26 C
Yangon

တနင်္သာရီတွင် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းပြီး ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီး၊ ထောင်နှင့်ချီသော စစ်ရှောင် ပြည်သူများ ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေ

Must read

ရန်ကုန်၊ ဇွန် ၁၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ​်ကြောင်းထိုး စီးနင်းပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးမှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ‌ခန့်တွင် တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုထဲကို အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ဖြင့် ခြေလျင် စစ်ကြောင်းထိုးစီးနင်းပြီး ကျွဲသုံးပေါင်တောင်ကြော က အမျိုးသား ၄ ဦးကို ဖမ်းခေါ်သွားကြောင်းသိရသည်။

“စစ်တပ်က ဖမ်းဆီးသွားတဲ့ ပြည်သူ ၄ ဦး က တောင်ပေါ်မှာ ခြံလုပ်နေတဲ့သူတွေ စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတာ လက်နောက်ပြန်ကြိုးတုတ်ပြီး မျက်နှာတွေမှာ အဝတ်မည်းတွေနဲ့အုပ်ပြီးဖမ်းခေါ်သွားတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ပနပ်ငယ်ရွာ ရေတံခွန်အနီးရှိ အမျိုးသား ၁ ဦးကိုလည်း ထပ်မံဖမ်းခေါ်သွားကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသည့် အမျိုးသား ၅ ဦးနှင့် အတူ ဘန်းလမွတ်ရွာထဲ ဝင်လာသည့် ရွာသားများကိုလည်း လမ်းဘေးခေါ်ထုတ်ကာ လက်မြှောက် ဒူးထောက် ထိုင်ခိုင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူ ၁၆၀၀ ကျော်ရှိကာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများအရေးတကြီး လိုအပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

မြို့နယ်အတွင်းလက်ရှိ တိုက်ပွဲဖြစ်ပွားလျက်ရှိသော အရှေ့မော်တုန်း၊ အနောက်မော်တုန်း၊ ကမ်းတို၊ ရမ်းဖို ကျေးရွာများမှ ပြည်သူများသည် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်လျက်ရှိပြီး တခြားရွာမှ လာရောက်စစ်ဘေးရှောင်သူ အနည်းအကျဥ်းသာရှိကြောင်းသိရှိရသည်။

“အခုမိုးကစရွာနေပြီ။ ကျွန်မတို့မှာဘာမှမရှိသေးဘူး။ ရိက္ခာအတွက်ဆိုရင် သူတို့က ဆန်၊ ဆီ၊ ဆေး၊ ဆားလောက်ရရင်ကိုအဆင်ပြေပြီလို့ပြောတယ်။ ကျန်တာကတော့ တောထဲရှိတာရှာကြံစားကြလို့ရတယ်တဲ့။ ဒါပေမယ့်အဲဒါတောင် မရှိသေးဘူးဖြစ်နေတာ” ဟု စစ်ရှောင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ဘေးရှောင်ပြည်သူများသည် တောတောင်များနှင့် ဥယျာဥ်ခြံများထဲတွင် ယာယီတဲများ ထိုးပြီး နေထိုင်ကြသော ကြောင့် အမိုးအကာများ ရာနှင့် ချီလိုအပ်နေပြီး ဆေးဝါးကြိုတင် စုဆောင်းထားမှုများ မလုပ်နိုင်သေးကြောင်း သိရှိရသည်။။

“တချို့တဲတွေကအမိုးပဲရှိတယ်။ နံဘေးအကာမရှိဘူး။ မိုးတွင်းဘယ်လိုမှအဆင်မပြေဘူး။ တာလပတ်တွေအများကြီးလိုမယ်။ ပြီးတော့ဖျားနာတာနဲ့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် လိုအပ်တာတွေ ကြိုစုထားဖို့တော့သေချာပေါက်လိုတယ်” ဟု စစ်ရှောင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

နွေဦး စစ်ဘေးရှောင် ကူညီရေးအဖွဲ့သည် လက်ရှိတွင် လူမှုကွန်ရက် စာမျက်နှာမရှိသောကြောင့် လိုအပ်တဲ့ စားနပ်ရိက္ခာများကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ကူညီလှူဒါန်းပေးနေပြီး တခြား စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေမှလည်း တဆင့် ကူညီလှူဒါန်းမှုများ ရှိကြောင်း သိရသည်။

တနင်္သာရိမြို့နယ်တစ်ခုလုံးတွင် ပြီးခဲ့တဲ့မေလအတွင်းက အမြဲတမ်း စစ်ရှောင် အပါအဝင် စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၅၀၀၀ ကျော်ခန့်ရှိတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့စာရင်းတွေအရသိရှိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article