32 C
Yangon

စစ်ကောင်စီဟာ တရားမဝင် အကြမ်းဖက်အဖွဲ့ဖြစ်လို့ မကောင်းသတင်းနဲ့ပဲ ကျော်ဇောမှာပါ

Must read

စစ်ကောင်စီဟာ တရားမဝင် အကြမ်းဖက်အဖွဲ့ဖြစ်လို့ မကောင်းသတင်းနဲ့ပဲ ကျော်ဇောမှာပါ

By လမ်းသစ်

ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တာ၊ မျက်စိပိတ် နားပိတ် တိုင်းပြည်ကို အလုံပိတ်ထားချင်တာဟာ အာဏာရှင်တွေရဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။ မင်းအောင်လှိုင်တို့ အာဏာသူခိုး စစ်အုပ်စုကို ကြည့်ရင်လည်း ဒီဓလေ့ဟာ အထင်းသား မြင်တွေ့ရမှာပါ။

ခေတ်ကာလတွေ ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ နည်းပညာတိုးတက်မှုတွေ ရှိနေတဲ့အပြင် ပြည်သူတွေကလည်း အရပ်သားအစိုးရ လက်ထက်မှာ မျက်စိပွင့် နားပွင့် နေခဲ့ဖူးပြီးပြီ ဖြစ်တဲ့အတွက် စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ ဓလေ့ကို ဆက်ထိန်းထားဖို့ ခက်ခဲလာပါပြီ။

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းစီးဆင်းမှု ရပ်တန့်စေဖို့ မီဒီယာဖိနှိပ်မှု အမြောက်အမြား လုပ်ခဲ့ပေမယ့် သတင်းသမားများစွာဟာ မြန်မာပြည်က ထွက်ခွာပြီး တိုင်းပြည်ပြင်ပကနေ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ တိုင်းပြည်တာဝန်ကို ယူထားရတဲ့ သူတို့စစ်တပ်ကို ပြည်တွင်းပြည်ပ မီဒီယာတွေက နည်းမျိုးစုံနဲ့ တိုက်ခိုက်နေကြတယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက စစ်ကောင်စီ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ညွှန်ကြားရေးမှူးရုံး ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ပြောခဲ့ပါတယ်။

တကယ်တမ်း အာဏာသိမ်းစစ်တပ်က သူတို့ရဲ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ ပြည်သူတွေကို ဘယ်လိုသတ်ဖြတ်တယ်၊ တိုင်းပြည်ကို ဘယ်လိုချောက်ထဲ ဆွဲချနေတယ်ဆိုတာ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး သိကြပေမယ့် အာဏာရူးကတော့ ရပ်ကွက်ထဲလှည့်ပြီး အာသာပြေအောင် မုသားဆိုနေတုန်းပါပဲ။

အာဏာရူးရဲ့နောက်ဆွဲ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းကလည်း သူတို့ရဲ့ အာဏာသိမ်းစစ်တပ်ဟာ မီဒီယာအနိုင်ကျင့်ခြင်း ခံနေရပါတယ်လို့ အင်ဒိုနီးရှား ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တိုင်ပြောခဲ့ပါတယ်။

“နိုင်ငံတော်မီဒီယာအနေနဲ့ သတင်းအမှန်တွေကို အချိန်နဲ့တပြေးညီ ဖြန့်ချိလျက်ရှိတယ်။ MRTV ရှိမယ်။ အွန်လိုင်းမှာလည်း အင်တာနက်သုံးပြီးတော့မှ သတင်းအမှန်တွေကို အမြဲတမ်း Public ကို သိအောင်လို့ ချပြလေ့ရှိတယ်။ ဒါပေမယ့် ဝမ်းနည်းဖွယ်ရာကောင်းတာက ကျနော်တို့က မီဒီယာအနိုင်ကျင့်ခြင်း ခံရတယ်လို့ ပြောရမလား မသိပါဘူး”

“ဖေ့စ်ဘုတ်မှာဆိုရင် MRTV followers များတော့ ဖေ့စ်ဘုတ်ကနေ ဖယ်ရှားခြင်းခံရပါတယ်။ သတင်းအတု သတင်းအမှားတွေ ဖော်ပြတဲ့ မီဒီယာတွေကတော့ တစ်ခါမှ ဖယ်ရှားခြင်းမခံရပါဘူး။ ကျနော်တို့ကို ချောက်ထဲတွန်းချသလို ခံစားရပါတယ်”လို့ သူက ပြောခဲ့တာပါ။

တိုင်းပြည်ချောက်ထဲဆွဲချသူများ အဖွဲ့ဝင်တစ်ယောက်ရဲ့ ရင်ဖွင့်စကားသံကို ကြားပြီး ပြည်သူတွေကတော့ ရယ်မိကြမှာ အမှန်ပါပဲ။

တကယ်တမ်း အာဏာသိမ်း စစ်အုပ်စုလက်ထက်မှာ သတင်းသမား ၁ဝဝ ကျော် ဖမ်းဆီးခံခဲ့ရပြီး သတင်းဌာန ၂ဝ နီးပါးကို လိုင်စင်ပိတ်သိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ သတင်းမီဒီယာတွေ ရုံးဆိုက်ရာ နေရာတွေကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဧရာဝတီတိုင်းမ် (Ayeyarwaddy Times) သတင်းဌာနကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ ရေးသားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မီဒီယာတွေကို ဘယ်လိုပဲ လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းပါစေ.. သတင်းတွေကတော့ ဆက်လက် စီးဆင်းနေမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ဝါဒဖြန့်ဖို့အတွက် မင်းအောင်လှိုင် စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ အမည်ခံ သတင်းမီဒီယာကောင်စီဟာ နိုင်ငံတကာ မီဒီယာဖိုရမ်တွေကို တက်ရောက်ခဲ့ပါသေးတယ်။

တကယ်တမ်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် သတင်းသမားအားလုံးဟာ ကောင်စီကနေ နုတ်ထွက်ခဲ့ကြပြီး ဖြစ်ပါတယ်။

ပြည်တွင်းမှာ မကြာခဏဆိုသလို စစ်တပ် လက်ပါးစေ သတင်းသမား အတုအယောင်တွေနဲ့ သတင်းစာရှင်းလင်းပွဲတွေ လုပ်ခဲ့ပေမယ့်လည်း ဘယ်သူကမှ အဖတ်မလုပ်ကြပါဘူး။

စစ်ကောင်စီရဲ့ ၁၃ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာဆိုရင် အကြမ်းဖက် ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာ ၇ ခုကို NUG ဘောမ မီဒီယာတွေလို့ စွပ်စွဲခဲ့ပါတယ်။ Mizzima၊ ဧရာဝတီတိုင်းမ်၊ Myanmar Now ၊ RFA ၊ DVB ၊ ဧရာဝတီ၊ နဲ့ ခေတ်သစ် မီဒီယာတို့ကို သူက ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါလိမ့်မယ်။

“အဘဘောမ မီဒီယာ၊ အဘဘောမ မီဒီယာသမားဆိုပြီး အဲ့လိုရေးနေတဲ့ ပြည်ဖျက်မီဒီယာတွေကို ကျနော်ပြောချင်တယ်။ ပကတိအခြေအနေကို မျက်ကွယ်ပြုပြီး ခင်ဗျားတို့လုပ်နေတဲ့ လုပ်ရပ်တွေ၊ သွေးထိုးလှုံ့ဆော် နေတာတွေကလည်း ဒီဘက်ကပြောသလို ပြောရရင် အကြမ်းဖက်အဖွဲ့ NUG ကို အနူကြီးဆိုပြီး ပြောနေတာရှိတယ်”

“ကိုယ့်ကိုကိုယ်ပြန်သုံးသပ်။ ခင်ဗျားတို့ကလည်း အကြမ်းဖက် NUG ဘောမ မီဒီယာ ဖြစ်နေတာလား၊ တနည်းအားဖြင့် အနူကြီးဘောမ မီဒီယာ ဖြစ်နေတာလား” လို့ သူက ပြောခဲ့တာပါ။

စစ်အုပ်စုဟာ သတင်းမှန် စီးဆင်းမှုကို စစ်တပ်လော်ဘီ အကောင့်တုတွေနဲ့ တုန့်ပြန်ဖို့ ကြိုးစားပေမယ့် ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာကနေ မကြာခဏ ဖြုတ်ချခံနေရပါတယ်။

ဒါကြောင့် ဖေ့စ်ဘုတ်လောက် ကန့်သတ်ပိတ်ပင်မှု မရှိသလို ချန်နယ်ဖြုတ်ချခံရမှုလည်း နည်းပါးတဲ့ Telegram ကို စစ်လောဘီ ဝါဒဖြန့်ချိရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးလာပါတယ်။

Telegram ပလက်ဖောင်းမှာ ဝါဒဖြန့်ချိရေးနဲ့ မမှန်မကန် သတင်းတွေအပြင် ပြည်သူတွေရဲ့ လူမှုကွန်ရက် အကောင့်တွေကနေ ရရှိလာတဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို မျှဝေပြီး ဖမ်းဆီးခိုင်းတာတွေကိုလည်း စစ်လော်ဘီတွေက လုပ်ဆောင်လာကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပန်ဆယ်လိုရဲ့ Post အောက်မှာ “သမီးလေးပန်ပန် မိသားစုအားလုံး ကျန်းမာပါစေ” လို့ မှတ်ချက်ရေးသားမိခဲ့တဲ့ နေပြည်တော်ကောင်စီက ပြည်သူတစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဒါဟာ ပြည်သူတွေအနေနဲ့ ဘယ်လောက်တောင် ကန့်သတ်ပိတ်ပင် ခံထားရသလဲဆိုတာ ပြသနေတာဖြစ်သလို ငွေညှစ်ချင်တို့ တမင်လုပ်တာလို့ တချို့က မှတ်ချက်ပေးကြပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ရာဇဝတ်မှုကြီးဖြစ်တဲ့ ပဇီကြီး လေကြောင်း တိုက်ခိုက်မှုအပြီး လူမှုကွန်ရက် စာမျက်နှာမှာ အနက်ရောင် ပရိုဖိုင်ပြောင်းလိုက်လို့ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် မေပန်းချီကိုလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ မေပန်းချီကဲ့သို့ အလားတူ တရားစွဲဆိုခံထားရသူတွေလည်း ရှိနေပါသေးတယ်။

ဒါ့အပြင် စစ်တပ် အကြီးစားထောက်ခံသူ အဆိုတော် လီလီကျော်နိုင် သေဆုံးတဲ့ သတင်းမှာ love react ပေးတာခဲ့တာကြောင့် စစ်လော်ဘီ Telegram Channel တွေမှာ ဖမ်းဆီးဖို့ တိုက်တွန်းခံရပြီးတဲ့နောက် တေးရေး အောင်နိုင်စန်းဟာ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ ဒါတွေဟာ သာဓကအနေနဲ့ ဖော်ပြတာဖြစ်ပြီး အလားတူ ဒီမိုကရက်တစ် မီဒီယာသမားတွေအပေါ် စစ်အုပ်စုရဲ့ ဖိနှိပ်ရက်စက်မှုတွေက လွန်စွာပဲ များပြားလှပါတယ်။

ပြန်ချုပ်ရမယ်ဆိုရင် မီဒီယာအနိုင်ကျင့်ခြင်း ခံနေရပါတယ်ဆိုတဲ့ အာဏာရူး စစ်အုပ်စုဟာ တိုင်းပြည်အတွင်းမှာ ဘယ်လောက်ထိ ရမ်းကားနေလဲဆိုတာ ပြည်သူတွေရော ကမ္ဘာကြီးပါ သိပြီးသား ဖြစ်ပါတယ်။

အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီး အေးချမ်းတယ် ဆိုတဲ့ စကားရှိပေမယ့် လက်နက်ကိုင်ထားတဲ့ အာဏာရူးအုပ်စုကတော့ တစ်နိုင်ငံလုံးကို ဖျက်ဆီးနေတာမို့ သတင်းမီဒီယာတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် လုပ်ရပ်တွေကို ဆက်လက်ဝေဖန် ရေးသားနေရမှာ ဖြစ်ပါတယ်။

မီဒီယာအနိုင်ကျင့်တာလည်း မဟုတ်ပါ၊ မကောင်းတဲ့ အဖွဲ့အစည်းမို့ မကောင်းသတင်းနဲ့ ကျော်ဇောတာပဲ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article