ကြာအင်းဆိပ်ကြီးရှိ တံခွန်တိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ၊ မြဝတီရှိ ပွင့်လင်းအေးမြိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၂၁
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရေးမြို့နယ်)ရှိ တံခွန်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။
ဇွန်လ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ ၃၁၈ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာကို ပစ်ခတ်ခဲ့ပြီး တံခွန်တိုင် ကျေးရွာ အမှတ် ၅ ရပ်ကွက်နေ အသက် ၁၆ နှစ် အရွယ် မိုးဒီ ညာခါးကြော ကျည်စထိမှန် နှင့် အသက် ၁၇ အရွယ် လူပု ညာဘက် လက်ကောက်ဝတ် ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း၊ ထိုဖြစ်စဥ်အတွင်း တံခွန်တိုင်ကျေးရွာနေ ကိုငပိ၏ အိမ်မှ နွား ၁ ကောင်လည်း ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေ ၇ နာရီ ၃၀ မိနစ် ခန့်တွင်လည်း အမတ ၃၁၈ အမြောက်တပ် မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ရာ တံခွန်တိုင်ကျေးရွာအုပ်စု ပူးလိန်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ဝင်းထွန်းပိုင် ခြေဖဝါး နှစ်ဖက်စလုံး ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် ဝင်းရေးမြို့နယ်အတွင်း နေ့စဥ်နှင့် အမျှ ပြည်သူနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ပွင့်လင်းအေးမြိုင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၀ ရက်နေ့က စတင်ကာ ပွင့်လင်းအေးမြိုင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင်း ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
” မနေ့ကတည်းက ပစ်နေတာ စစ်ခွေးတွေက ဒီနေ့ထိ ပစ်နေတုန်းပဲလို့ သိရတယ်။ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး မြဝတီမြို့ပေါ်ကို စစ်ရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။