အွန်လိုင်းမကလို့ ဘယ်လိုပဲရောင်းရောင်း အာဏာရှင်ရောင်းတဲ့ တရားမဝင်ထီ ပြည်သူတွေမထိုးပါ
By လမ်းသစ်
အခြေခံလူတန်းစား အများအပြား နေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ အရင်က ထီထိုးပြီး ကံစမ်းတယ်ဆိုတာဟာ ကံကောင်းရင် ဘဝတဆစ်ချိုး ပြောင်းလဲနိုင်တာမို့ ပြည်သူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ လတစ်လကုန်တိုင်း ထီပေါက်လေမလားလို့ မျှော်လင့်ရတာကလည်း ပျော်ရွှင်စရာ ရင်ခုန်စရာပါ။
ဒီလိုမျှော်လင့်ချက်လေး အပါအဝင် မြန်မာပြည်သူတွေရဲ့ ဘဝတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုအောက်မှာ ရေစုန်မျောခဲ့ရပါတယ်။ အာဏာရူးတွေလက်အောက်မှာ ကံကောင်းတယ်ဆိုတာ ရှိမှ မရှိနိုင်ပဲ .. ။ အသက်နဲ့ခန္ဓာ မြဲနေနိုင်တာ၊ ထမင်းဝိုင်းမှာ မိသားစု စုံစုံလင်လင်ရှိတာနဲ့တင် ကံကောင်းတယ်လို့ ပြောရမလို ဖြစ်နေပါပြီ။
စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ တောင်းယူလို့ မရရင် တိုက်ယူမယ် ဆိုတဲ့အချက်က အရေးပါသလို စစ်တပ်ဆီ ဝင်ငွေစီးဆင်းမှုတွေ ရပ်တန့်စေဖို့ကလည်း အဓိကကျတာကြောင့် ပြည်သူတွေဟာ စစ်တပ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ ထုတ်ကုန်တွေကို သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီထဲမှာ စစ်တပ်ရဲ့ ငွေဝင်ပေါက်တစ်ခုအဖြစ် ဖြည့်ဆည်းပေးနေတဲ့ အောင်ဘာလေထီ မထိုးရေး လှုံ့ဆော်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။
ထီလက်မှတ်ရောင်းရငွေ စုစုပေါင်းရဲ့ ၄ဝ ရာခိုင်နှုန်းကို အခွန်ဘဏ္ဍာအနေနဲ့ သိမ်းယူပြီး ၆ဝ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပြန်လည်ချီးမြှင့်တဲ့ အောင်ဘာလေထီဟာ မင်းအောင်လှိုင်တို့ စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ရောင်းအား အကြီးအကျယ် ထိုးကျသွားခဲ့ပါတယ်။
ရောင်းအား ကျဆင်းမှုကို အဖတ်ဆယ်ဖို့အတွက် ရောင်းရငွေရဲ့ ၇ဝ ရာခိုင်နှုန်းအထိ ဆုကြေးခွဲဝေပေးတာတွေ၊ အက္ခရာနဲ့ ဂဏန်းတစ်လုံးတူရင် ကျပ်တစ်သောင်းဆု ပေးတာမျိုးတွေနဲ့ စစ်ကောင်စီက စည်းရုံးခဲ့ပေမယ့် ပြည်သူတွေကတော့ စိတ်မဝင်စားကြပါဘူး။ ဘယ်လိုပဲ ပရိုမိုးရှင်းလုပ်လုပ် အကြမ်းဖက်စစ်အုပ်စု ရောင်းတဲ့ထီမလို့ ပြည်သူတွေက စိတ်မဝင်စားကြတာပါ။
အရင်က လမ်းမတွေပေါ်မှာ လှည့်ရောင်းတဲ့ ထီလှည်းတွေ၊ ထီကားတွေနဲ့ ထီဆိုင်ကြီးတွေဟာ အခုဆို မမြင်ရတော့လောက်အောင်ကို ရှားပါးသွားပါပြီ။ ထီသည်တွေရဲ့ ပြောစကားအရ အောင်ဘာလေထီဟာ ရောင်းအား ၈ဝ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားပါတယ်။
အရပ်သားအစိုးရလက်ထက်က ကျပ်သိန်းပေါင်း တစ်သောင်းခွဲအထိ ပေးနိုင်ခဲ့တဲ့ အောင်ဘာလေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ လက်ထက်မှာ အမြင့်ဆုံး ကျပ်သိန်း ၅ ထောင်အထိပဲ ပေးနိုင်တော့တဲ့အထိ ဆိုးဝါးသွားခဲ့ပါတယ်။
ပြည်သူတွေကို ရောင်းလို့မရနိုင်တော့တဲ့အဆုံး စစ်တပ်ထဲက မိသားစုဝင်တွေနဲ့ Non CDM ဝန်ထမ်းတွေကို မဖြစ်မနေ ထီထိုးဖို့ ညွှန်ကြားရတဲ့အထိ အောင်ဘာလေထီဟာ အကျည်းတန်ခဲ့ပါတယ်။
စစ်အုပ်စုရဲ့ အောင်ဘာလေထီ ဘဝပျက်နေတဲ့တစ်ဖက်မှာ ပြည်သူတွေ ထောက်ခံကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နွေဦးထီ ပေါ်ပေါက်လာခဲ့ပါတယ်။ ၂ဝ၂၁ခုနှစ် သြဂုတ်လ ၁၅ရက်နေ့မှာ စတင်ရောင်းချခဲ့တဲ့ အောင်လံလွှင့်ချီ နွေဦးထီဟာ ရောင်းချချိန် နာရီပိုင်းအတွင်းမှာပဲ ဝယ်ယူသူ အဆမတန် များပြားတာကြောင့် အရောင်းရပ်နားရတဲ့အထိ ပြည်သူတွေက အားပေးခဲ့ကြပါတယ်။ ပြည်သူတွေက ထီမပေါက်လည်း တော်လှန်ရေးအတွက် လှူတယ်လို့ သဘောထားကြတာကိုး။
ထီတော့ထီပါပဲ။ ပြည်သူ့တော်လှန်ရေးထဲက ပေါ်ပေါက်လာတဲ့ ထီနဲ့ စစ်အာဏာရှင်တွေ ရောင်းတဲ့ထီ ကွာခြားမှုတွေ အများကြီးရှိပါတယ်။
NUG အစိုးရရဲ့ နွေဦးထီဟာ အာဏာရှင် မင်းအောင်လှိုင်တို့ စစ်အုပ်စုကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ နွေဦးထီဟာ အွန်လိုင်းကနေ ထီရောင်းချတာတွေ၊ ဆုငွေထုတ်ပေးတာတွေ ပြုလုပ်တာကြောင့် ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်နေသူတွေကို နေ့စဉ် ငွေလွှဲပြောင်းဝန်ဆောင်မှုတွေ တိတိကျကျ တင်ပြပေးဖို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရပါတယ်။
အာဏာမသိမ်းခင် ကာလတွေမှာ အစိုးရဟာ ထီလုပ်ငန်းကနေ တစ်နှစ်ကို ကျပ် ၁၆၃ ဘီလီယံနီးပါး အခွန်ငွေရခဲ့ပေမယ့် အကြမ်းဖက် စစ်တပ်လက်ထက်မှာ အောင်ဘာလေထီကနေရတဲ့ အခွန်ငွေ ကျပ် ၁၅ဝ ဘီလီယံနီးပါး ဆုံးရှုံးနစ်နာခဲ့ပါတယ်။ စစ်တပ်ဆီကို ဝင်ငွေမစီးဆင်းစေဖို့ ပြည်သူတွေရဲ့ အောင်ဘာလေထီ မထိုးရေး သပိတ်ဟာ စစ်အာဏာရှင်တွေကို အထိနာစေခဲ့ပါတယ်။
အခုနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီဟာ ထီရောင်းအား မြှင့်တင်ဖို့အတွက် အွန်လိုင်းစနစ်နဲ့ တိုးချဲ့ရောင်းချဖို့ စီစဉ်လာခဲ့ပါတယ်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ခေတ်ကာလနဲ့ ကိုက်ညီအောင်၊ ထီလက်မှတ် ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်အောင် အွန်လိုင်းထီစနစ် ပြောင်းလဲလိုက်တာလို့ ပြောပါတယ်။
စစ်ကောင်စီဟာ အွန်လိုင်းထီ တိုးချဲ့ရောင်းချရေးအတွက် ပူးတွဲလုပ်ကိုင်ဖို့ ၂ဝ၂၁ ခုနှစ်မှာ ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီတွေကို တင်ဒါခေါ်ယူခဲ့ပါတယ်။
ကုမ္ပဏီ ဘယ်နှခု လာလျှောက်သလဲဆိုတာ မထုတ်ပြန်ပေမယ့် နောက်ဆုံးထုတ်ပြန်လိုက်တဲ့ တင်ဒါအောင်တဲ့ကုမ္ပဏီကတော့ ထုံးစံအတိုင်း မင်းအောင်လှိုင်ရဲ့ ခါးပိုက်ဆောင် Mytel ပဲဖြစ်ပါတယ်။
ပြည်သူတွေရဲ့ အမျက်တော်ရှမှုကြောင့် တာဝါတိုင်တွေ မကြာခဏ ဖြိုလှဲခံနေရတဲ့ Mytel ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အွန်လိုင်းထီ စတင်ဖွင့်လှစ်ပွဲမှာ Mytel က လုပ်ပိုင်ခွင့်ရကြောင်း အသိပေးခဲ့ပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာနကလည်း တင်ဒါအောင်မြင်ခဲ့တဲ့ Telecom International Myanmar Co.,Ltd (Mytel) နဲ့ ပူးပေါင်းပြီး အောင်ဘာလေ အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Telecom International Myanmar Co.,Ltd (Mytel) မှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်းအများပိုင် ကုမ္ပဏီတွေ (စစ်အုပ်စုအဖွဲ့ဝင်များသာ) စုပေါင်းထားတဲ့ MNTH ကုမ္ပဏီက ၂၃ရာခိုင်နှုန်းနဲ့ ဗီယက်နမ်စစ်တပ် လက်အောက်ခံ Viettel Global Investment JSC က ၄၉ ရာခိုင်နှုန်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
အောင်ဘာလေထီဟာ အာဏာရှင် စစ်အုပ်စု လက်အောက်ကို ကျရောက်တဲ့နေ့ကစပြီး သွေးစွန်းသွားခဲ့ပါပြီ။ ဒါကြောင့်လည်း စစ်တပ်ရဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေး ပြည်သူ့လှုပ်ရှားမှုတွေထဲမှာ အောင်ဘာလေထီ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနကတော့ အောင်ဘာလေထီ လုပ်ငန်းကို အပြီးတိုင် ဖျက်သိမ်းကြောင်း ကြေညာထားသလို ထီလုပ်ငန်းရှင်တွေအနေနဲ့လည်း အောင်ဘာလေထီ ဝယ်ယူရောင်းချမှုတွေ မပြုလုပ်ကြဖို့ အထူးသတိပေး တားမြစ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ အောင်ဘာလေထီကို အွန်လိုင်းကပဲရောင်းရောင်း၊ မြေပြင်မှာပဲ လှည့်ရောင်းရောင်း၊ အိမ်တိုင်ရာရောက်ပဲ ရောင်းရောင်း အောင်မြင်မှာ မဟုတ်ပါဘူး။
အကြမ်းဖက်စစ်တပ် ချုပ်ကိုင်ထားတဲ့ ထီလက်မှတ်ကနေ ထီဆုကြီးပေါက်မယ် ဆိုတာ ပြည်သူက မယုံကြည်ကြသလို အကြမ်းဖက်စစ်တပ်ကို ဘယ်လိုပုံစံနဲ့မှ ပိုက်ဆံမပေးချင်ကြတာလည်း ပါပါတယ်။
မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုဆီ စီးဆင်းတဲ့ ဝင်ငွေတိုင်းဟာ ပြည်သူကို ပြန်သတ်ဖို့ လက်နက်တွေ ဖြစ်လာတာပါ။
အောင်ဘာလေထီ ကျရှုံးရတဲ့ အဓိက အကြောင်းအရင်းက ဈေးကွက်ကြောင့် မဟုတ်သလို နည်းပညာကြောင့်လည်း မဟုတ်ပါ။ ရောင်းတဲ့ထီသည်က အကြမ်းဖက် စစ်အုပ်စု ဖြစ်နေလို့ပါပဲ။