33 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး စွန့်လွှတ်ရန် ပြောဆိုနေသည့် သဘာ၀ တရားရိပ်သာ ဘုန်းကြီး နေပြည်တော်တွင် စစ်ဗိုလ်ချုပ်များနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့

Must read

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး စွန့်လွှတ်ရန် ပြောဆိုနေသည့် သဘာ၀ တရားရိပ်သာ ဘုန်းကြီး နေပြည်တော်တွင် စစ်ဗိုလ်ချုပ်များနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့

ရန်ကုန်၊ ၁၀

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး စွန့်လွှတ်ရန် NLD နာယက ဦးတင်ဦးနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည့် သဘာ၀ တရားရိပ်သာ ဘုန်းကြီးသည် နေပြည် တော်တွင် စစ်ဗိုလ်ချုပ်များနှင့် အကြိမ်ကြိမ် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

သဘာ၀တရားရိပ်သာ ဘုန်းကြီး၏ ဖေ့ဘုတ်စ် လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်ချက်အရ ဘုန်းကြီးသည် နေပြည် တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိိုလ်ချုပ်ကြီး မင်းနိုင် အဖွဲ့တို့နှင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်းကောင်း၊ ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့တွင်လည်းကောင်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၈ ရက်နေ့တွင် သဘာ၀ တရားရိပ်သာ ဘုန်းကြီးက NLD နာယက ဦးတင်ဦးနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံရေးမှ စွန့်လွှတ်လျှင် စစ်တပ်က အခြေအနေပြောင်းနိုင်ကြောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံရေး မလုပ်ဘဲ နိုင်ငံသိ၊ ကမ္ဘာသိ ဩဇာကြီးသော ခေါင်းဆောင်ဖြစ်ည့်အတွက် ငြိမ်းချမ်းရေး သာ လုပ်မည်ဟုဆိုလျှင် အများစုက လိုက်လုပ်ကြမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ပါလာလျှင် တပ်မတော်က ပြောင်းလဲသွားနိုင်ကြောင်း၊ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး မစွန့်လွှတ်သဖြင့် တင်းမာနေခြင်းဖြစ်သည်ဟု သဘာ၀တရားရိပ်သာ ဘုန်းကြီးက ဆိုခဲ့သည်။

“သူ့အနေနဲ့ နိုင်ငံသိ၊ ကမ္ဘာသိတဲ့ ဩဇာကြီးတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တော့ အိန္ဒိယက မဟတ္တမ ဂန္ဒီကြီးလိုပေါ့ သူက ငြိမ်းချမ်းရေးပဲ လုပ်မယ်ဆိုရင် အများစုက လိုက်လုပ်ကြရမှာပေါ့။ လူကြီးတွေပေါ့ အဓိကအားဖြင့်။ သူကအနေနဲ့တော့ လူသိများတာရယ်။ ကောင်းတဲ့ အရည်အချင်းတွေအများကြီးရှိတယ်။ သူ့အနေနဲ့ ရာထူးအာဏာ ယူမှ ရွေးကောက်ပွဲဝင်မှ မဟုတ်ဘူးပေါ့။ သူရဲ့ ထင်ပေါ်ကျော်ကြားမှုနဲ့ သူရဲ့ ကိုယ်ကျင့်တရားတွေနဲ့ တိုင်းပြည်အကျိုး ကမ္ဘာ့အကျိုး ဆောင်ရွက်လို့ရမယ်လို့ ဆရာတော်က ယုံကြည်တာပေါ့။ ဆရာတော်လည်း ဒီလိုပဲ တရားဝင် ရာထူးတွေနဲ့မဟုတ်ဘဲနဲ့ အများအကျိုး သာသနာ့အကျိုးဆောင်ရွက်နေတာ။ ဆောင်ရွက်နေတော့ သူ့ကိုလည်းတွေ့ပြီးတော့ ရှင်းပြချင်တာပေါ့။ သူသာပါလာမယ်ဆိုရင် တပ်မတော်ကလည်း ပြောင်းသွားနိုင်တာပေါ့။ သူကသာ ဒီလိုပဲ လုပ်တော့မယ်ဆိုရင်။ ငြိမ်းချမ်းရေးပဲဆိုရင် တပ်မတော်အနေနဲ့လည်း အချင်းချင်း ပိုပြီးတော့ အဆင်ပြေသွားနိုင်မယ်လို့ ယူဆတာပေါ့လေ။ သူက နိုင်ငံရေးလုပ်တာကို မစွန့်တဲ့အခါကျတော့ တစ်ဖက်မှာ တပ်မတော်က တင်းမာနေတာပေါ့။ တပ်မတော်ကတော့ မလုပ်စေချင်ဘူး။ သူက လုပ်တယ်ဆိုတဲ့သဘောတော့ ဖြစ်နေတာပေါ့။ အဲဒါ သူကသာ ပြည်သူရဲ့ အကျိုးအတွက် အခုလက်ရှိ မငြိမ်းချမ်းတာတွေကို ငြိမ်းချမ်းသွားစေဖို့အတွက် သူကသာ ဖြူမယ်ဆိုရင် လိုက်ပြီး ဖြူမယ့်သူတွေ များတယ်။ အဲဒါကြောင့် တွေ့ပြီးတော့မှ ရှင်းပြချင်တာပေါ့” ဟု သဘာ၀တရားရိပ်သာ ဘုန်းကြီးက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲအပြီး အပြောင်းအလဲသည် သင်ခန်းစာယူစရာနှင့်သံဝေဂရစရာများပြားကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်က အဓိက ကျကြောင်း ဘုန်းကြီးက ဆိုသည်။

“အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်က လူသိများတဲ့အခါကျတော့ လုပ်နိုင်ကိုင်နိုင်တဲ့အခါကျတော့ သူ့ဆန္ဒက အဓိကျတယ်လို့ အဲဒီလိုပဲ နားလည်တာပေါ့။ သူကသာ သူ့အပေါ်မှာ မူတည်ပြီးတော့ သူပြောင်းလဲရင်ပြောင်းလဲသလို ဆရာတော်က နားလည်တာပေါ့။ အဲဒါကြောင့်လည်း တွေ့ကြည့်ချင်တာပေါ့ ။ ဒကာကြီးနဲ့ တွေ့ခွင့်ရတော့လည်း လာတွေ့တဲ့သဘောပါ။ တွေ့ပြီးတော့လည်း ဒကာကြီးရဲ့ သဘောထားမေးမြန်းကြည့်တာပါ။ သဘောထားကိုလည်း ရှင်းပြတာ။ သိချင်တာပေါ့ ။” ဟု သဘာ၀တရားရိပ်သာ ဘုန်းကြီးက ဆိုသည်။

သဘာ၀တရားရိပ်သာ ဆရာတော်သည် NLD နာယက ဦးတင်ဦးကို သွားရောက်တွေ့ဆုံမှုသည် စစ်တပ်ကို ကိုယ်စားပြု သွားရောက် တွေ့ဆုံခြင်း ဟုတ်၊ မဟုတ် မသိရှိသေးသော်လည်း စစ်တပ်၏ ခွင့်ပြုချက်မရှိဘဲ NLD နာယက ဦးတင်ဦးကဲ့သို့ အရေးကြီးသည့် ခေါင်းဆောင်မျိုးကို တွေ့ဆုံခွင့်ရရန် မလွယ်ကူကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခွင့်ရရန် ကြိုးပမ်းနေသည်ဟု ထုတ်ဖော်ပြောဆိုနေခြင်းကလည်း ထူးခြားကြောင်း၊ ဖြစ်နိုင်သည်က စစ်တပ်အကျိုးစီးပွားအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နားချရန် ဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။

ယမန်နှစ် ထိုင်းနိုင်ငံ၊ မဲဆောက် မယ်ပတွင် သဘာ၀ တရားရိပ်သာ ဘုန်းကြီးက ဖွင့်လှစ်ထားသော တရားရိပ်သာတွင် စစ်တပ်ထောက်လှမ်းရေးများ လက်ခံထားစဉ် ထိုင်းရဲက ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုစစ်ထောက်လှမ်းရေးများက ထိုင်းနိုင်ငံအတွင်း တော်လှန်ရေးသမားများ၏ သတင်းကို စုံစမ်းရန် ရောက်ရှိခဲ့သည်ဟု ထိုင်းသတင်းဌာနများက သတင်းဖော်ပြခဲ့ကြသည်။

သို့ရာတွင် သဘာ၀ တရားရိပ်သာ ဘုန်းကြီးနှင့် ရိပ်သာဘက်ကမူ စစ်ထောက်လှမ်းရေးများကို လက်ခံခြင်းနှင့် ဖမ်းဆီးရမိခြင်း မဟုတ်ကြောင်း တရားဝင် ငြင်းဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article