25 C
Yangon

အကြမ်းစစ်ကောင်စီကို ကူညီနေသည့် ရုရှားနိုင်ငံကို NUCC က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး စစ်လက်နက်နှင့်ထောက်လှမ်းရေး နည်းပညာများ ပံ့ပိုးမှု ရပ်ဆိုင်းရန် သတိပေး

Must read

ရန်ကုန် ၊ ဇွန် ၁၀

မြန်မာပြည်သူများကို နည်းမျိုးစုံဖြင့် ရက်စက်စွာ သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီကို ထင်ရှားစွာ ပံ့ပိုးကူညီနေသည့် ရုရှားနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး မြန်မာစစ်တပ်သို့ စစ်လက်နက်ပစ္စည်းများ၊ စစ်ထောက်လှမ်းရေးနည်းပညာများ ပံ့ပိုးမှုများကို ရပ်ဆိုင်းရန် သတိပေးကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) ယနေ့ ဇွန် ၁၀ ရက်နေ့တွင် တရားဝင်ကြေညာသည်။

ရုရှားနိုင်ငံသည် ၂၀၀၇ ခုနှစ်ကတည်းက ကုလသမဂ္ဂ ညီလာခံ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံး၍ ပယ်ဖျက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံကို စစ်လက်နက်မရောင်းရန် သဘောတူညီချက်ကို လက်မှတ်မရေးထိုးခြင်း၊ စစ်လက်နက်များ ဆက်လက်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ယခု ၂၀၂၃ ခုနှစ် မေလတွင် ရုရှားအောက် လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်နှင့် ရုရှားနိုင်ငံတို့ အကြား လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် နှစ်ဖက်နားလည်မှု စာချွန်လွှာရေးထိုးပြီး ဆောင်ရွက်နေခြင်းများကို တွေ့ရှိရကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် မင်းအောင်လှိုင်ကို နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မှုပံ့ပိုးခြင်းများလည်း လုပ်ဆောင်နေပြီး အဆိုပါ လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံအတွင်းသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်သည့်လက္ခဏာ ဆောင်သောကြောင့် အမြန်ဆုံး ရပ်တန့်ရန် လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။

ရုရှားနိုင်ငံအနေနှင့် မြန်မာ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျုးလွန်ရာတွင် အသုံးပြုနေသည့် စစ်လက်နက်ပစ္စည်းများနှင့် စစ်ထောက်လှမ်းရေးအတွက် ပံ့ပိုးမှုများ ရပ်ဆိုင်းရန် သတိပေးကြောင်း၊ စစ်အာဏာသိမ်းကာလအတွင်း ပြည်သူများကို ပိုမိုဆိုးရွားစွာ အကြမ်းဖက် သတ်ဖြတ်နေပြီး လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၌ တရားစွဲဆိုခံထားရသည့် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆက်ဆံနေခြင်းသည် မြန်မာပြည်သူပြည်သားများအပေါ် နှိပ်စက်ညှင်းပန်းမှုကို အားပေးထောက်ခံခြင်း ဖြစ်သည့်အပြင် ရုရှားအနေနှင့်လည်း နိုင်ငံတကာ စည်းမျဉ်းများနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ကာ ယူကရိန်း နိုင်ငံကို မတရား‌ကျူးကျော် ရန်စ သိမ်းပိုက်ရန် ကြံစည်နေသည့်အတွက် NUCC က ရှုတ်ချထားသည်။

ထို့ပြင် ရုရှား၏ စစ်ကောင်စီအပေါ် သံတမန်ရေး ၊ စစ်ရေးအားပေးကူညီမှုသည် အာဆီယံနှင့် သဘောတူညီထားချက်များကို စစ်အုပ်စုက ပို၍ မထေမဲ့မြင်ပြုနိုင်စေရန် ပံ့ပိုးမှုများဖြစ်စေပြီး ဒေသတွင်းရှိ အခြားသော နိုင်ငံများအနေဖြင့် မြန်မာ့နိုင်ငံရေး ဖြေရှင်းမှုအတွက် ဆောင်ရွက်နေမှုများကို ပျက်ပြားစေပြီး မြန်မာပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ၊ လူအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုများ ပိုမိုကျူးလွန်နိုင်ရန် ရုရှားနိုင်ငံအနေဖြင့် ဖန်တီးပေးနေခြင်း ဖြစ်ကြောင်း၊ ပြည်သူများ ရင်ဆိုင်နေရသည့် အသက်ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခကို ပိုမိုခက်ခဲကြာရှည်အောင် ရုရှားနိုင်ငံနှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း NUCC က ထောက်ပြသည်။

ရုရှားနိုင်ငံအနေနှင့် မြန်မာ့အရေးကို အမှတ်တကယ် ပြေလည်လိုသည့် စိတ်စေတနာထက် အာဆီယံဒေသကို ထိန်းချုပ်လိုသည့် ပထဝီနိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်ပျက်ပြားစေသည့်အတွက် ရုရှားနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article