26 C
Yangon

ပင်လုံ၊ လဲချား၊ မိုင်းနောင်တွင် စစ်တပ်က လက်နက်ကြီးများ တပ်ဆင်နေသဖြင့် SSPPက စစ်ရေးပြင်ဆင်၊ စစ်ကြောင်းများ နောက်ပြန် ဆုတ်ခိုင်းသည့်အရေးကိစ္စ စစ်တပ်နှင့် SSPP စစ်ရေးတင်းမာမှု အရှိန်မြင့်လာ

Must read

ပင်လုံ၊ လဲချား၊ မိုင်းနောင်တွင် စစ်တပ်က လက်နက်ကြီးများ တပ်ဆင်နေသဖြင့် SSPPက စစ်ရေးပြင်ဆင်၊ စစ်ကြောင်းများ နောက်ပြန် ဆုတ်ခိုင်းသည့်အရေးကိစ္စ စစ်တပ်နှင့် SSPP စစ်ရေးတင်းမာမှု အရှိန်မြင့်လာ

ရန်ကုန်၊ ဇွန် ၁၆

ရှမ်းပြည်နယ်၊ ပင်လုံ၊ လဲချားနှင့် မိုင်းနောင်တောင်ပိုင်းတွင်ရှိနေသော SSPP/SSA စစ်ကြောင်းများကို ဆုတ်ခွာရန် စစ်ကောင်စီက ဖိအားပေးနေရာမှ SSPP/SSA တို့အကြား စစ်ရေးတင်းမာလာပြီး နှစ်ဖက် စစ်ပြင်ဆင်နေကြောင်း SSPP/SSA က တရားဝင် သတင်းထုတ်ပြန်သည်။

SSPP/SSA စစ်ကြောင်းများရှိနေသည့် ပင်လုံ၊ လဲချင်း၊ မိုင်းနောင် တောင်ပိုင်းတို့တွင် စစ်ကောင်စီဘက်က လက်နက်ကြီးတပ်ဆင်မှုကြောင့် SSPP/SSA ဘက်ကလည်း စစ်ဘက်ဆိုင်ရာပြင်ဆင်မှုများ လုပ်ဆောင်လာကြောင်း၊ စစ်ကောင်စီဘက်က တောင်းဆိုသည့်အတိုင်း SSPP/SSA က စစ်ကြောင်းပြန်မဆုတ်ပေးနိုင်ဟု ပြန်လည်တုံ့ပြန်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးပြင်ဆင်လာကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်တွင် စစ်ကောင်စီက SSPP/SSA ဌာနချုပ်၏ လုံခြုံရေးတပ်များဖြစ်သော တာဆမ်ပူး၊ ဟိုင်းပါ၊ ဝမ်လွေ၊ မိုင်းအက်၊ ဝမ်ဆော့၊ မွေတော်ဝိန်းကောင်မှ မိုင်းနောင်များကို ထိုးစစ်ဆင်ခဲ့ဖူးကြောင်း၊ ယခုချိန်တွင် SSPP/SSA အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ လမ်းမကြီးသုံးခုကိုထိန်းချုပ်နေရာချထား နေနိုင်ပြီး စစ်ကောင်စီ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရှေ့ဘက်နှင့် အနောက်ဘက်များအထိ စစ်ကြောင်းများ ဖြန့်ကျက်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ အခုလို ဒီတောင်ပိုင်းကိုရောက်နေခြင်းက စစ်ကောင်စီအနေနဲ့လည်း သူတို့စစ်တိုင်းဌာနချုပ်ရဲ့လုံခြုံရေးကို စိုးရိမ်နေရတာတစ်ကြောင်း ဒါကြောင့် ကျနော်တို့ကို ဆုတ်ခိုင်းခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့လည်း ဘယ်လိုနည်းနဲ့မှ ပြန်ဆုတ်ပေးလို့ရမှာမဟုတ်တဲ့အတွက် တကယ်လို့ သူတို့ဘက်ကစစ်ရေးဆင်လာမယ်ဆိုရင်လည်း စစ်ရေးနဲ့ပဲ ပြန်လည်တုံ့ပြန်သွားဖို့ရှိပါတယ်” ဟု SSPP/SSA ဘက်မှ စစ်မြေပြင်ရောက် အရာရှိတစ်ဉီးက ပြောပါတယ်။

စစ်ကောင်စီဘက်မှ လဲချားမြို့တောင်ဘက်ရှိ လွိုင်နမ့်တွန်တောင် အနီးနှင့် ပင်လုံ-လဲချား အကြားရှိ လွိုင်ခေတောင်ခြေတွင် ၈၁ မမ လက်နက်ကြီးများတပ်ဆင်ထားပြီး လဲချားမြို့နယ် နားမင်းအုပ်စု ကောင်းဆန်းအနီးရှိ SSPP/SSA စစ်ကြောင်းများကို လက်နက်ကြီးများဖြင့် မျက်နှာမူချိန်ရွယ်ထားကြောင်း၊ ထို့ပြင် စစ်တပ်အင်အား ၃၀၀ ခန့်ဖြင့် ချည်းကပ်လာသောကြောင့် SSPP/SSA ဘက်ကလည်း စစ်ရေးအရ အသာစီးရနိုင်မည့်နေရာများတွင် ကြိုတင်ပြင်ဆင်မှုများလုပ်နေကြောင်း သိရှိရသည်။

“ယခုလို ကျနော်တို့ကို ပြန်လည်ဆုတ်ခွာခိုင်းနေတာက စစ်ရေးလှည့်ကွက်ဖြစ် ပြီး အမှန်တော့ ဒီနေရာမှာနေရာယူခဲ့ဖူးတဲ့အဖွဲ့က ပြန်လာနေချင်တာပါ။ စစ်အင်အားခြင်းလည်းမယှဉ်နိုင်၊ လက်နက်အင်အားလည်း မလုံလောက်တော့ အခုလို ခြုံခိုမိုင်းထောင်တာတွေကလွဲပြီးသူတို့လည်း ဘာမှမလုပ်တတ်တော့ဘူး။ အခုဒီနားမှာ သူတို့ထားတဲ့စစ်ကြောင်းက အမှန်ဆို ဘာမှမကျန်တော့ဘူး ထွက်ပြေးတဲ့ တပ်သားတွေလည်းများ၊ သူတို့ပြောတာတော့ အထက်က လိမ်ပြီးလာခိုင်းတာလို့ ပြောကြတာပဲ။ လာခိုင်းတုန်းကတော့ ဒီမှာအင်အား တောင့်သလိုနဲ့ တကယ်တမ်းရောက်လာတော့ လူအင်အားနည်းတော့ ကြောက်ပြီးထွက်ပြေးကြတာပေါ့ ကျွန်တော်တို့ဆီ လာရောက်ခိုလှုံတဲ့သူလည်း ရှိပါတယ်၊ သူတို့ဘက်က ကွန်မန်ဒို အယောက် ၆၀ လွှတ်လာတယ် လာခိုင်းတုန်းက စစ်အကူ ၆၀၀ မြေပြင်မှာ အဆင်သင့်ရှိထားပြီဆိုပြီး သူတို့ကိုတော့ အရင်ခြုံခိုမိုင်းထောင်ခိုင်းတယ် သူတို့လည်းပြန်မထွက်နိုင်တာနဲ့ လာရောက်ပူးပေါင်းထားတာ ကျွန်တော်တို့ဆီမှာ အများကြီးရှိပါတယ်” ဟု SSPP/SSA ဘက်မှ စစ်မြေပြင်ရောက် အရာရှိတစ်ဉီးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article