ဒေါ်အောင်ဆန်းစုကြည် တားလိုက်ရင် တော်လှန်ရေးက ရပ်သွားမှာလား
By မောင်း
တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ပွဲအောင်ပွဲသတင်းတွေ၊ ခြေလှမ်းကောင်းတွေကို ဆက်တိုက်တွေ့ရ၊ ကြားလာရတဲ့ အခုရက်ပိုင်းထဲ ထင်မထားတဲ့ ကို့ရို့ကားယား သတင်းတချို့လည်းဖတ်ရတယ်။
ဘုန်းကြီးတပါးက ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးက အနားယူသင့်တဲ့အကြောင်း၊ သူမနား လို့ စစ်တပ်က တင်းမာနေတယ် ဆိုတဲ့အကြောင်းတွေ ပြောတယ်လို့လည်းဆိုရဲ့….။
အခုလည်း ထပ်ပေါ်လာပြန်တယ်…။ စစ်တပ်ကိုယ်စားလှယ်တဖွဲ့က နေပြည်တော်ထောင်ထဲ ဖမ်းဆီးအကျဉ်း ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ပြီး PDF တွေကို တားပေးဖို့ ပြောခဲ့သတဲ့..။
ဒီကိစ္စကတော့ သတင်းအသစ်လို့တောင် မဆိုနိုင်တော့ဘူး..။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရ ခေါင်းဆောင်တွေနဲ့ NLD ပါတီ ခေါင်းဆောင်တွေကို မတရား ဖမ်းဆီးအကျဉ်းချပြီးနောက် အာဏာသိမ်းမှု အောင်မြင်ပြီလို့ ယူဆခဲ့ကြတဲ့စစ်အုပ်စုဟာ လက်နက်ကိုင်တော်လှန်မှုတွေ ပေါ်ပေါက်လာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် မတားလို့ ဒီလိုတွေဖြစ်လာရတယ်ဆိုတဲ့ သတင်းစကား လူထုကြားထဲ ထည့်ပေးဖို့ ကြိုးစားနေတာ အကြိမ်ကြိမ်ရှိနေပါပြီ။
သူတို့ကိုယ်တိုင် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို မျက်နှာချိုသွေးလိုက်၊နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ လူထုကို အဆုံးစွန်အထိ ကြမ်းကြုတ် ရက်စက်ပြလိုက်နဲ့ နည်းပေါင်းစုံ အသုံးပြုလို့ ရည်ရွယ်ချက် အထမမြောက်ချိန်တိုင်း ဒီသတင်းစကားက ပြန်ပြန်ပေါ်လာနေကျ…။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီခေါင်းဆောင်တွေက မြှောက်ပေးလို့၊ဒေါ်အောင်ဆန်းစုကြည်က မတားလို့ အခုလို တိုက်ခိုက်သတ်ဖြတ်မှုတွေ ပေါ်ပေါက်နေပါတယ်ဆိုတဲ့ တူညီတဲ့ သတင်းစကားဟာ ပုံစံမျိုးစုံနဲ့ လူထုကြား ကို ရောက်ရောက်လာတာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်လည်း စကားလုံးအရ ဒီအတိုင်းမဟုတ်ပေမယ့် သဘောတရားအရ ဒီသဘောကို ထုတ်ပြောခဲ့ဖူးတယ်။ ဆိုတော့ စစ်အုပ်စုဟာ ဘာကြောင့် ဒီသတင်းစကားကို အကြိမ်ကြိမ်ဖြန့်ဝေ နေရပါသလဲ။
နှစ်နှစ်ကျော်အတွင်းမှာ လူပေါင်းထောင်ချီ မတရားသတ်ဖြတ်ခံခဲ့ရပြီးနောက် အခုအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည် စကားတခွန်းတည်းနဲ့ ရပ်တန့်ပစ်လိုက်ဖို့ရော ဖြစ်နိုင်ပါ့မလားဆိုတာ ဆွေးနွေးကြရအောင်ပါ။
ဒါတွေကို ဆွေးနွေးဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ လက်ရှိအခင်းအကျင်းတွေကို အရင်ဆုံး သုံးသပ်ဖို့လိုမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရှစ်လေးလုံး အရေးတော်ပုံကာလကစလို့ အခုအချိန်အထိ လူထုခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အဖြစ်ရှိနေဆဲပဲဆိုတာ ဘယ်သူမှ ငြင်းမရတဲ့အချက်ပါ။
နှစ်နှစ်ကျော်ကြာ လူထုနဲ့ အဆက်အသွယ် ပြတ်သွားအပြီးမှာတောင် လူထုဟာ သူမရဲ့ ဦးဆောင်မှုကို မျှော်လင့် တမ်းတနေကြတုန်းပဲဆိုတာ ငြင်းမရဘူး။လာမယ့် တပတ်လောက်အကြာမှာ ကျရောက်မယ့် သူမရဲ့ ၇၈နှစ်မြောက် မွေးနေ့မှာ လူထုကြားက ထွက်ပေါ်လာမယ့် သဘောထားတွေကို စောင့်ကြည့်ရုံနဲ့တင် ဒီအချက်က အထင်းသား ဖြစ်နေပါလိမ့်မယ်။
ဒါဆိုရင် အခုနေ ဒေါ်အောင်ဆန်းစုကြည်တယောက် အချုပ်အနှောင်က လွတ်မြောက်လာပြီး နိုဘယ်ဆုရှင်ကြီးပီပီ တိုက်ခိုက်သတ်ဖြတ်မှုတွေ ရပ်လိုက်ကြပါ၊ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မတိုင်မီကအတိုင်း ပြန်နေကြရအောင်လို့ ပြောလာရင် လူထုက လက်ခံနိုင်ဦးမှာလား၊
တော်လှန်ရေးအင်အားစုတွေကရော ရပ်တန့်လိုက်ကြမှာလား….။
ဒါကို ဖြေဖို့ဆိုရင် နွေဦးတော်လှန်ရေးဟာ ဘယ်သူတွေ ဦးဆောင်တဲ့ တော်လှန်ရေးလဲ ဆိုတဲ့ မေးခွန်းကို အရင်ဖြေဖို့ လိုလာမှာပါ။
သေချာတာတော့ NLD ပါတီဝင်တွေ၊ NLD ရဲ့ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေက ဦးဆောင် စတင်ခဲ့တဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာပါပဲ။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာထဲမှာ ပိတ်လှောင်ခံထားရတဲ့ NLD အမတ်တွေ ဘာလုပ်ကြရမယ်ဆိုတာ စမ်းတဝါးဝါး ဖြစ်နေချိန်ကတည်းက နိုင်ငံအနှံ့က လမ်းတွေပေါ်မှာ လူထုသပိတ်တိုက်ပွဲတွေ ရောက်နေခဲ့ကြတာပါ။ ဒီသပိတ်လှုပ်ရှားမှုတွေရဲ့ တွန်းအားနောက်ကိုလိုက်ပြီး NLD အမတ်တွေက CRPHကို စဖွဲ့ခဲ့ကြတာ။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဆိုတဲ့ CRPH ဟာ ဒီကနေ့ တော်လှန်ရေးရဲ့ အဓိကထောက်တိုင်အဖြစ် သတ်မှတ်ခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။
အဲ့ဒီလို လူထုနဲ့တွန်းအားနဲ့ စခဲ့၊ စုစည်းခဲ့၊ လူထုရဲ့ ထောက်ပံ့ပါဝင်မှုတွေနဲ့ လည်ပတ်ခဲ့၊ ဒီကနေ့အထိ လူထုရဲ့အနာခံ ပေးဆပ်မှုတွေနဲ့ပဲ တော်လှန်ရေးဟာ ဒီလောက်အထိ ခရီးပေါက်ခဲ့ရတာဖြစ်တယ်။
နွေဦးတော်လှန်ရေးဟာ NLD ပါတီရဲ့ တော်လှန်ရေး မဟုတ်သလို NUG ရဲ့ တော်လှန်ရေးလည်း မဟုတ်ဘူး။ လက်ရှိတိုက်ပွဲတွေဟာလည်း NLD ပါတီနဲ့ စစ်တပ်ကြားက တိုက်ပွဲတခုသက်သက် မဟုတ်ပါဘူး။
လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တော်လှန်ရေးချည်းပဲလည်း မဟုတ်ပါဘူး။ ဒီပွဲဟာ လူထု၊ လူတန်းစား အလွှာပေါင်းစုံ၊ လူမျိုး၊ ဘာသာ ပေါင်းစုံ၊ ပူးပေါင်းခဲ့ကြ၊ ပါဝင်နေကြတဲ့ စစ်ကျွန်ဘဝက လွတ်မြောက်ရေး ဘုံတော်လှန်ရေးတခုသာ ဖြစ်တယ်။
ဒီနေရာမှာ ကြုံတုန်းပြောရရင် တချို့က လက်ရှိတော်လှန်ရေးဟာ စစ်တပ်နဲ့ NLD ကြားက ပဋိပက္ခလို့ အခုအချိန်အထိ ပြောဆို၊ ရေးသားဖြန့်ဝေ နေကြတုန်းပဲ။ ဒီလိုဖော်ပြမှုတွေဟာ လူထုတရပ်လုံးရဲ့ တော်လှန်ရေးကို မှေးမှိန် သေးသိမ်သွားစေတဲ့ ရေးသားဖော်ပြမှုတွေလို့သာ တခါတည်း ပြောလိုက်ချင်ပါတယ်။
ဒါကိုလက်မခံနိုင်ရင် “သားတို့တိုက်စရာရှိတာတိုက်၊ ကျန်တာတွေးမနေနဲ့” လို့ PDFတွေကို ပြန်အားပေးနေတဲ့ အညာက နေစရာမရှိတော့တဲ့ အဘိုးအို၊အဘွားအိုတွေကို သွားမေးကြည့်ပေါ့၊ စားစရာမရှိတော့တဲ့ကြားက တောင့်ခံနေတဲ့ ကရင်နီလူထုတွေ၊ ကရင်လူထုတွေကို သွားမေးကြည့်ပေါ့။
သူတို့ရင်ထဲက နာကျည်းမှုတွေကို မျှဝေခံစားကြည့်ပေါ့။ ဒီကိစ္စကိုတော့ ဒီနေရာမှာ ဒီလောက်နဲ့ရပ်ခဲ့ပါ့မယ်။
မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးအဖြေရှာတိုင်းမှာ လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံထားရဆဲ ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားလို့ မရဘူးဆိုပေမယ့် ဒီလို ဘုံတော်လှန်ရေးတခုကိုရော ဒေါ်အောင် ဆန်းစုကြည်ရဲ့ နှုတ်ထွက်စကား တခုတည်းနဲ့ ရပ်တန့်ပစ်လို့ ရနိုင်ပါမလားဆိုတာ ထွေထွေထူးထူး စဉ်းစားနေဖို့တောင် လိုမယ်မထင်ပါဘူး။
ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အနေနဲ့ကရော သူအပါအဝင် သူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ အားလုံးကို ပြန်ပေးဆွဲသလို ဖမ်းချုပ်ထားပြီးမှ စစ်အုပ်စုက အကျပ်ကိုင်တဲ့ပုံစံနဲ့ အထက်စီးဆန်ဆန် “တားပေးပါ” လို့ ပြောလာတာမျိုးကို လက်ခံသဘောတူမယ်လို့ ထင်ပါသလား။
“သဘောတူလိုက်ရင်ရော”လို့ တွေးလိုက်မယ့်အစား အဲ့ဒီလို သဘောတူမယ်ဆိုရင်ဖြင့် အာဏာသိမ်းမှုတောင် ပေါ်ပေါက်လာစရာ အကြောင်းမရှိဘူးဆိုတာ ပြန်တွေးဖို့ တိုက်တွန်းချင်ပါတယ်။
အစကတည်းကိုက စစ်အုပ်စုရဲ့ လို့အင်တွေ မပြည့်လို့၊ မရလို့ ပေါ်ပေါက်လာရတဲ့ အာဏာသိမ်းမှု မဟုတ်လား။
ထူးဆန်းတာဟာ အဲ့ဒီအချက်ဖြစ်ပါတယ်။
အစကတည်းက အကြိမ်ကြိမ် ညှိနှိုင်ဆွေးနွေးမှုတွေ တနည်းဆိုရရင် ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ အကြိမ်ကြိမ်လုပ်ပြီးမှ မရတဲ့အဆုံး လက်နက်ပြ ခြိမ်းခြောက်လုယူဖို့ ကြိုးစားခဲ့တဲ့ စစ်ကောင်စီအနေနဲ့လည်း အခုအချိန်မှာ ဒီလိုသွားပြောလည်း ဒေါ်အောင်ဆန်းစုကြည်ဆီက တုံ့ပြန်မှုရမှာ မဟုတ်ဘူး ဆိုတာ မသိဘဲ မနေပါဘူး။
ဒီတော့ သူတို့ဆီက ထွက်လာတဲ့ သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေဟာ တကယ်တွေ့ဆုံမှု ရှိခဲ့ရင်တောင် ဒါဟာ သတင်းလွှင့်နိုင်ဖို့လုပ်တဲ့ ဟန်ပြတွေ့ဆုံမှုတွေသာ ဖြစ်ပါလိမ့်မယ်။
တကယ်တမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်မှုကို သူတို့ကြိုတင် မျှော်လင့်ပြီးသားဖြစ်သလို သူတို့လိုချင်တာကလည်း ဒေါ်အောင်ဆန်းစုကြည်ဆီက သဘောတူညီချက် မဟုတ်ပါဘူး။
သူတို့တကယ် ပေးချင်တဲ့ သတင်းစကားက လူထုနဲ့ တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံတကာတွေက ဝေဖန်ပြစ်တင်နေကြသလို စစ်ခေါင်းဆောင်တွေကချည်း တဖက်သတ် ဆိုးသွမ်းနေတာမဟုတ်ဘဲ လူထု ခေါင်းဆောင်ဆိုသူကလည်း ဒီအခြေအနေတွေကို မတားဘူးဆိုတဲ့ သတင်းစကားပေးချင်တာပါ။
တနည်းအားဖြင့် စစ်အုပ်စုအပေါ် ပုံကျနေတဲ့ အပြစ်တွေထဲက တချို့တဝက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေဆီကို မျှပေးလိုက်ချင်တာပါ။ စစ်အုပ်စုနဲ့ လူထုရဲ့တိုက်ပွဲလို့ ရှုမြင်ကြမယ့် အစား စစ်အုပ်စုနဲ့ NLD ပါတီကြား ပဋိပက္ခလို့ တွေးထင်သွားကြစေချင်တာပါ။
နောက်တချက်ကတော့ လက်ရှိ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကြား တည်ဆောက်ထားနိုင်ပြီးသား စည်းလုံးမှုကို ရိုက်ဖဲ့ချင်တာပါ။
NLD ပါတီ ပေါ်ပေါက်လာပြီးကတည်းက မဟာမိတ်အဖြစ် ရပ်တည်လက်တွဲ ဝန်းရံခဲ့ကြတဲ့ တိုင်းရင်းသား အင်အားစုတွေဟာ အတိတ်မှာ ဒီဒဏ်ကို ခံခဲ့ကြရဖူးသလို ပြီးခဲ့တဲ့ NLD ပါတီ အာဏာရ သက်တမ်းအတွင်းမှာလည်း NLD အပေါ်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ပျက်စရာ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။
အခုလို အခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စု အပေးအယူ ပြန်မျှသွားရင် ပဋိပက္ခတောထဲမှာ ကျန်ခဲ့ပြီး အထိနာကြရဦးမှာက သူတို့ဖြစ်ပါတယ်။ ဒီအတွေးဟာ တော်လှန်ရေး နှစ်နှစ်ကျော်လာချိန် လက်ရှိအထိ တိုင်းရင်းသား အင်အားစုတွေကြားမှာ ရှိနေဆဲပါ။
ဒီအချက်ကို ကောင်းကောင်းသိတဲ့ စစ်အုပ်စုဟာ သူတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ရှိနေသေးတယ်ဆိုတဲ့ သတင်းစကားပေးပြီး လက်ရှိ စုစည်းမှုတွေကို ရသလောက် ဖဲ့ချချင်တာ ဖြစ်ပါတယ်။
တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ တွေ့ပြ၊ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြပြီး ဗမာတော်လှန်ရေး အင်အားစုတွေ သံသယ ဖြစ်လာဖို့ နှိုးဆွလိုက်၊ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးကြောင်း သတင်းလွှင့်ပြီး တိုင်းရင်းသား အင်အားစုတွေရဲ့ ယုံကြည်မှုကို နှဲ့ချိုးဖို့ ကြံစည်လိုက်နဲ့ လုပ်ပြနေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေသာ ဖြစ်ပါတယ်။
ဒီလိုလုပ်ပြခြင်းအားဖြင့် နိုင်ငံတကာကိုလည်း သူတို့ဟာ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ ကြိုးပမ်းကြောင်း၊ အလိုရှိကြောင်း စစ်အုပ်စုအနေနဲ့ ပြသဖို့ ကြိုးစားရာရောက်ပါတယ်။
တိုက်ရိုက်အားဖြင့် ရလဒ်ထွက်မှာ မဟုတ်ဘူး ဆိုတာ သိသိနဲ့ သွယ်ဝိုက်ရလဒ်တွေကို လိုချင်လို့ လုပ်ပြတဲ့ နိုင်ငံရေးကစားကွက်တွေသာ ဖြစ်တယ်။
တကယ်တမ်းစဉ်းစားကြည့်ရင် အဖြေက အထင်းသား။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ PDF တွေကို တားပေးဖို့ ဆိုတဲ့ သတင်းစကားတွေသာ မကြာမကြာ လွှင့်လာတာ၊ စစ်အုပ်စုရဲ့ အကြမ်းဖက် လုပ်ရပ်တွေကရော ဒီနေ့အထိ လျော့ကျသွားပါပြီလား..။
စစ်ရှောင်၊ လက်နက်ကိုင်မဟုတ်တဲ့ အရပ်သား ကလေး၊ လူကြီးမရွေး လေကြောင်းက ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်၊ အနီးကပ်သေနတ်နဲ့ပစ်၊ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ရုံနဲ့ အားမရလို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုပါ လက်တုံ့ပြန် သတ်ဖြတ်ပြတဲ့ နည်းကျင့်သုံးပြီး လူမိုက်ဂိုဏ်း ပိုဆန်ပြနေတာမဟုတ်လား…။
တနိုင်ငံလုံးက အုံနဲ့ကျင်းနဲ့ တော်လှန်တိုက်ခိုက်နေလို့ အကျပ်ရိုက်နေချိန်မှ PDF တွေကို တားပေးပါဦးလို့ အချုပ်အနှောင်ထဲက အဘွားအိုကို အပူသွားကပ်နေမယ့်အစား လူမဆန်ခဲ့သမျှ ဝန်ချတောင်းပန်ပြီး လူထုဘက်ရပ်လိုက်တာကမှ ခြင်းကြားတပ်တွေ မြေဩဇာဘဝကလွတ်ဖို့ နီးစပ်ဦးမယ်လို့ မင်းအောင်လှိုင်အောက်ဆွဲ စစ်ဗိုလ်ချုပ်တွေ ကို အကြံပေးလိုက်ရပါတယ်။
