24 C
Yangon

ဂွေးစိကို ခြင်ကိုက်ခံနေရသည့် အချိန်တွင် အားသုံးလျှင် ပိုဆိုးနိုင်၍ စည်းစည်းလုံးလုံး ဖြတ်ကျော်ရန် AA စစ်ဦးစီးချုပ် တိုက်တွန်း

Must read

ဂွေးစိကို ခြင်ကိုက်ခံနေရသည့် အချိန်တွင် အားသုံးလျှင် ပိုဆိုးနိုင်၍ စည်းစည်းလုံးလုံး ဖြတ်ကျော်ရန် AA စစ်ဦးစီးချုပ် တိုက်တွန်း

ရန်ကုန်| ဇွန် ၉

ဂွေးစီကို ခြင်ကိုက်ခံနေရသည့် အခြေအနေတွင် အင်အားသုံးလျှင် ပိုဆိုးမည်ဖြစ်ပြီး သည်းခံစိတ်ရှည်ပြီး နည်းပရိယာယ် ကြွယ်ဝစွာနှင့် ခွန်အားများကို စုစည်းကာ စည်းစည်းလုံးလုံးဖြင့် ဖြတ်ကျော်ကြမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။

ရက္ခိုင့်တပ်တော် AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် တွစ်တာစာမျက်နှာတွင် ယနေ့ ဇွန် ၉ ရက်နေ့ နေ့လယ်ပိုင်းက ယင်းကဲ့သို့ ရေးသားလာခြင်းဖြစ်သည်။

“ဂွေးစိကို ခြင်ကိုက်ခံနေရတဲ့အခြေအနေမျိုးမှာ အားသုံးရင် ပိုဆိုးမယ်။ သည်းခံစိတ်ရှည်ပြီးတော့ နည်းပရိယာယ် ကြွယ်ဝစွာနဲ့ ခွန်အားတွေကို စုစည်းပြီးတော့ စည်းစည်းလုံးလုံးဖြတ်ကျော်ကြမယ်” ဟု ၎င်း၏ တွယ်တာ စာမျက်နှာတွင် ရေးသားထားသည်။

ဇွန် ၈ ရက်နေ့က နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပြည်တွင်း၊ ပြည်ပ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို သွားလာခွင့်များနှင့် ကူညီခွင့်များကို စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပြီးနောက် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယင်းကဲ့သို့ ရေးသားလာခြင်း ဖြစ်နိုင်ဟု ရခိုင့်နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုကြသည်။

ယင်းအသုံးအနှုန်းသည် လူထုအနေဖြင့် မှတ်မိလွယ်အောင် ဘန်းစကားများအရ သုံးနှုန်း ရေးသားခြင်းဖြစ်နိုင်ကြောင်း ဝါရင့် ရခိုင်လူမျိုး စာရေးဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။

“သူဆိုလိုတဲ့အဓိပ္ပာယ်ကတော့ လက်ရှိအချိန်မှာ ရခိုင်ပြည်သူတွေဟာ ဒုက္ခနဲ့ ကြုံတွေ့ရင်ဆိုင်နေရတဲ့အချိန်မှာ အဲ့ဒီပြဿာနာကို အင်းအားနဲ့ မသုံးဘူးပေါ့။ သုံးမယ်၊ စစ်ရေးအရ ဖြေရှင်းလိုက်ရင် ပိုးဆိုမယ်။ အင်အားကိုချွေတာပြီးတော့ စိတ်ရှည်ရှည်နဲ့ စည်းစည်းလုံးလုံး ငါတို့ ဖြတ်ကျော်ကြမယ်ဆိုတာကို ပြောတာဖြစ်တယ်။ အခြားနည်းလမ်းတွေရှာပြီးတော့ သွားကြမယ်လို့ သူက ဆိုလိုတာပါ”ဟုပြောဆိုသည်။

နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်ကြသည့် ICRC, WFP, UNDP, အစရှိသည့် အဖွဲ့အစည်းများအပါအဝင် ပြည်တွင်း လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများကို ဇွန် ၇ ရက်နေ့မှစ၍ ရပ်ဆိုင်းထားရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၏ လက်မှတ်ဖြင့် အဖွဲ့အစည်းများအား အကြောင်းကြားထားသည်။

ပြီးခဲ့သည့် ၂၀၂၂ နိုင်ဝင်ဘာ ၂၆ ရက်နေ့ မှစ၍ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ နှစ်ဖက် နားလည်မှုဖြင့် ယာယီ အပစ်ခတ်ရပ်စဲထားပြီး လက်ရှိအချိန်အထိ ဆိုပါက ၆ လနီးပါးရှိနေပြီးလည်းဖြစ်သည်။

လက်ရှိအချိန်အထိ ရခိုင်ပြည်အတွင်း မြို့နယ်အချို့တွင် စစ်ဘေးရှောင် ဦးရေ ၇ သောင်းကျော်အထိ ရှိနေသေးပြီး မိုခါ မုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းများ အားလုံးနီးပါးပျက်စီးခဲ့ရသလို စားနပ်ရိက္ခာများလည်း အရေးပေါ် အကူအညီများလိုအပ်နေသည်။

ထို့ပြင်ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း လူတစ်သန်းနှစ်သိန်းကျော်မှာ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရပြီး လူနေအိမ် ၂၁၆၀၀၀ ကျော် ပျက်စီးမှုရှိကြောင်း မေလ နောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် မုန်တိုင်းသင့် ရခိုင်ပြည်သူ ၈ သိန်းကျော်သည်လည်း စားနပ်ရိက္ခာများ၊ အထောက်အပံ့များ အရေးပေါ်လိုအပ်လျက်ရှိနေပြီး တစ်ချို့ မြို့နယ်များမှာ ထောက်ပံ့မှုများ မရရှိကြသေးပေ။

အလားတူ ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များနှင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ WFP အနေဖြင့် စားနပ်ရိက္ခာအထောက်အပံ့များ ဆက်လက် ပံ့ပိုးနိုင်ရေး ဆောင်ရွက်နေချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article