26 C
Yangon

အကြမ်းဖက် စစ်အုပ်စုထံ ဩစတြီးယားကုမ္ပဏီက စစ်ထောက်လှမ်းရေး လေယာဉ်အစိတ်အပိုင်း တပ်ဆင်ခြင်းနဲ့ နည်းပညာများ ကူညီပံ့ပိုးနေ

Must read

အကြမ်းဖက် စစ်အုပ်စုထံ ဩစတြီးယားကုမ္ပဏီက စစ်ထောက်လှမ်းရေး လေယာဉ်အစိတ်အပိုင်း တပ်ဆင်ခြင်းနဲ့ နည်းပညာများ ကူညီပံ့ပိုးနေ

ရန်ကုန်၊ ဇွန် ၁၆

အကြမ်းဖက် စစ်ကောင်စီထံ ဩစတြီးယား နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Diamond Aircraft Industries က အီးယူရဲ့ လက်နက်ပိတ်ဆို့ ကန့်သတ်မှုတွေကြားထဲက စစ်ဘက်ဆိုင်ရာ နည်းပညာ လွှဲပြောင်း ပေးအပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။

ဩစတြီးယားကုမ္ပဏီ Diamond Aircraft Industries နဲ့ မြန်မာစစ်ကောင်စီ အကြား မြန်မာနိုင်ငံအတွင်း DART-450 လေယာဉ်တပ်ဆင်ရေးနဲ့ ထုတ်လုပ်ရေးစီမံကိန်း ကိစ္စရပ်တွေမှာ ပူးပေါင်းပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေကို အကြမ်းဖက် စစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ လေယာဉ်တွေထဲက DART-450 လေယာဉ်တွေ ကိုအသုံးပြုနိုင်ရေး ကိစ္စရပ်တွေမှာ အဓိက ကူညီပံ့ပိုးခဲ့တာလည်း ဖြစ်ပါတယ်။

DARR-450 လေယာဉ်တွေဟာ စစ်ကောင်စီအတွက် ဝေဟင်ကနေ ထောက်လှမ်းရေး ကိစ္စရပ်တွေမှာ အဓိက အသုံးချနိုင်တာကြောင့် မြန်မာပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နိုင်ဖို့ အထောက်အကူ ပြုစေတာပဲ ဖြစ်ပါတယ်။

ဒီလေယာဉ်တွေနဲ့ ပတ်သက်ပြီး နည်းပညာ ရောင်းချလွှဲပြောင်းရေး သဘောတူညီချက်အရ Diamond Aircraft Industries က မြန်မာစစ်အုပ်စု အတွက် လေယာဉ်အစိတ်အပိုင်း ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေကို ရောင်းချပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် လေယာဉ် ပြန်လည်တပ်ဆင်ရေးနဲ့ အဓိကအစိတ်အပိုင်းတွေ ထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံကို လာရောက်ပြီး နည်းပညာ အကူအညီတွေ ပေးအပ်ခဲ့ပြီး ဩစတြီးယားနိုင်ငံမှာလည်း စစ်အုပ်စုအဖွဲ့ဝင်တွေကို လေ့ကျင့်သင်တန်းတွေ ပို့ချပေးခဲတာဖြစ်ပါတယ်။

Diamond Aircraft Industries က ဩစတြီးယားနိုင်ငံ အခြေစိုက် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး၊ ကုမ္ပဏီကို ယူကေဦးပိုင် ကုမ္ပဏီတစ်ခုကတဆင့် တရုတ် ကော်ပိုရေးရှင်း Wanfeng Aviation Industry က ပိုင်ဆိုင်ပါတယ်။

Wanfeng Aviation Industry ရဲ့ မူရင်းပိုင်ဆိုင်သူက ရှန်ကျန်း စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Zhejiang Wanfeng Auto Wheel Company Limited ဖြစ်ပါတယ်။

စစ်အုပ်စုအတွက် ပံ့ပိုးပေးမှုတွေကို ၂၀၁၇ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ကာလတွေ ကိုဗစ်ကာလတွေမှာပါ အကူအညီပေးမှုတွေ စဉ်ဆက်မပြတ်ရှိခဲ့တယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် အီးယူရဲ့ ၂၀၁၃ ခုနှစ် လက်နက်ပိတ်ဆို့မှုတွေအရ အသုံးပြုမယ့် စစ်လက်နက်တွေ၊ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေနဲ့ ပစ္စည်းကိရိယာတွေကို မြန်မာနိုင်ငံကို တင်သွင်းတာဟာ တရားမဝင်လုပ်ရပ်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရေးအရ စစ်လက်နက် နည်းပညာတွေ မျှဝေတာ၊ သင်တန်းပို့ချခြင်း တွေကိုလည်း EU က ကန့်သတ်ပိတ်ဆို့ထားမှုကို ရဲတင်းစွာ ချိုးဖောက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

Justice For Myanmar က ရရှိထားတဲ့ အချက်အလက်တွေအရ ဒီစီမံကိန်းကို အဆင့် ၆ ဆင့် နဲ့ ဆောင်ရွက်ပြီး စစ်အုပ်စုက အဓိက လေယာဉ် ပစ္စည်းအစိတ်အပိုင်းတွေနဲ့ အပိုပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ပြီး ပြည်တွင်းမှာပဲ တပ်ဆင်မယ့် DART လေယာဉ်တွေကို မြန်မာ့လေတပ်က ရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း DART 450 ထုတ်လုပ်ရေးစီမံကိန်းရဲ့ ပထမအဆင့်မှာ ၂၀၁၉ ခုနှစ်အတွင်း DART-450 လေယာဉ် ၆ စင်းကို ဩစတြီးယားနိုင်ငံမှာ ထုတ်လုပ်ပြီး၊ မြန်မာနိုင်ငံကို လေကြောင်းကနေ ထုတ်ပိုးတင်ပို့ပြီး မြန်မာနိုင်ငံမှာ အပြီးသတ် တပ်ဆင်သွားမှာဖြစ်ပါတယ်။

ဩစတြီးယားနဲ့ ဂျာမဏီနိုင်ငံတို့က ပညာရှင်တွေရဲ့ ကွင်းဆင်း ကူညီမှုတွေနဲ့ မြန်မာနိုင်ငံအတွင်းမှာ လေယာဉ်တစ်စင်းတပ်ဆင်တဲ့ လုပ်ငန်းတွေ ပြီးမြောက်ထားပြီ ဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်းမှာ နိုင်ငံပေါင်းများစွာက ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေပြီး မြန်မာနိုင်ငံ အတွင်း DART-450 စီမံကိန်းအတွက် အသုံးပြုခဲ့တဲ့ အဓိက ပစ္စည်းအစိတ်အပိုင်းတွေကို ဝင်ရောက် ရောင်းချမှုတွေလည်းရှိခဲ့တာပါ။

မြန်မာနိုင်ငံအပေါ် စစ်လက်နက်တင်ပို့မှုပိတ်ပင်ရေး ပြဌာန်းထားတဲ့ နိုင်ငံတွေမှာ အခြေစိုက်တဲ့ ဥရောပ ကုမ္ပဏီတွေလည်း ပါဝင်ပတ်သတ်ခဲ့တယ်လို့ JFM ရဲ့ အစီရင်ခံစာအရ ဆိုပါတယ်။

အဲ့ဒီ့ကုမ္ပဏီတွေဟာ ဆွမ်ဇာလမ်၊ ပြင်သစ်၊ အမေရိကန်၊ ယူကေ အစရှိတဲ့ နိုင်ငံတွေမှာ အခြေစိုက်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ အသုံးပြုမယ့် DART-450 လေယာဉ်တွေမှာ OTUS-U250 အာရုံခံကိရိယာတွေ တင်ဆင်ဖို့အတွက် Diamond Aircraft Industries နဲ့ ဆွီဒင်ကုမ္ပဏီ DST Control AB တို့ အကြား ညှိနှိုင်းဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံက မိတ္တီလာ ရှမ်းတဲလေတပ်ဌာနချုပ်မှာ DART 450 လေယာဉ်တွေ ထုတ်လုပ်တပ်ဆင်ရေးအတွက် အသုံးပြုခဲ့တဲ့ ကွန်ပျူတာ ကိန်းဂဏန်းဆိုင်ရာ ထိန်းချုပ်ရေးစက်တွေရဲ့ မူရင်းထုတ်လုပ်သူ ကုမ္ပဏီတွေကတော့ Schuko (ဂျာမဏီ)၊ Styrotec (Germany) နဲ့ Felder (ဩစတြီးယား) တို့ပဲဖြစ်ပါတယ်။

ဒီလို လုပ်ငန်းစဉ်တွေမှာ ကြားခံ ပွဲစားအဖြစ် မြန်မာခရိုနီကုမ္ပဏီ စစ်လက်နက်ပွဲစား Miya Win International က Diamond Aircraft နဲ့ စစ်ကောင်စီအတွက် ဝင်ရောက်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Miya Win International ကုမ္ပဏီဟာ chiebel Corporation ဆီက မောင်းသူမဲ့ဝေဟင်ယာဉ်တွေ ဝယ်ယူတာ၊ Axis Simulation ဆီက လေယာဉ်မောင်း လေ့ကျင့်ရေးစက်တစ်ခု ဝယ်ယူတာအပါအဝင် ဩစတြီးယားနိုင်ငံက အခြားစစ်သုံးပစ္စည်းတွေ ဝယ်ယူရေးမှာ ပါဝင်ဖူးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုကိစ္စတွေမှာ ပါဝင်ဖူးတာကြောင့် လက်ရှိမှာ Miya Win International ကုမ္ပဏီဟာ ယူကေနိုင်ငံရဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေမှ စာရင်းသွင်းခံထားရပြီး ဖြစ်ပါတယ်။

Justice For Myanmar အနေနဲ့ Diamond Aircraft Industries က စစ်အုပ်စုအပေါ် ပံ့ပိုးကူညီနေမှုအပေါ် ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထုတ်ဖော်ပြောဆိုရေးနေရာကို ပေးပို့ထားပြီး အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ တောင်းဆိုထားပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က

“လေယာဉ်တွေကို ပြည်တွင်းမှာတပ်ဆင်နိုင်ဖို့ Diamond Aircraft Industries က ပစ္စည်းတွေရောင်းချပေးအပ်ပြီး၊ မြန်မာစစ်အုပ်စုအဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ဒီဖြစ်ရပ်က သီးခြားဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် တစ်ခုထဲမဟုတ်ပါဘူး”

“ဩစတြီးယားအနေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အုပ်စုရဲ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုဆီ ပစ္စည်းကိရိယာတွေနဲ့ နည်းပညာတွေရောင်းချနေတာကို ရပ်တန့်ဖို့ ပျက်ကွက်ခဲ့တဲ့ ဖြစ်စဉ်အားလုံးရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်။ဩစတြီးယားအနေနဲ့ မြန်မာနိုင်ငံအပေါ် အီးယူပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ခဲ့သူအားလုံးအပေါ် အရေးတကြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ဖို့ လိုအပ်ပြီး၊ သူတို့ကို တာဝန်ခံမှုရှိလာအောင် အရေးယူဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article