အမေရိကန် ပိတ်ဆို့မှုများအကြားမှ အစ္စရေးကုမ္ပဏီ မြန်မာသို့ လက်နက်ရောင်းချခဲ့
By Oded Yaron
သင်္ဘောတင်ကုန် စာရင်းတစ်ခုအရ အရေးယူ ပိတ်ဆို့ခံထားရသော မြန်မာလက်နက်ပွဲစား ကုမ္ပဏီထံသို့ အစ္စရေးနိုင်ငံမှ CAA ကုမ္ပဏီက ဒေါ်လာ ၅ သန်းဖိုး ပစ္စည်းများ တင်ပို့ထားသည်ကို တွေ့ရသည်။ ဓာတ်ပုံများအရ ၎င်းပစ္စည်းများသည် မြန်မာရိုင်ဖယ်သေနတ်၏ အစိတ်အပိုင်းများဖြစ်သည်။
ကုမ္ပဏီဘုတ်အဖွဲ့ တွင် အမေရိကန်လူမျိုးနှစ်ဦး ပါဝင်နေသည်။ “ကျွန်တော်တို့ကုမ္ပဏီဟာ ခွင့်ပြုထားတဲ့နိုင်ငံတွေကိုပဲ ပစ္စည်းတွေ ရောင်းချလျက်ရှိပါတယ်” ဟု CAA က ပြောဆိုသည်။
====================
တိုင်းပြည်အတွင်း ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်လျက်ရှိပြီး မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ထားသော်ငြားလည်း အစ္စရေးလက်နက် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုက စစ်လက်နက် အချောထည် ထုတ်လုပ်ရာတွင် အသုံးပြုမည့် အစိတ်အပိုင်းများကို မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည်။
မြန်မာနိုင်ငံသို့ လက်နက်အစိတ်အပိုင်းများ တင်ပို့ထားကြောင်း ဖော်ပြနေသည့် စာရွက်စာတမ်းများကို Justice for Myanmar အဖွဲ့နှင့် အစ္စရေး လူ့အခွင့်အရေးရှေ့နေ Eitay Mack တို့က ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အစ္စရေးလက်နက် ထုတ်လုပ်သော ကုမ္ပဏီတစ်ခုဖြစ်သည့် CAA Industries သည် ရိုင်ဖယ်သေနတ်၏ အစိတ်အပိုင်းများဖြစ်သော ကိုယ်ထည်အရိုး၊ လက်ကိုင်၊ သေနတ်ဒင်စသည်တို့ ထုတ်လုပ်ရန်ဖြစ်ဖွယ် ရှိသော ပလက်စတစ်ပိုလီမာ ပုံလောင်းပစ္စည်းများနှင့် ကွန်ပျူတာထိန်းချုပ် စက်ပစ္စည်း (CNC) များကို မြန်မာစစ်တပ်သို့ လက်နက်ပေးသွင်းနေသည်ဟု အများကသိရှိထားသော ကုမ္ပဏီတစ်ခုထံ တင်ပို့ခဲ့ကြောင်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်အတွင်းက သင်္ဘောတင်ကုန်စာရင်းတစ်ခုအရ သိရှိရသည်။
အလေးချိန် ၂ တန်ခန့်ရှိသည် အဆိုပါကုန်ပစ္စည်းများကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၀ရက်က အစ္စရေးနိုင်ငံ၊ တဲလ်အဗစ် မြို့အနီး ဘန်ဂူရီယွန်လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ တင်ပို့ခဲ့ပြီး၎င်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ယခင်မြို့တော်ဖြစ်သော ရန်ကုန်သို့ အခြားလေယာဉ်ခရီးစဉ်ဖြင့် ဆက်လက်ပို့ဆောင်ခဲ့သည်။
CAA Industries ဝဘ်ဆိုဒ်အဆိုအရ ၎င်းတို့ကုမ္ပဏီသည် လက်နက်များအပြင် ပစ္စတိုသေနတ်များအပေါ် တပ်ဆင်၍ စက်သေနတ်ငယ်များအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် Roni ကဲ့သို့ ခေတ်မီဗျူဟာမြောက် တွဲစပ်ပစ္စည်း၊ မှန်ပြောင်းနှင့် အဆင့်မြှင့်ပြောင်းလဲမှု ပစ္စည်းမျိုးစုံကို ဒီဇိုင်းပြုလုပ်တီထွင် ထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။
ထို့အပြင် ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် ကရိုင်းမီးယားဒေသအား ရုရှားတို့ ကျူးကျော်သိမ်းပိုက်စဉ်ကတည်းက အမေရိကန်၏ အရေးယူပိတ်ဆို့မှု ခံထားရသော ရုရှားအမျိုးသားပိုင် လက်နက်ကုမ္ပဏီအုပ်စုကြီးဖြစ်သည့် Rostec၏ အစ္စရေးနိုင်ငံဆိုင်ရာ တရားဝင်ကိုယ်စားလှယ်ဖြစ်ပြီး ရုရှားလုပ် ကလက်ချ်နီကော့ဗ် အေကေချေမှုန်းရေး ရိုင်ဖယ်သေနတ်များ ထုတ်လုပ်ခွင့်လိုင်စင်ကို ၎င်းကုမ္ပဏီက ရရှိထားသည်ဟုလည်း CAA ဝဘ်ဆိုဒ်တွင်ဖော်ပြသည်။
စက်ပစ္စည်းများကို ဝယ်ယူခဲ့သူဖြစ်ပြီး သင်္ဘောတင်ကုန်စာရင်း၌ ပစ္စည်းလက်ခံမည့်သူဟု ဖော်ပြထားသော Star Sapphire Group ကုမ္ပဏီသည် မြန်မာစစ်တပ်၏ လက်နက်ဝယ်ယူမှု အများအပြား၌ ပွဲစားအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
မြန်မာနှင့် စင်္ကာပူနိုင်ငံများ၌ မှတ်ပုံတင်ထားသော အဆိုပါကုမ္ပဏီကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း မကြာသေးမီကပင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ထွန်းမင်းလတ်သည် မြန်မာစစ်ခေါင်းဆောင်များနှင့် နီးစပ်သူတစ်ဦးဖြစ်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ငွေကြေးခဝါချမှုများ၌ ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ယမန်နှစ်က ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသူလည်း ဖြစ်သည်။
Haaretz သတင်းစာတွင် ဖော်ပြခဲ့သော ကုမ္ပဏီ၏ ဌာနတွင်း စာရွက်စာတမ်းများ၌ Star Sapphire Group သည် အစ္စရေးကာကွယ်ရေး ကုမ္ပဏီများဖြစ်သော အစ္စရေးလေကြောင်း စက်မှုလုပ်ငန်း၊ Elbit Systems နှင့် အစ္စရေး သင်္ဘောကျင်းဌာနတို့၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်ကြောင်း ၎င်းတို့ကိုယ် ၎င်းတို့ ဖော်ပြထားပြီး မြန်မာ့အကြီးတန်း စစ်ခေါင်းဆောင်များထံ ခေတ်မီအစ္စရေး စစ်လက်နက်များ တင်ပို့ရောင်းချသည့်အခါ အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ကြောင်းလည်း ဖော်ထုတ်သိရှိရသည်။
CAA နှင့်အတူ “ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချရန် ခွင့်ပြုခဲ့သော ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အကြီးတန်းအရာရှိများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုသည့် တိုင်ကြားစာကို Mack က ရှေ့နေချုပ် Gali Baharav-Miara ထံပေးပို့ခဲ့သည်။
အစ္စရေးမှ တင်ပို့လိုက်သည့် ပစ္စည်းများအား အစ္စရေးနိုင်ငံထုတ် Galil သေနတ်ပုံစံအပေါ် အခြေခံထားသည့် မြန်မာစစ်တပ်၏ အမ်အေချေမှုန်းရေး ရိုင်ဖယ်အချို့၏ အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် အသုံးပြုဖွယ် ရှိသည် ဟု Mack ကဆိုသည်။
“လက်နက်ငယ်နဲ့ တခြားလက်နက်တွေ ထုတ်တဲ့အခါ တွက်ချေကိုက်ဖို့ CNC စက်တွေနဲ့ ပလက်စတစ် ပုံလောင်းပစ္စည်းတွေကို အသုံးများကြတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားသော နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်သည့် လက်နက်အရောင်းအဝယ် ပြုလုပ်မှုအမြောက်အများကို ဖော်ထုတ်ခဲ့သော Justice for Myanmar အဖွဲ့မှ တက်ကြွလှုပ်ရှားသူများက ချေမှုန်းရေးရိုင်ဖယ်၊ စနိုက်ပါရိုင်ဖယ်နှင့် အပေါ့စားစက်သေနတ်များ အပါအဝင် စစ်ကောင်စီ၏ လက်နက်စက်ရုံများက ထုတ်လုပ်သည့် ရိုင်ဖယ်သေနတ်ပုံများကို စုဆောင်းလေ့လာခဲ့ရာ CAA က ရောင်းချသည့် ဒီဇိုင်းပုံစံများနှင့် တစ်ထေရာတည်း တူညီသော လက်ကိုင်နှင့် သေနတ်ဒင် အများအပြားကို စီစစ်တွေ့ရှိရသည်။
မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုကို ပိတ်ပင်ထားသော်လည်း ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်ခဲ့သည့် စစ်တပ်အုပ်ချုပ်မှုကာလအတွင်း လက်နက်ရောင်းချမှု ရပ်ဆိုင်းရန် တောင်းဆိုမှုကို အစ္စရေးက ငြင်းဆန်ခဲ့သည်။
ထိုအချိန်နောက်ပိုင်း ၂၀၁၆ ခုနှစ်က စတင်ခဲ့သည့် ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုကာလများတွင်လည်း ဆက်သွယ်မှုများနှင့် လက်နက်တင်ပို့ ရောင်းချမှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့ သည်။
ဆုံးဖြတ်ချက်ကို လျှို့ဝှက်အဖြစ် ဆက်လက်ထားရှိသော မျှတမှုဆိုင်ရာ တရားလွှတ်တော်သို့ တိုင်ကြားလွှာတင်ပြခဲ့ကာ အစ္စရေးနှင့် ပြည်ပဒေသများ၌ ဆန္ဒပြမှုများ အပြင်းအထန် ဖြစ်ပွားလာအပြီး ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းရောက်သည့်အခါမှ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း အစ္စရေးက တရားဝင် ထုတ်ဖော်ပြောဆိုလာခဲ့သည်။
သို့သော် ဤအစီရင်ခံစာ၌ ဖော်ထုတ်ရရှိသည့် ပစ္စည်းတင်ပို့မှုအရ လက်နက်ရောင်းချမှု ရပ်ဆိုင်းရန် ဆုံးဖြတ်သည် ဟုပြောဆိုခဲ့သော ကာလနောက်ပိုင်း၌ပင် အစ္စရေးက မြန်မာနိုင်ငံသို့ လက်နက်ထုတ်လုပ်ရေး စက်ပစ္စည်းများကို ပေးပို့နေခဲ့ကြောင်းတွေ့ရှိရသည်။
Haaretz က လက်ခံရရှိသော သတင်းများအရ အဆိုပါ အရောင်းအဝယ်တန်ဖိုး မှာ ဒေါ်လာ ၅ သန်းခန့်ရှိသည်ဟု ဆိုသည်။
ထို့အတူ နောက်တစ်နှစ်အကြာတွင် အဆင့်မြင့်လူထု ဆိုင်ဘာ ထောက်လှမ်းရေးစနစ်တစ်ခု တပ်ဆင်ရေး မြန်မာအစိုးရပိုင် ကုမ္ပဏီတစ်ခုက ခေါ်ယူသောတင်ဒါတွင် အစ္စရေးကုမ္ပဏီဖြစ်သော Cognyte က ပါဝင်ခဲ့ပြီး တင်ဒါ အောင်မြင်ခဲ့ကြောင်းလည်း Haaretz က ဖော်ထုတ်သိရှိရသည်။
၂၀၂၁ ခုနှစ်တွင် တရားမဝင် အာဏာသိမ်းယူအပြီး တကျော့ပြန် အာဏာရလာသည့် စစ်တပ်သည် ရုရှား၊ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယနှင့် ထိုင်းအပါအဝင် နိုင်ငံအချို့ထံမှ ဒေါ်လာ ၁ ဘီလီယံခန့် တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ဆက်လက်ဝယ်ယူ တင်သွင်းနေခဲ့သည်ဟု မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့်တင်ပြသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ကိုယ်စားလှယ်၏ အစီရင်ခံစာတစ်ခုက ဆိုသည်။
“ဒီလက်နက်အရောင်းအဝယ်ရဲ့ အဓိကပြဿနာက မြန်မာစစ်တပ်ရဲ့ လက်နက်ငယ်တွေကို အဆင့်မြှင့်တင်ဖို့ စက်ကိရိယာတွေ ပေးအပ်လိုက်ခြင်းဖြစ်ပြီး အဲ့ဒီနည်းပညာက ဆက်ပြီးအမြစ်သဖွယ် အကျိုးဆက်တွေ ကျန်ရစ်နေဦးမှာပါ”
“လက်နက်တစ်လက် ရောင်းလိုက်လို့ တစ်ကြိမ်တည်း ထိခိုက်မှု ရှိတာမျိုး မဟုတ်ဘူး။ လက်နက်ထုတ်တဲ့ ပစ္စည်းတွေ စက်ကိရိယာတွေကို ရေရှည်ထိန်းသိမ်းပြီး လက်နက်အမြောက်အများ ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ပြဿနာဖြစ်ပါတယ်” ဟု ရှေ့နေချုပ်ထံ ပေးပို့သည့် တိုင်ကြားစာတွင် Mack ကရေးသားသည်။
မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုကို ခွင့်ပြုခဲ့သလား ဟူသည့် Haaretz သတင်းဌာန၏ မေးခွန်းကို အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများက ဖြေကြားခြင်းမရှိပေ။
ကုမ္ပဏီ၏ ထုတ်ကုန်အများစုသည် အရပ်ဖက်သုံး ပစ္စည်းများ ဖြစ်ပါသည်။ ကာကွယ်ရေးနှင့် သက်ဆိုင်သည့် ထုတ်ကုန်များကို ရောင်းချရာတွင် CAA သည် ဥပဒေနှင့်အညီ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာလျက် လုပ်ငန်းဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။
CAA သည် ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချခွင့် မပြုသော နိုင်ငံများနှင့် မည်သည့်အခါကမျှ ကာကွယ်ရေးနှင့် ဆိုင်သောအရောင်းအဝယ်များ မပြုလုပ်ခဲ့ပါ။ ကုမ္ပဏီသည် မိမိ၏ အရောင်းအဝယ် လုပ်ငန်းအသေးစိတ်ကို သတင်းဌာနများသို့ မျှဝေမည် မဟုတ်ဘဲ သင်တို့၏ သတင်းဌာန၌ ဖော်ပြထားသော ကျွန်တော်တို့ကုမ္ပဏီနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များမှာ မှားယွင်းနေပါသည် ဟု CAA ၏ ဖြေကြားချက်တွင် ရေးသားထားသည်။
ရှင်းလင်းပြောဆိုရန် နောက်ထပ် မေတ္တာရပ်ခံချက်များကိုမူ ကုမ္ပဏီက ဖြေကြားခြင်းမရှိပေ။ ဤသတင်း ထုတ်ပြန်ပြီးနောက်ပိုင်း၌ “ကုမ္ပဏီ၏ ပလက်စတစ်ထုတ်ကုန်များသည် ကာကွယ်ရေးပို့ကုန် ထိန်းချုပ်မှုမှ ကင်းလွတ်ခွင့် ရရှိထားပါသည်” ဟု နောက်ဆက်တွဲ အချက်အလက်တစ်ခုကို CAA က ပေးပို့ခဲ့သည်။
မြန်မာနိုင်ငံသို့ တင်ပို့သည့် စက်ပစ္စည်းများမှာ စစ်ဖက်နှင့် အရပ်ဖက် နှစ်မျိုးလုံး အသုံးပြုနိုင်သော ပစ္စည်းများ ဖြစ်သည်ဟု Mack ကဆိုသည်။ အဆိုပါ စစ်ဖက်အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းများအား နိုင်ငံတကာ ပို့ကုန်ထိန်းချုပ်ရေး စနစ်တစ်ခုဖြစ်သည့် Wassenaar အစီအစဉ်အရ ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည်။
အစ္စရေးနိုင်ငံသည် Wassenaar အစီအစဉ်တွင် လက်မှတ်ရေးထိုးထားသော စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံ မဟုတ်သော်လည်း ၎င်းအဖွဲ့၏ လမ်းညွှန်ချက်များအား လိုက်နာပြီး မှန်ကန်စွာ ထိန်းကျောင်းဆောင်ရွက်လျက် ရှိသည်ဟုဆိုသည်။
အစ္စရေး လက်နက်တင်ပို့မှု အာဏာပိုင်များက အဆိုပါရောင်းချမှုကို ခွင့်ပြုခဲ့သည် ဟုဆိုလျှင်ပင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန်၏ လက်နက်ရောင်းချခွင့် ပိတ်ပင်မှုကို ဖီဆန် ဆောင်ရွက်ခြင်းသာ ဖြစ်သည်။
ကုမ္ပဏီများ မှတ်ပုံတင်အရာရှိ၏ အဆိုအရ ၂၀၁၉ ခုနှစ် လက်နက် ရောင်းချခဲ့သည့်အချိန်၌ CAA ၏ ပိုင်ဆိုင်မှုကို အစုရှယ်ယာနှစ်ဦးက ခွဲဝေရယူခဲ့ကြောင်း၊ အစ္စရေးလူမျိုး တစ်ဦးဖြစ်သည့် Moshe Oz က ၄၉ရာခိုင်နှုန်း နှင့် ဗြိတိသျှဗာဂျင်အိုင်းလန်၌ မှတ်ပုံတင်ထားသည့် အဖွဲ့တစ်ခုက ၅၁ရာခိုင်နှုန်း ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါကာလအတွင်း ကုမ္ပဏီ၌ ဒါရိုက်တာ လေးဦးရှိပြီး ၎င်းတို့အနက် နှစ်ဦးသည် အမေရိကန်နိုင်ငံသားများ ဖြစ်ကြသည်။ ကုမ္ပဏီမိတ်ဖက်များနှင့် ဥပဒေကြောင်း အငြင်းပွားမှု ဖြစ်ပွားအပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ကျန်အစုရှယ်ယာအားလုံးကို အစ္စရေးလူမျိုး Oz ထံသို့ လွှဲပြောင်း ပေးအပ်လိုက်သဖြင့် ၎င်းသည် ကုမ္ပဏီ၏ တစ်ဦးတည်းသော ပိုင်ရှင်နှင့် ဒါရိုက်တာဖြစ်လာခဲ့သည်။
“ မြန်မာစစ်တပ်ရဲ့ လက်နက်လုပ်ငန်းကို CAA Industries က ကူညီထောက်ပံ့နေတာ မှန်ကန်မှုမရှိဘဲ နေ့စဉ်နဲ့အမျှ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီရာရောက်နေပါတယ်”
“မြန်မာကို လက်နက်ရောင်းချမှုတွေ ရပ်ဆိုင်း လိုက်ပြီလို့ အစ္စရေးအစိုးရက ပြောဆိုပြီးတဲ့ ကာလနောက်ပိုင်း ဒီပစ္စည်းပေးပို့မှု ဖြစ်ပွားခဲ့တဲ့အချက်က ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့ အလေးအနက် တောင်းဆိုစရာတွေ ဖြစ်လာခဲ့တယ်”
“CAA Industries ဟာ မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်နိုင်စွမ်းကို ကူညီမြှင့်တင်ပေးခဲ့ပြီး ဒီအချက်က လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ ဥစ္စာပစ္စည်း ဖျက်ဆီးမှု၊ အတင်းအကြပ် နေရပ်ရွှေ့ပြောင်းစေမှုတွေ ကျူးလွန်နေတဲ့ တရားမဝင် စစ်အုပ်စုရဲ့လက်ထဲ နေ့စဉ်နဲ့အမျှ အကြမ်းဖက်ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် နောက်ဆက်တွဲ ရေရှည်ဆိုးကျိုးတွေ ဖြစ်ပေါ်စေမှာပါ”
“ဒီအတွက် CAA နဲ့ အစ္စရေးအစိုးရအရာရှိတွေကို တာဝန်ယူစေရမှာ ဖြစ်ပါတယ်” ဟု မေးခွန်းတစ်ခုကို ဖြေဆိုရာ၌ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။
(Haaretz သတင်းစာပါ Oded Yaron ၏ “Israeli Arms Maker Sent Equipment to Myanmar, Despite U.S. Embargo” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။