ ဖရိုဖရဲ ဖြစ်သွားဖို့ ဖြစ်တယ်။
တကယ့် လက်တွေ့မှာက “ငါတို့အလှည့်ကျန်သေးတယ်”လို့ ကြွေးကြော်သူတွေ ဖြစ်နေတယ်။
အာဏာသိမ်းကာလ အစောပိုင်း သပိတ်တွေ ဆက်တိုက်ဖြိုခွဲခံနေရချိန်၊ သင်္ကာမကင်းဖြစ်ခံရတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ ဖမ်းဆီးခံရ၊ သတ်ဖြတ်ခံရတာတွေ ဆက်တိုက် ဖြစ်နေတဲ့ကာလတခုမှာ စစ်တပ်ထောက်ခံ သူတဦးက ပြောခဲ့တဲ့စကားကို အခုအထိ နားထဲက မထွက်ပါဘူး။
“သိပ်မကြာဘူး … ပြီးသွားမှာပါ၊ အကုန် ငြိမ်သွားမှာ၊ တကယ်လုပ်နေပြီ” တဲ့ ….။
အဲ့ဒီကာလအတွင်း လမ်းပေါ်မှာ ပစ်သတ်ခံရ၊ အိမ်ကနေဖမ်းသွားပြီး အလောင်းပြန်လာယူခိုင်းခံရတဲ့သူတွေအတွက် နွေဦးရပ်ဝန်းမှာ ကြေကွဲဝမ်းနည်းသံတွေ ညံနေခဲ့ပေမယ့် သူတို့ဘက်ကကျတော့ “အိမ်မှာမှ မနေတာ…အခု တော့သေပြီမို့လား”လို့ လှောင်ခဲ့ကြတာပေါ့။
ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တဲ့ စာသားတချို့အတွက် အမေကို လာဖမ်းလို့ “သားအမေကို မဖမ်းနဲ့”လို့ နာနာကျင် ကျင် ကြေကြေကွဲကွဲ အော်ဟစ်ငိုယိုနေတဲ့ ကလေးတယောက်ရဲ့ အသံကို မှတ်မိကြဦးမယ်ထင်တယ်။
သားကိုမတွေ့လို့ အဖမ်းခံလိုက်တဲ့ အဖေတွေ အမေတွေ၊ မောင်ကိုမတွေ့လို့၊ အကိုကို မတွေ့လို့ ဖမ်းခံလိုက်ရသူ တွေကနေ အဖေကို မတွေ့လို့ လူမမယ် ကလေးကို ကျောင်းစာသင်ခန်းထဲအထိ လိုက်ဖမ်းခေါ် အကျပ်ကိုင်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။
“မပြီးသေးဘူး၊ ငါတို့အလှည့်ကျန်သေးတယ်”လို့ ကြွေးကြော်ကြသူတွေ အံ့ကြိတ်နေခဲ့ကြရတဲ့ ကာလတွေပေါ့။ လက်ဗလာနဲ့ လမ်းပေါ်ကလူငယ်တွေကို အတားအဆီးမရှိ ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သူတွေ၊ ဘေးကနေ လက်ခုပ်လက်ဝါးတီး လှောင်ပြောင်ခဲ့သူတွေ၊ တို့မီးရှို့မီးလုပ်ခဲ့သူတွေဟာ “ငါတို့အလှည့် ကျန်သေးတယ်” ဆိုသူတွေအလှည့် တကယ်ရောက်လာချိန်မှာတော့ အကြမ်းဖက်သမားတွေလို့ တွင်တွင်ခေါ်ကြတော့တယ်။
ဒီလိုအခြေအနေအထိ ဖြစ်လာအောင် ဘယ်သူတွေ ဘယ်လောက်အထိ လူမဆန်ခဲ့ကြတာလဲလို့ပဲ ပြန်မေးရလိမ့် မယ်။
ကလေးတွေစာသင်နေကြတဲ့ စာသင်ကျောင်းကို မိနစ်ပိုင်းအတွင်း သွေးညှိနံ့တွေ၊ ယမ်းနံ့တွေ ဖုံးလွှမ်းသွားအောင် လုပ်ခဲ့တာ ဘယ်သူတွေပါလဲ၊ ဂီတဖျော်ဖြေပွဲထဲကို လေယာဉ်ပေါ်က ဗုံးကြဲချပြီး လူရာဂဏန်းနီးပါး သတ်ဖြတ်ခဲ့ တာဘယ်သူတွေပါလဲ၊ အလှူထမင်း လာစားသူတွေကို ဗုံးကြဲပြီး လူနှစ်ရာနီးပါး သတ်ဖြတ်ခဲ့တာ ဘယ်သူတွေပါလဲ လို့သာ ပြန်မေးလိုက်ချင်တော့တယ်။
အဲ့ဒီတုန်းကကျ ဝမ်းနည်းတဲ့အကြောင်း ထုတ်ဖော်ပြသမိရင်တောင် ဖမ်းပါတဲ့လား။ စစ်ကြောင်းထိုးရာက အစုအပြုံလိုက် ဖမ်းဆီးသွားပြီး အစုအပြုံလိုက် သတ်ဖြတ်ခံလိုက်ရတဲ့ မုံတိုင်ပင်ရွာသားတွေ၊ တာတိုင်ရွာသားတွေ ကစလို့ အလားတူဖြစ်စဉ်တွေမှာ သတ်ဖြတ်ခံရသူတွေကိုတော့ PDF အကြမ်းဖက်တွေတဲ့လား။
မိုဆိုရွာမှာ ကလေးတွေပါမချန် မီးလောင်တိုက်သွင်း သတ်ဖြတ်ခဲ့တာ ဘယ်သူတွေပါလဲ။ ဒီအမုန်းတရားတွေကို ဘယ်သူတွေ စတင်ခဲ့ကြပါသလဲ။
အဲ့ဒီလို ရက်စက်မှုတွေ ကျူးလွန်ခဲ့ကြပြီးနောက် တန်ပြန်သက်ရောက်မှုတွေ ရှိလာချိန်မှာတော့ သူတို့ဘက်တော် သားတွေကို အကာအကွယ်ပေးနိုင်ဖို့ ဒါမှမဟုတ် ကိုယ်တိုင်ကာကွယ်နိုင်ဖို့လည်း လက်နက်ကိုင်ဆောင်ခွင့်မူကို ဟန်ပြထုတ်ပြန်ပြီး သူ့လူတွေကို လက်နက်ကိုင်ခွင့်လည်း ပေးထားပါသေးတယ်။
အခုတော့ အခြေအနေတွေဟာ တဖက်နဲ့တဖက် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်လာရတော့မလောက်ကို ဆိုးရွားနေပါပြီ။ ဒီလိုပြောရဖို့အတွက် အဆိုတော် လီလီနိုင်ကျော် ကိစ္စဟာ အနီးစပ်ဆုံးနဲ့ ဥပမာတခု ဖြစ်လာတယ်။
အမှန်တော့ ဒီ့မတိုင်ခင်ကတည်းက ဒီလိုဖြစ်စဉ်တွေ အများကြီးရှိနေခဲ့ပြီးသားပါ။
စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေး၊ မဘသ အစွန်းရောက်တဦးအဖြစ် ထင်ရှားတဲ့ လီလီနိုင်ကျော်ဟာ လွန်ခဲ့တဲ့ တပတ်ကျော်အကြာ မေလကုန်ပိုင်းမှာ သူ့ကားထဲမှာပဲ ပစ်ခတ်ခံရပြီး တပတ်လောက် ဆေးကုခံပြီးမှ သေဆုံး ခဲ့တယ်။
ကျူးလွန်သူတွေကို ဖမ်းမိပြီလို့ ထုတ်ပြန်တယ်။ စစ်အုပ်စုရဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ကျူးလွန်သူတွေရဲ့ မိသားစုတွေကို လက်တုံ့ပြန်ကြဖို့ လှုံ့ဆော်ရေးသားခဲ့ကြတယ်။
အဲ့ဒီနောက် ချက်ချင်းဆိုသလို လီလီနိုင်ကျော် ကိုလုပ်ကြံခဲ့တယ်လို့ စွပ်စွဲဖမ်းဆီးခံထားရသူ လူငယ်တဦးရဲ့ အမေနဲ့ အစ်မ နေအိမ်ထဲအထိ ဝင်ပြီး ပစ်ခတ်သတ်ဖြတ်တာ ခံလိုက်ရပါတော့တယ်။
အဲ့ဒီကျူးလွန်သူတွေကိုတော့ စစ်ကောင်စီက ဘယ်တော့မှ ဖမ်းမိတော့မှာ မဟုတ်တော့ပါဘူး။ ဒီ့မတိုင်ခင်ကလည်း လှည်းကူမြို့နယ်က နေအိမ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးရဲ့ မိသားစုဝင်တွေ ကလေးငယ်ပါမကျန် သတ်ဖြတ် ခံခဲ့ရပြီးပြီ မဟုတ်လား။
အဲ့ဒီအမှုကျူးလွန်သူတွေကို မိပြီလို့များ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါသလား။ အာဏာသိမ်းပြီးကတည်းက တရားဝင်ဖမ်းဆီးတယ်၊ ပါသွားတုန်းကအကောင်း၊ သူတို့လက်ထဲရောက်မှ ကျန်းမာရေးဖောက်ပြန်တယ် လို့ဆိုပြီး သေဆုံး သွားရသူတွေ ဒုနဲ့ဒေး။
တချို့ဆို အလောင်းပါ ပြန်တွေ့ခွင့်မရှိတော့။ အိမ်စောင့်အစိုးရ လို့ သူတို့ကိုယ်သူတို့ သုံးနှုံးနေပေမယ့် စစ်ကောင်စီဟာ နိုင်ငံတော်အဆင့် လူဆိုး၊ ဓားပြ၊ ပြန်ပေးဆွဲ လူသတ်ဂိုဏ်း တခုလို့သာ ဆိုရပါလိမ့်မယ်။
မင်းအောင်လှိုင်ကိုယ်တိုင်က သူ့ကိုယ်သူ ပြည့်ရှင်မင်း လို့ အထင်ရောက်နေပေမယ့် တကယ်တမ်းမှာ တိုင်းပြည်က မင်းမဲ့တိုင်းပြည်ဘဝ ရောက်နေတယ်ဆိုတာ ဒီအဖြစ်တွေက သက်သေပြနေပါတော့တယ်။
တကယ်လို့သာ စစ်အုပ်စုထောက်ခံသူတွေနဲ့ စစ်အုပ်စုဆန့်ကျင်သူတွေ တနည်းအားဖြင့် တော်လှန်ရေး ထောက်ခံတဲ့ အရပ်သားတွေကြားထဲအထိ အုပ်စုဖွဲ့အပြန်အလှန် သတ်ဖြတ်မှုတွေ ပေါ်ပေါက်လာခဲ့ရင် အဲ့ဒါဟာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ဦးစီးကြတဲ့ စစ်တပ်အမည်ခံ လူဆိုး လူသတ်ဂိုဏ်းက စတင်ပုံဖော်ခဲ့တာလို့ပဲ ပြောရပါလိမ့်မယ်။
ဒါပေမဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုကတော့ ဒီသတ်ဖြတ်မှုတွေကို လက်ညိုးထိုးပြီး နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးမှာ လက်ရှောင်အောင် သူတို့ ကြံစည်ကြပါလိမ့်မယ်။
အစမှာပြောခဲ့သလိုပဲပေါ့။
“ဒီလိုဆိုးကျိုးတွေ ကြီးကြီးမားမား ဖြစ်လာမယ်ဆိုတာ ကြိုသိကြပါတယ်၊ ဒါပေမယ့် သူတို့လုပ်ခဲ့ကြတယ်”လို့သာ ပြောရလိမ့်မယ်။