ကရင်နီပြည်နယ်၊ စစ်ကောင်စီစခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲများကြောင့် စစ်ဘေး ဒုက္ခ သည် ၃၀၀၀ ကျော် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာ
ရန်ကုန်| ဇွန် ၁၄
မြန်မာဘက်ခြမ်းတွင် တိုက်ပွဲကြောင့် စစ်ဘေး ဒုက္ခသည် ၃၀၀၀ ကျော် သည် ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး မယ်ဟောင်ဆောင် ခရိုင်ရှိ ယာယီ စစ်ဘေးရှောင် စခန်းကို လာရောက် ခိုလှုံနေကြောင်း ထိုင်းအခြေစိုက် AEC อาเซียน News သတင်းဌာန က ဖော်ပြသည်။
မြန်မာ-ထိုင်း နယ်နမိတ်ခြင်း ထိစပ်နေသည့် ကယားပြည်နယ် နယ်မြေအတွင်း ယခုရက်ပိုင်း လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော KNDF နှင့် PDF ပူးပေါင်း တပ်ဖွဲ့တို့ သည် ဘန်မဲချောင်း ရဲစခန်းနှင့် အခြား စစ်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့သည်။
နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေရာမှ မယ်ဟောင်ဆောင်သို့ မြန်မာစစ်ပြေး ဒုက္ခသည်များ အများ အပြား ဝင်ရောက် ခိုလှုံလာခြင်း ဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် လူမှုကွန်ရက် စာမျက်နှာ၌ AEC อาเซียน News က ဖော်ပြသည်။
ကယားပြည်နယ် ဖယ်ခုံ စစ်ဘေးရှောင် ကူညီနေသူ တစ်ဦးက “ထိုင်းသတင်းတွေမှာ ဖော်ပြထားတဲ့ စစ်ဘေးရှောင် ၃၀၀၀ ကျော် ဆိုတဲ့ အရေ အတွက်က နည်းနေပါသေးတယ်။ မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်”ဟု ပြောသည်။
လက်ရှိတွင် မယ်ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ Chettha Mosikarat က ကယားပြည်နယ် နယ်မြေ အတွင်း တိုက်ပွဲများကြောင့် ရောက်ရှိနေသည့် ခိုလှုံရန် ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေး ဒုက္ခသည် ၃၃၄၂ ဦးကို ယာယီ ဘေးကင်းရာ နယ်မြေတွင် လက်ခံပေးထားကြောင်း ထိုင်းသတင်းများက ရေးသားထားသည်။
ကယားပြည်နယ်တွင် လက်ရှိအချိန် အထိ နှစ်ဖက်တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ပစ်ခတ်နေသည့် လက်နက်ကြီးများ ကျရောက်နေ၍ မိုးထဲလေထဲ ဒေသခံ စစ်ဘေးရှောင် ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး အများစုသည် ထိုင်းဘက်ခြမ်းကို ယခုထက် ထွက်ပြေးတိမ်းရှောင်လာနိုင်ကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့် အဖွဲ့စည်းများက ပြောသည်။