24 C
Yangon

စစ်အုပ်စုကိုသာ အထောက်အပံ့ ဖြစ်စေတဲ့JICA ရဲ့ ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ရပ်ဆိုင်းထားသင့်

Must read

စစ်အုပ်စုကိုသာ အထောက်အပံ့ ဖြစ်စေတဲ့JICA ရဲ့ ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ရပ်ဆိုင်းထားသင့်

By မောင်း

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ ပြည်သူအားလုံးနဲ့ ဆန့်ကျင်နေတဲ့ စိတ်ဖောက်ပြန် လူသတ်အုပ်စု ဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အရင်က မြန်မာနိုင်ငံအပေါ် ဘယ်လိုပဲ ကူညီခဲ့ပေမယ့် လက်ရှိမှာ မြန်မာနိုင်ငံကို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိတော့တဲ့ လူသတ်စစ်အုပ်စု မင်းမူခြယ်လှယ်နေတယ်ဆိုတာ သတိချပ်သင့်ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်စစ်စစ်တပ်ဟာ ယခင် NLD အစိုးရလက်ထက် နိုင်ငံတကာ အကူအညီတွေနဲ့ တိုးတက်လာတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို သူတို့လုပ်ဆောင်ခဲ့သဖွယ် လီဆယ်လေ့ရှိပါတယ်။

သူတို့တွေဟာ ပြည်သူ့အစိုးရလက်ထက်က စီမံကိန်းတွေနဲ့ အသီးအပွင့်တွေကို လက်ညိုးထိုးပြီး သူတို့လက်ထက်မှာ နိုင်ငံဘယ်လို တိုးတက်နေပြီ ငြိမ်းချမ်းနေပြီ ဆိုတာမျိုးကိုလည်း တအားပြသချင်နေသူတွေပါ၊

ဒါကြောင့်မို့ နိုင်ငံတကာအနေနဲ့ စစ်အုပ်စုကို အထောက်အပံ့ဖြစ်စေမယ့် အကူအညီတွေကို ရပ်ဆိုင်းထားသင့်ပါတယ်။ အထူးသဖြင့် ဒီစီမံကိန်းတွေဟာ ယခင် NLD အစိုးရလက်ထက်မှာ မြန်မာပြည်သူတွေကို ကူညီမယ်ဆိုပြီး ပေးခဲ့တာဖြစ်ပေမဲ့ လက်ရှိမှာတော့ စစ်ကောင်စီကို သက်ဆိုးရှည်စေမဲ့ စီမံကိန်းတွေ ဖြစ်လို့နေပါပြီ။

တိုင်းပြည်အနှံ့ တော်လှန်ရေးတိုက်ပွဲတွေ ဖြစ်နေချိန်မှာ စစ်တပ်ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေက အရေးပါနေပါတယ်။ အဲ့ဒီလမ်းကြောင်းတွေထဲမှာ မီးရထားလုပ်ငန်းလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေဟာ မြန်မာနိုင်ငံမှာ ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင် ပေးနေဆဲ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီစီမံကိန်းတွေကို JICA ကနေ အကြိမ်ကြိမ် ခွဲပေးမယ့် ချေးငွေတွေနဲ့ လုပ်ဆောင်မှာဖြစ်ပြီး ပြည်တွင်းခရိုနီ ကုမ္ပဏီတွေအနေနဲ့ အေဝမ်းအုပ်စု၊ ရွှေတောင်အုပ်စုနဲ့ မက်စ်မြန်မာတို့ ပါဝင်တယ်လို့ သိရပါတယ်။

JFM ရဲ့ စုံစမ်းဖော်ထုတ်မှုအပြီး ဂျပန်နိုင်ငံအနေနဲ့ ဒီစီမံကိန်းတွေကို ပြန်လည်ဆန်းစစ်မှုတွေ လုပ်နေကြောင်း၊ စစ်အုပ်စုအတွက် ချေးငွေအသစ်တွေ ပေးမှာမဟုတ်တော့ကြောင်း ပြောလာပေမယ့် လက်ရှိလုပ်ငန်း အဆင့်ဆင့်ကိုတော့ ဆက်လုပ်မှာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ တွေ့ရပါတယ်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ပထမအဆင့်နဲ့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဖက်ဆစ် စစ်တပ်ဟာ အာဏာသိမ်းမှုမတိုင်ခင် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး ရထားလမ်းကို အဆင့် ၂ဆင့် ခွဲထားပြီး လက်ရှိမှာ ရန်ကုန်ကနေ တောင်ငူအထိ စီမံကိန်း လုပ်ဆောင်နေပါတယ်။

ဒီလိုမျိုး နိုင်ငံတကာ အကူအညီတွေအနေနဲ့ အာဏာမသိမ်းခင် ဘယ်လိုပဲ ထောက်ပံ့ခဲ့ပါစေ … ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး မျက်နှာဖုံး ကွာကျလာတဲ့ အကြမ်းဖက်စစ်အုပ်စုအတွက် အထောက်အပံ့ ဖြစ်စေတဲ့အရာတွေကို ချက်ချင်း ရပ်ဆိုင်းသင့်ပါတယ်။

မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေထဲမှာပါဝင်ခဲ့တဲ့ မီးရထားဝန်ထမ်းတွေကို အပြင်းအထန် ဖိနှိပ်ခဲ့ပါတယ်။ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မီးရထားဝန်ထမ်းတွေကို လိုင်းခန်းကနေ အတင်းအဓမ္မ ဖယ်ရှားခဲ့တာကြောင့် မျက်ရည်စတွေနဲ့ မြင်တွေ့ခဲ့ရတဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေရဲ့ ပုံရိပ်တွေဟာ ပြည်သူတွေရဲ့ရင်ထဲမှာ အခုချိန်ထိ မပျောက်ကွယ်သေးပါဘူး။

မြန်မာ့မီးရထားဝန်ထမ်းပေါင်း ၃ဝ,ဝဝဝ ကျော်ရှိတဲ့အထဲက ၉ဝ ရာခိုင်နှုန်းနီးပါး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပြီး နိုင်ငံတဝန်းလမ်း မီးရထားခရီးစဉ်တွေ လုံးဝမထွက်တော့ဘဲ ရပ်ဆိုင်းသွားတဲ့အထိ ဒီဝန်ထမ်းတွေဟာ အာဏာရှင်ကို မုန်းတီးခဲ့ကြတာပါ။

အာဏာသိမ်းပြီး ၂ နှစ်ကျော်တဲ့အထိ တရားမဝင် စစ်အုပ်စုကို မီးရထားစီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ပေးခဲ့တာဟာ ဘဝတွေပေး အသက်တွေစွန့်ခဲ့ကြတဲ့ မီးရထားဝန်ထမ်းတွေရဲ့ အရှိုက်ကို ခပ်ပြင်းပြင်း ထိုးနှက်လိုက်တာနဲ့ အတူတူပါပဲ။

JICA ရဲ့ စီမံကိန်းတွေထဲမှာ ရထားလမ်း အဆင့်မြှင့်တာအပြင် အချက်ပြစနစ် တပ်ဆင်တာတွေ၊ ဘူတာရုံခွဲတွေနဲ့ တံတားတည်ဆောက်တာတွေ၊ ရထားသစ် ပံ့ပိုးတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

JICA ကတော့ ဒီလိုပူးပေါင်းဆောင်ရွက်မှုဟာ စစ်အုပ်စုရဲ့ အကျိုးစီးပွားအတွက် မဟုတ်သလို ဒီစီမံကိန်းကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ဒါပေမယ့် မြန်မာ့မီးရထားလုပ်ငန်းဟာ အကြမ်းဖက်စစ်တပ်က တရားမဝင် ထိန်းချုပ်ထားတာဖြစ်လို့ ဒီစီမံကိန်းရဲ့ အကျိုးရလဒ်တွေကို စစ်ရေးအတွက် လိုသလို အသုံးချလာနိုင်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်အတွင်းမှာပဲ ရထားလမ်းကြောင်းကနေ စစ်သား၊ စစ်ရိက္ခာနဲ့ စစ်လက်နက်တွေ သယ်လာတာကြောင့် PDF တွေအနေနဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ ဂျပန်နိုင်ငံက ထောက်ပံ့ခဲ့တဲ့ ခရီးသည်တင် သင်္ဘောတွေနဲ့ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ကို လက်နက်နဲ့ စစ်သား ရာချီပို့ဆောင်ခဲ့ပါသေးတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မီးရထား စက်ခေါင်းစက်ရုံ ဝန်ထမ်းတွေနဲ့ တွေ့ဆုံချိန်မှာလည်း လျှပ်စစ်ရထားပြေးဆွဲနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေပေမယ့် လျှပ်စစ်ဓာတ်အား ထုတ်ယူမှု မအောင်မြင်သေးတာကြောင့် မပြေးဆွဲနိုင်သေးတာ ဖြစ်တယ်လို့ ခပ်တည်တည် ပြောခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ ရထားကြိုက်တဲ့ စစ်အာဏာရှင်တစ်ယောက် ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလတုန်းက မင်းအောင်လှိုင်ဟာ သူတို့မိသားစု ဇိမ်ကျကျ ရထားစီးဖို့ ပြင်ဆင်ထားတဲ့ ရထားတွဲ အတွင်းပိုင်းဓာတ်ပုံတွေ ပေါက်ကြားသွားတာကြောင့် မီးရထား အရာရှိနဲ့ ဝန်ထမ်းအများအပြားကို ဖမ်းဆီးစစ်ဆေးခဲ့ပါသေးတယ်။

သေချာတာကတော့ တရားမဝင် စစ်ကောင်စီလက်ထက်မှာ ဘယ်လိုနိုင်ငံတကာ အကူအညီမျိုးပဲဖြစ်ပစေ … အဲ့ဒီထောက်ပံ့မှုတွေကို သူတို့ရဲ့ ကိုယ်ကျိုးစီးပွား (သို့မဟုတ်) သူတို့အာဏာတည်မြဲရေးအတွက် ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေမှာပဲ အသုံးချကြမှာပါ။

ဒါကြောင့် ဂျပန်အစိုးရနဲ့ ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းမှာပါဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းနိုင်တဲ့အချိန်ထိ လုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်းထားဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက် စစ်ကောင်စီဟာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်ဘက် လျှောက်လှမ်းနေတဲ့ တရားမဝင် အဖွဲ့အစည်း ဖြစ်သလို ပြည်သူကို သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို ထောက်ပံ့ကူညီမှုတွေနဲ့အတူ တရားဝင်မှု ပေးအပ်နေတဲ့ အဖွဲ့အစည်းတိုင်းကိုလည်း မြန်မာပြည်သူတွေက ဆန့်ကျင်နေမှာ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article