ကန့်ဘလူမြောက်ခြမ်းကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာပြီး ရှမ်းကုန်းရွာကို မီးတင်ရှို့နေ၊ ကျေးရွာ ၁၂ ရွာ ကျော်မှ ပြည်သူများ ထွက်ပြေးနေရ
ရန်ကုန်၊ ဇွန်လ ၁၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာပြီး ရှမ်းကုန်းရွာကို မီးတင်ရှို့နေကာ ကျေးရွာ ၁၂ ရွာကျော်မှ ပြည်သူထောင် ပေါင်းများစွာ ထွက်ပြေးနေရကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။
ယနေ့ ဇွန်လ ၁၄ ရက်နံနက်ပိုင်းက စတင်ပြီး ဇွန်လ ၉ ရက်နေ့ကတည်းက ဝင်ရောက်လာသော အင် အား ၁၀၀ ကျော်ပါ ခမရ ၃၆၁ နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ချပ်ကြီးကျေးရွာမှ တဆင့် ဇင်းရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးကာ ရှမ်းကုန်းရွာကို ဝင်ရောက်မီးရှို့နေကြောင်း၊ ကျွန်းလှမြို့ နယ်ဘက်မှ ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်သား၊ ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ထန်းပင် ကုန်းရွာဘက်သို့ စစ်ကြောင်းထိုးနေကြောင်း၊ ကန့်ဘလူမြို့မှ ထွက်လာသော အင်အား ၈၀ ခန့်ပါ စစ် ကြောင်းသည် ထန်းပင်ကုန်းရွာသို့ ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာလဲ မရှိဘူး၊ ဓားစာခံဖမ်းခံရတာတော့ မကြားမိသေးဘူး။ ရှမ်းကုန်းရွာမှာ မီးရှို့နေတဲ့ အခြေအနေက လွန်ခဲ့တဲ့ ၁ နာရီလောက်က မီး တောက်မြင်ရသေးတယ်၊ အခုတော့ မမြင်ရတော့ဘူး၊ စစ်ကြောင်းကလည်း ရွာက မထွက်သေးဘူး၊ ကျွန်းလှကနေ ထွက်လာတဲ့ စစ်ကြောင်းက ထန်းပင် ကုန်းရွာကို ဦးတည်နေတယ်ဆိုပေမယ့် ရွာထဲမဝင်သေးဘူး၊ ထွက်ပြေးနေရတဲ့ရွာကတွေကတော့ ၁၂ ရွာ ကျော်တယ်၊ စစ်ကြောင်းက ၃ ကြောင်းထိုးနေတာအပြင် ဘယ်ကို လှည့်ဝင်မလဲ မသိရသေးတော့ အနီး အနားကျေးရွာတွေက အကုန်ပြေးနေရတာ” ဟု Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။
အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများဝင်ရောက်နေမှုကြောင့် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိကျေး ရွာများဖြစ်သော ကြာတကန်၊ ထန်းပင်ကုန်း၊ ပင်းတည်း၊ ဟင်းဖြူတော၊ ရှမ်းကုန်း၊ အင်းမ၊ ဖလားရ၊ချောင်းကြား၊ ပင့်သာ၊ ပိတောက်ပင်၊ အုတ်ခင်းနှင့် နဂါးပေါ်ရွာစသည့် ကျေးရွာများမှ ပြည်သူများမှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
Photo – ကန့်ဘလူမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်း ဝင်ရောက်စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ