အပြင်းအထန် ဝေဖန်ခံနေရသည့် ထိုင်းအစိုးရ၏ မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားမှ လွဲ၍ အဓိက ကျသည့် အာဆီယံ နိုင်ငံအများစု မတက်ရောက်
■ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ဖိလစ်ပိုင်တို့က အစည်းအဝေး တက်ရောက်ခြင်းမရှိ
ရန်ကုန်၊ ဇွန် ၁၈
ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အပြင်းအထန်ဝေဖန်မှုကို ခံနေရသည့် ထိုင်းအစိုးရက ဦးဆောင်ကျင်းပသော မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကမ္ဘောဒီးယားနိုင်ငံမှ လွဲ၍ အဓိကကျသည့် အာဆီယံနိုင်ငံအများစု မတက် ရောက်ကြကြောင်း ရိုက်တာ သတင်းတစ်ရပ်အရ သိရှိရသည်။
ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ရှုံးနိမ့်ထားသော လက်ရှိ ထိုင်းအိမ်စောင့် စစ်အစိုးရ က ဩဂုတ်လအတွင်းဖြစ်ပေါ်လာမည့် ထိုင်းနိုင်ငံ ရွေးကောက်ပွဲ အနိုင်ရ အစိုးရသစ်ကို စောင့်ဆိုင်းခြင်းမရှိဘဲ မြန်မာ့အရေး ဆွေးနွေးပွဲ Track 1.5 ကို ဖုတ်ပူမီးတိုက် အလျင်စလို ကျင်းပရန် စီစဉ်ခဲ့ပြီး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဆွေးနွေးပွဲ သို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ရိုက်တာသတင်းတစ်ရပ်အရ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ဘန်ကောက်တွင်ပြုလုပ်မည့် မြန်မာ့အရေးဆွေးနွေးပွဲ တက်ရောက်ရန် ထုတ်ပြန်ပြောဆိုပြီး အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ဖိလစ်ပိုင်တို့က တက်ရောက်မည်မဟုတ်ကြောင်း တုံ့ပြန် လာသည်ဟု သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမူ တရားမဝင် အကြမ်းဖက် စစ်ကောင် စီ ကို ဆွေးနွေးပွဲ ဖိတ်ခေါ်ခြင်းသည် မြန်မာ့အရေး အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။
ပြည်တွင်းပြည်ပ မြန်မာ အရပ်ဘက်အဖွဲ့များကလည်း ထိုင်းအစိုးရက ပြုလုပ် သည့် မြန်မာ့အရေး လျှို့ဝှက်အစည်းအဝေးကို ပြင်းပြင်း ထန်ထန် ဝေဖန် ထားပြီး ယင်းအစည်းအဝေးကို ချက်ချင်း ရုပ်သိမ်းရန် ထုတ်ပြန် တောင်းဆို ထားသည်။
