30 C
Yangon

“တံတွေးပင်လယ်မှာ မျောချင်တိုင်းမျော” နေတဲ့ စစ်ကောင်စီရဲ့ သံတမန်ရေး

Must read

“တံတွေးပင်လယ်မှာ မျောချင်တိုင်းမျော” နေတဲ့ စစ်ကောင်စီရဲ့ သံတမန်ရေး

By လမ်းသစ်

သံတမန်ရေးရာမှာ အကြီးအကျယ် ကျရှုံးနေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်တို့ စစ်ကောင်စီဟာ သူတို့ကို အဖတ်လုပ်သူ အနည်းငယ်နဲ့အတူ ကမ္ဘာ့အလယ်မှာ ထီးထီးကြီး ရပ်နေပါတယ်။ ခပ်ကြမ်းကြမ်းလေး ဝေဖန်ကြည့်ရရင် လမ်းဘေးက မစင်ပုံလိုပဲ.. ဘယ်သူကမှ မထိချင် မတို့ချင် အနားမကပ်ချင် ဖြစ်နေကြတာပါ။

အခုရက်ပိုင်း ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရက စီစဉ်ပေးတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ ဖြစ်စဉ်ကို ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။ အလွတ်သဘော ဆွေးနွေးပွဲဆိုပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုပါ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာကြောင့် အားလုံးက ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

ကိုယ်မပိုင်တဲ့ အာဏာကို မတရားသဖြင့် ဆုပ်ကိုင်ထားနိုင်ဖို့ ကမ္ဘာကြီးရဲ့ အသံတွေအားလုံးကို လျစ်လျူရှုထားတဲ့ စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း မလိုက်နာတာကြောင့် အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်မရတဲ့ တရားမဝင် စစ်အုပ်စုဖြစ်ပါတယ်။

တရားမဝင် အကြမ်းဖက်အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့တဲ့ အဲ့ဒီဆွေးနွေးပွဲကို ကမ္ဘောဒီးယားကလွဲလို့ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် စတဲ့ အဓိကကျတဲ့ အာဆီယံနိုင်ငံအများစု မတက်ရောက်ကြဘူးလို့ သတင်းတွေမှာ ဖတ်ရပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အာဆီယံဥက္ကဌအနေနဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးစားနေတာကြောင့် ဒီဆွေးနွေးပွဲကို မတက်ရောက်နိုင်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုလိုအပြုအမူဟာ အဆင့်မြင့် အစည်းအဝေးတွေမှာ စစ်ကောင်စီကို တက်ရောက်ခွင့်မပြုတဲ့ အာဆီယံ သဘောတူညီချက်ကို လုံးဝဆန့်ကျင်နေတယ်လို့ ထောက်ပြကြပါတယ်။

စင်ကာပူအနေနဲ့လည်း ဒီတွေ့ဆုံဆွေးနွေးမှုကို လက်မခံကြောင်း ပြောခဲ့ပါတယ်။

“အာဆီယံ ဘုံသဘောတူညီချက် ၅ချက်က အခုချိန်အထိ သိသာမြင်သာတဲ့ တိုးတက်မှု တစ်စုံတစ်ရာ မရှိသေးပါဘူး။ ဒါကြောင့်မို့လို့ စင်ကာပူအနေနဲ့ အာဆီယံ ထိပ်သီးအဆင့် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ စစ်ကောင်စီကို ဖိတ်ခေါ်ဖို့ စောလွန်းပါတယ်” လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

တစ်ဆက်တည်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း အမေရိကန် အစိုးရအနေနဲ့ စစ်ကောင်စီအပေါ်မှာ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောခဲ့ပါသေးတယ်။

မလေးရှားအစိုးရကတော့ သူတို့အနေနဲ့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံပြီး အဖွဲ့ဝင်နိုင်ငံအနေနဲ့ အာဆီယံ ခေါင်းဆောင်တွေကြား သဘောတူထားတဲ့ လုပ်ပိုင်ခွင့်တွေကို ထောက်ခံအားပေးခြင်းအားဖြင့် စည်းလုံးညီညွတ်မှုကို ပြသဖို့ အရေးကြီးတယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အခုလို တရားမဝင် အကြမ်းဖက် စစ်ကောင်စီကို ဆွေးနွေးပွဲ ဖိတ်ခေါ်တာဟာ မြန်မာ့အရေးကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ ရှုံးထားတဲ့ လက်ရှိ ထိုင်းအိမ်စောင့်အစိုးရဟာ သြဂုတ်လမှာ ပေါ်ပေါက်လာမယ့် ထိုင်းရွေးကောက်ပွဲအနိုင်ရ အစိုးရသစ်ကို မစောင့်ဆိုင်းဘဲ အခုလို ဆွေးနွေးပွဲကို အလျင်စလို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်တို့ ဖက်စစ်ဆစ်တပ်ကို အလွတ်သဘောဆွေးနွေးပွဲဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တရားဝင်မှု ပေးဖို့ ကြိုးစားခဲ့တဲ့ ထိုင်းအိမ်စောင့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai အနေနဲ့လည်း ဝေဖန်ပြစ်တင်ခံရမှုများစွာ ကြုံခဲ့ရပါတယ်။

“အာဆီယံဥက္ကဌ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားတို့က သဘောမတူ ပယ်ချတဲ့ကြားက ဒီအစည်းအဝေးတွေ ကျင်းပဖို့ ထိုင်းအစိုးရရဲ့ သန္နိဌာန်က အာဆီယံရဲ့ စည်းလုံးညီညွတ်မှု၊ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဆန္ဒတွေကို မောက်မာစွာ ရှုတ်ချတာကို ပြသနေပါတယ်” လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR) တွဲဖက်ဥက္ကဌ Charles Santiago က ဝေဖန်ခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ထိုင်းအရပ်ဘက်အဖွဲ့တချို့ကလည်း ရှုတ်ချခဲ့ကြပါတယ်။ ပြည်တွင်းပြည်ပ မြန်မာအရပ်ဘက်အဖွဲ့ ၃၁၆ ခုကလည်း ဒီဆွေးနွေးပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထိုင်းအစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအတွင်း နယ်မြေတွေကို ပြည့်ပြည့်ဝဝ အုပ်ချုပ်နိုင်စွမ်း မရှိသလို နေ့စဉ်နဲ့အမျှ ပြည်သူတွေကို ရန်သူလို သဘောထားပြီး သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ တရားဝင်အစိုးရ မဟုတ်ပါဘူး။

တရားမဝင် စစ်အုပ်စုကို ဒေသတွင်းနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးစေတာဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရဲဆေးတင်ပေးရာ ရောက်တယ်လို့ အများက ဝေဖန်ထောက်ပြနေပါတယ်။

ထိုင်းအစိုးရအနေနဲ့ အခုလို အလွတ်သဘော တွေ့ဆုံဖို့ ဖိတ်ခေါ်တာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပထမအကြိမ် တွေ့ဆုံမှုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စားသောက်ဆိုင်တစ်ခုမှာ တိတ်တဆိတ် ပြုလုပ်ခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းကလည်း ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ လာရောက်ခဲ့ပေမယ့် အာဆီယံ ဦးဆောင်နိုင်ငံတွေလို့ ဆိုကြတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေက လျစ်လျူရှုခဲ့ကြပါတယ်။

ပထမအကြိမ် တွေ့ဆုံမှုမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ကံဇော်နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်တို့ကို စေလွှတ်ပြီး NUG နဲ့ PDF တွေကို အားပေးထောက်ခံခြင်း မလုပ်ကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ အစည်းအဝေးတွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အရေးပါတဲ့ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မရတော့တဲ့ တရားမဝင် စစ်အုပ်စုကို ထိုင်းနိုင်ငံအနေနဲ့ ဘာကြောင့် အခုလို တွေ့ဆုံမှု စီစဉ်ပေးသလဲဆိုတာ စိတ်ဝင်စားစရာပါ။

တချို့ကလည်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် ပဋိပက္ခတွေ ကျော်လာမှာကို စိုးရိမ်မှုကြောင့် ကြားဝင်ဆောင်ရွက် ပေးတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ ဒီလို လျှို့ဝှက်အစည်းအဝေးမျိုး စီစဉ်ပေးတဲ့အတွက် အကျိုးအမြတ် တစုံတရာရှိမရှိ ဆိုတာမျိုးကို နောက်တက်လာမယ့် ထိုင်းအစိုးရသစ်နဲ့ အာဆီယံအဖွဲ့အနေနဲ့ ကိုင်တွယ်ဆောင်ရွက်သင့်တယ်လို့ ထိုင်းအရပ်ဘက်အဖွဲ့ဝင်တစ်ယောက်က သုံးသပ်ထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ပထမအကြိမ် အလွတ်သဘောတွေ့ဆုံမှု စီစဉ်ကတည်းက ဒါဟာ အာဆီယံ ဆွေးနွေးပွဲမဟုတ်ပေမယ့် မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အားပေးတာဖြစ်တယ်လို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။

မကြာသေးမီက ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ Move Forward Party ခေါင်းဆောင် Pita Limjaroenrat ကတော့ မြန်မာပြည် စစ်အာဏာသိမ်းမှုအရေး ဖြေရှင်းဖို့ အမေရိကန် ပြဌာန်းထားတဲ့ Burma Act အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီနဲ့ ပြန်လည်ဆက်ဆံဖို့ စဉ်းစားမယ်ဆိုရင် အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ချက်ကို အကြမ်းဖက် စစ်အုပ်စုက လိုက်နာဆောင်ရွက်နေသလားဆိုတာကို အရင်ဆုံး ကြည့်ရမှာ ဖြစ်ပါတယ်။

အများပြည်သူရဲ့ဆန္ဒနဲ့ ဆန့်ကျင်နေသလို နိုင်ငံတကာရဲ့ စည်းမျဉ်းစံနှုန်းတွေကိုလည်း ချိုးဖောက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံနေသူတွေဟာ မစင်ပုံနားက ယင်ကောင်တွေလိုပဲ လူအများရဲ့ မနှစ်မြို့မှုကို ခံစားရမှာ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article