ဂန့်ဂေါမှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ရဲစခန်းအချုပ်ခန်းထမှ မြို့ပြင်ကိုထုတ်ပြီး စစ်တပ်က ပစ်သတ်၊ ထန်းတပင်မြို့နယ်မှာ ညောင်ရိုးကျေးရွာသားကို ရဲတွေက ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်
ရန်ကုန်၊ ဇွန် ၁၆
မကွေးတိုင်း၊ ဂန့်ဂေါရဲစခန်းမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားနှစ်ဦးကို စစ်ကောင်စီ က ဇွန် ၁၁ ရက်နေ့မှာ ရဲစခန်းအချုပ်ခန်းထဲကနေ မြို့ပြင်ခေါ်ထုတ်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
” မြို့ပေါ်ဘီယာဆိုင်ပိုင်ရှင်ပျူစောထီးလည်းပါတယ်။ သတ်တဲ့အဖွဲ့ထဲမှာ။ ဂန့်ဂေါ အနောက်ဖက်ကိုကားနဲ့ခေါ်ထုတ်ပြီးပစ်သတ်တာ” လို့မြို့ခံတဦးကပြောပါတယ်။
သတ်ဖြတ်ခံလိုက်ရသူတွေဟာ လွန်ခဲ့တဲ့ ၂ လလောက်မှာ နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဇဟောရွာသားတဦးနှင့် ဂန့်ဂေါမြို့ပေါ် ခင်သာရပ်ကွက်သားတဦးဖြစ်တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ သူတို့နှစ်ဦးကို ဂန့်ဂေါမြို့နဲ့ ပျားရွာကြားမှာ ပစ်သတ်သွားတာ ဖြစ်ပြီး မိုးကောင်းသုသာန်မှာချက်ခြင်းသဂြိုလ်ခဲ့တယ်လို့သိရပါတယ်။
ဂန့်ဂေါမြို့ပေါ်က စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဧပြီလကလည်း နိုင်ငံရေးအကျဥ်း သားတဦးကို ခုလိုပဲ မြို့ပြင်ခေါ်ဆောင်သတ်ဖြတ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းဒေသခံပြည်သူ ၃၀၀ ဝန်းကျင်ဟာ စစ်ကောင်စီ နဲ့ပျူစောထီးတွေရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ စစ်တမ်းတွေနှင့် မီဒီယာမှတ်တမ်း တွေအရ သိရပါတယ်။
အလားတူ ဇွန်လ ၁၃ ရက်နေ့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ဘောလယ်ကျွန်း၊ နဲသမိန်ကျေးရွာ မှ ကျေးရွာသား ၄ ဦးကို ရဲတွေက မသင်္ကာလို့ဟုဆိုကာ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ပါတယ်။ အဲဒီလို နှိပ်စက်လို့ ရွာသား ၁ ဦး သေဆုံးသွားခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့ လက်အောက်ခံ နဲသမိန်ရဲကင်းမှ ရဲတွေက ကရင်ချောင်ကျေးရွာမှ ရွာသား ၃ ဦး ၊ ညောင်းရိုးရွာမှ ရွာသား ၁ ဦး စုစုပေါင်း ၄ ဦးကို ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ရာမှ နှိပ်စက်ခံ ညောင်ရိုးရွာသားမှာ ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ သေဆုံးသွားပါတယ်။
ဖမ်းဆီးခံ ရွာသား ၄ ဦးကို ရဲတွေက မတရားညှင်းပန်း ရိုက်နှပ်နှိပ်စက်ခြင်း ၊ဆေးလိပ်မီးတွေနဲ့ တို့ခြင်း ၊ရင်ဝကို စစ်ဖိနပ်နဲ့ကန်ခြင်းများ ပြုလုပ်ရာမှ ညောင်ရိုးရွာသားဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာများရရှိပြီး သေဆုံးသွားတာလည်းဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ညောင်ရိုးရွာသားရဲ့ ရုပ်အလောင်းကို နဲသမိန် တိုက်နယ်ဆေးရုံသို့သယ်ဆောင်ပြီး ရင်ခွဲရုံမှာ ရင်ခွဲ စစ်ဆေးကြည့်ရာမှာ နံရိုးကျိုးပြီး အသည်းကို နံရိုးစိုက်၍ သေဆုံးသွားတာလို့ သိရပါတယ်။
ရဲတွေ နှိပ်စက်လို့ သေသွားတဲ့ ညောင်းရိုးကျေးရွာသား သတင်းကို ပြင်ပသို့ပေါက်ကြားမှုမရှိ စေဖို့ စစ်တပ်နဲ့ရဲတွေက ဒေသပြည်သူတွေကို ခြိမ်းခြောက် သတင်းဖုံးအုပ်ထားပါတယ်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူတစ်ဦးကို ရဲတွေက ရိုက်နှက်နေစဉ်။ (ပုံအဟောင်းဖြစ်သည်။)
Photo – AFP