25.7 C
Yangon

မြန်မာသည် စစ်အေးတိုက်ပွဲသစ်၏ ရှေ့တန်းစစ်မျက်နှာ ဖြစ်လာမလား (အပိုင်း ၂)

Must read

မြန်မာသည် စစ်အေးတိုက်ပွဲသစ်၏ ရှေ့တန်းစစ်မျက်နှာ ဖြစ်လာမလား (အပိုင်း ၂)

By Ye Myo Hein နှင့် Lucas Myers

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ၌ မြန်မာ့ကိုယ်စားလှယ် နေရာရယူခြင်းအတွက် စစ်ကောင်စီအား အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နှစ်နိုင်ငံ ပူးပေါင်း၍ ပိတ်ပင်ခဲ့ကြသည်။

သို့သော် လွန်ခဲ့သောနှစ်အတွင်း ဘေဂျင်းက ၎င်း၏ကနဦး သတိကြီးကြီးထားမှုကို စွန့်လွှတ်ပြီး စစ်ကောင်စီကို ထွေးပွေ့လက်ခံလာသည့်အခါ အခြေအနေများမှာ အဆိုးဘက်သို့ ဦးလှည့်လာသည်။

ဤမူဝါဒ အပြောင်းအလဲအတွက် တွန်းအားမှာ တခြားမဟုတ်။ “အမေရိကန်ပြည်ထောင်စု ကိုယ်တိုင်က ၎င်း၏လမ်းကြောင်းကို ပြောင်းလဲကာ ဝါရှင်တန်သည် ဒီမိုကရေစီလိုလားသော တော်လှန်ရေးကို ယခုအခါ အပြည့်အဝ ထောက်ခံ၍ မိမိဩဇာခိုင်မာအောင် ဆောင်ရွက်နေပြီ” ဟု တရုတ်၏ထင်မြင်ယူဆချက် ဖြစ်သည်။

တရုတ်တို့ကို ယင်းသို့ ရှုမြင်လာစေသော အဓိကဖြစ်ပေါ်တိုးတက်မှု နှစ်ခုရှိသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံအပေါ် အမေရိကန်က ဥပဒေအသစ်တစ်ခု ရေးဆွဲချမှတ်ခဲ့ခြင်းနှင့် ဝါရှင်တန်တွင် ရုံးခန်းဖွင့်ရန် အမျိုးသား ညီညွတ်ရေးအစိုးရက ယမန်နှစ်က ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း တို့ဖြစ်သည်။

အမှန်စင်စစ်အားဖြင့် ထိုအချက်နှစ်ခုအနက် မည်သည့်အချက်မျှ အဓိပ္ပာယ်ရှိသော အမေရိကန်မူဝါဒ အပြောင်းအလဲကို ဖော်ပြနေခြင်းမရှိပေ။

အဆိုပါ ၂၀၂၃ခုနှစ် မြန်မာအက်ဥပဒေမှာ အာဏာသိမ်းမှုကို ပြောင်းပြန်လှန်ပြီး စစ်အုပ်စု ဆန့်ကျင်ရေး အင်အားစုများအား လူမသေစေနိုင်သော စစ်ရေးအကူအညီ (အများစုမှာ ဆက်သွယ်ရေးပစ္စည်းများ) ပေးရန် တောင်းဆိုသော ဝါရှင်တန်၏ ရည်ရွယ်ချက်ကို ထပ်လောင်း ပြောဆိုခြင်းသာ ဖြစ်သည်။

လူသေစေနိုင်သော စစ်ရေးအကူအညီ ပေးရန်သော်လည်းကောင်း၊ စစ်ကောင်စီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန်သော်လည်းကောင်း၊ ၎င်းဥပဒေက အခွင့်အာဏာ ပေးအပ်ထားခြင်း မရှိဘဲ လူမသေစေနိုင်သော အကူအညီ ပေးအပ်ရေးပင်လျှင် နှောင့်နှေးလျက်ရှိသည်။

မြန်မာလက်နက်ကိုင် အဖွဲ့များအတွက် အမေရိကန်၏ အားထုတ်မှုများမှာ ဥပမာအားဖြင့် ရုရှားကို တိုက်နေသည့် ယူကရိန်းသို့ ပေးအပ်နေသည့် အမေရိကန် အကူအညီများနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်သလို လက်တွေ့အားဖြင့်လည်း အကူအညီများ ပေးအပ်နေခြင်း မရှိပေ။

အမေရိကန်မြို့တော်၌ အမျိုးသားညီညွတ်ရေးအစိုးရက ရုံးသစ်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပေါင်းစပ်ညှိနှိုင်းရန်နှင့် တော်လှန်ရေးအတွက် အားပေးကူညီမှုများ မြှင့်တင်ရန် ဖြစ်သည်။ သို့သော် ရည်ရွယ်ချက်မှာ ရည်ရွယ်ချက်သာဖြစ်ပြီး လုပ်ငန်းများ အောင်မြင်ခြင်းရှိ/ မရှိမှာမူ သီးခြားမေးစရာကိစ္စ ဖြစ်သည်။

ယင်းအခြေအနေမှန်များ မည်သို့ပင်ရှိစေကာမူ တရုတ်၏ တုံ့ပြန်မှုမှာ နှစ်နှစ်ကြာ ယခင်လောက် မဆက်ဆံဘဲ ခပ်ခွာခွာနေခဲ့ခြင်းကို အဆုံးသတ်၍ စစ်ကောင်စီအနောက်မှ အပြည့်အဝ အင်ပြည့်အားပြည့် ထောက်ခံမှု ပေးအပ်လာခြင်းပင် ဖြစ်သည်။

မေလက တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံကာ “ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေမူဘောင်များ အောက်မှ ပြန်လည်သင့်မြတ်မှုရရှိရေး မြန်မာကို တရုတ်က ကူညီမည့်အကြောင်း” ထုတ်ပြန် ကြေညာခဲ့ရာ ၎င်းသည် စစ်ကောင်စီကို ထောက်ခံမည်ဟု ပြောဆိုသည့် သံတမန်သင်္ကေတ စကားပင် ဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို ပိတ်ပင်ခဲ့ပြီး ၎င်းသည် ဘေဂျင်း၏ သဘောတူညီမှုမရဘဲ ခေါင်းအေးအေးဖြင့် လုပ်နိုင်ဖွယ်မရှိသော ကိစ္စတစ်ရပ်ဖြစ်သည်။

အတွင်းလူများ၏ အဆိုအရ တရုတ်ဖက်မှ ပါဝင်ဆွေးနွေးသူများက အနောက်နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံရေးများ အလွန်အမင်း ကြီးထွားမလာစေရန် ဒီမိုကရေစီဖက်တော်သား တော်လှန်ရေးအဖွဲ့များကို တိုက်တွန်းခဲ့သည်ဟုလည်း သိရသည်။

ဘေဂျင်း၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Deng Xijun ကလည်း တိုက်စစ်ကို ဖွင့်ကစားလာခဲ့ပြီ ဖြစ်သည်။ မကြာသေးမီလများက Deng သည် စစ်အုပ်စု ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများအပြားမှ ကိုယ်စားလှယ်များနှင့် အစည်းအဝေးများ ကပြာကယာ ကျင်းပကာ ယင်းအဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးခဲ့သည်ဟု သတင်းရရှိသည်။

ထိုအပစ်ရပ်မှုသည် စစ်ကောင်စီကို အကျိုးရှိစေကာ တော်လှန်ရေးကို ချိနဲ့သွားစေမည် ဖြစ်သည်။ တရုတ်မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ခြင်းက ၎င်းတို့နှင့် ဒီမိုကရေစီ မဟာမိတ်များအကြား သပ်လျှိုလိုက်ခြင်းပင် ဖြစ်သည်။

တော်လှန်ရေး သမားများမှာ စစ်သင်တန်း၊ လူအင်အား၊ လက်နက်ပစ္စည်း (အများစုမှာ တရုတ်ပင်ရင်း သို့မဟုတ် တရုတ်လုပ် အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသည်) တို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မှီခိုနေကြရသည်။

အခြားတစ်ဖက်တွင်မူ စစ်တပ်သည် တစ်ပြိုင်တည်း တိုက်ရသည့် စစ်မျက်နှာများ လျော့နည်းလာကာ မိမိစစ်သားများကို အရေးအကြီးဆုံး အဓိကနေရာများသို့ ပြန်လည်စေလွှတ် နေရာချထားနိုင်စေမည် ဖြစ်သည်။

အကျိုးရလဒ်အဖြစ် စစ်ကောင်စီကို ရဲဆေးတင်ပေးသကဲ့သို့ဖြစ်ကာ မိမိ၏ရှင်သန်ရေးအတွက် ယုံကြည်မှုရှိလာပြီး ဆက်လက်တိုက်ခိုက်ရန်လည်း လိုလိုလားလား ဖြစ်လာပေလိမ့်မည်။

ခွထိုင်နေသော ခြံစည်းရိုးပေါ်က ဆင်းပါ

=================

မြန်မာနိုင်ငံ၌ တရုတ်၏ အသစ်ဖြစ်ထွန်းလာသော အကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်မှုတို့မှာ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် စစ်ပွဲများကဲ့သို့ အရှေ့တောင်အာရှ ဒေသအတွင်း စစ်အေးကာလ ပဋိပက္ခများကို ပြန်ပြောင်းအမှတ်ရလာစေခဲ့သည်။

ထိုစဉ်က ယခုအချိန်ကဲ့သို့ပင် ပြိုင်ဖက်ပြည်တွင်း အုပ်စုများသည် အံတုနေသော အင်အားကြီးနိုင်ငံများကို မျက်နှာလို မျက်နှာရလုပ်ကာ အကူအညီ တောင်းခံခဲ့ကြသည်။

အခြားတစ်ဖက်က မိမိထက် အသာစီးရသွားမည်ကို စိုးရိမ်သည့်အချက်က တွန်းအားပေးမှုကြောင့် အဆိုပါတောင်းခံမှုများကို အလွယ်တကူနားလည် လက်ခံလေ့ ရှိခဲ့သည်။

ယနေ့ မြန်မာနိုင်ငံသည်လည်း ခြွင်းချက်အနေအထားမျိုး မဟုတ်ပေ။ အဓိက ပြိုင်ဖက်များဖြစ်သော အမေရိကန်၊ အိန္ဒိယတို့နှင့် တရုတ်အကြား ပြိုင်ဆိုင်မှုသည် ပြည်တွင်းအုပ်စုများ၏ မဖြစ်မနေ ဘက်ရွေးလာမှုများကြောင့် အင်ဒို-ပစိဖိတ်ဒေသ နိုင်ငံအများအပြား၏ ပြည်တွင်းနိုင်ငံရေးကို အခင်းအကျင်းသစ်တစ်ခု ပုံဖော်လာလျက်ရှိသည်။

မော်လဒိုက်နှင့် သီရိလင်္ကာတို့သည် အိန္ဒိယနှင့် တရုတ်အကြား ပထဝီနိုင်ငံရေး ဖိအားနှင့် ဆွဲအားအကြား နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သည်။ တရုတ်၏ ကြီးထွားလာသော ဒေသဆိုင်ရာ ရည်မှန်းချက်များအား လက်ခံမလား၊ ပယ်ချမလား ဟူသော တရုတ်ဩဇာလွှမ်းမိုးမှုအတွက် မေးခွန်းထုတ်မှုသည် အခြားတောင်အာရှဒေသ၊ အရှေ့တောင်အာရှအချို့ ဒေသနှင့် အိုရှန်းနီးယား ဒေသတို့အတွက် နိုင်ငံရေး မိုးကြိုးပစ်ခံရမှုကြီး တစ်ခုပင် ဖြစ်သည်။

သို့သော် လက်နက်ကိုင် ပဋိပက္ခများရှိနေပြီး တရုတ်၏ ပါဝင်ပတ်သက်မှု ကြီးထွားလာနေသော မြန်မာနိုင်ငံအတွက်မူ အထူးပင် အန္တရာယ်ကြီးမားပြီး ကာလရှည် ဆင်းရဲဒုက္ခများ ကျရောက်ခြင်း၊ အင်အားကြီး နိုင်ငံများ၏ တင်းမာမှုများ နောက်ထပ်ဖြစ်ပေါ်လာခြင်းတို့ဆီ ဦးတည်သွားနိုင်သည့် အနေအထား ရှိသည်။

အမေရိကန်-တရုတ် ဆက်ဆံရေး အခြေအနေနှင့် မြန်မာ့ပြည်တွင်းစစ်၏ အယူဝါဒရေးရာ ရှုထောင့်မျိုးစုံကို ထောက်ရှုလျက် စစ်ဖြစ်နေသော အဖွဲ့များသည် ပိုမိုကျယ်ပြန့်သော ပထဝီနိုင်ငံရေး ပြိုင်ဖက်များအကြား ပတ်သက်ရှုပ်ထွေးမှု ရှိလာကြမည်မှာ မလွဲဧကန်ဖြစ်ဖွယ်ရှိသည်။

သို့သော် အချိန်ကြာမြင့်စွာကတည်းက တာဝန်ယူမှုကို စွန့်လွှတ်ပြီး ဘေဂျင်း၏ ကစားကွက်ကို အလျှော့ပေးနေခဲ့သည့် ဒေသဆိုင်ရာအဖွဲ့များတွင် အပြစ်ကြီးကြီးမားမား ရှိနေသည်။

အာဆီယံ၏ စွမ်းဆောင်မှုမှာ အထူးပင် ညံ့ဖျဉ်းလှသည်။ ဘုံသဘောတူညီမှုနှင့် ကြားဝင်မစွက်ဖက်ရေးမူကို အဖွဲ့က အခြေခံထားသဖြင့် အာဆီယံသည် စစ်ကောင်စီအပေါ် ထိထိရောက်ရောက် ဖိအားပေးနိုင်စွမ်း မရှိကြောင်း သက်သေထူခဲ့ပြီး ဖြစ်သည်။

ပဋိပက္ခအတွင်း အာဆီယံ၏ ပင်မသံတမန်ရေး လှုပ်ရှားမှုဖြစ်သော တူညီဆန္ဒငါးရပ် ဟူသည့် အလုပ်မဖြစ်သော ၂၀၂၁ ခုနှစ် သဘောတူညီချက်မှာလည်း အာဏာသက်ရောက်စေမည့် နည်းစနစ် မရှိသဖြင့် လျင်မြန်စွာပင် လမ်းကြောင်း ပျောက်ဆုံးသွားခဲ့ရသည်။

နောက်ဖေးတံခါး သံခင်းတမန်ခင်း အတွက် လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ၏ သည်းညည်းခံ ကြိုးပမ်းမှုများမှာလည်း တိုးတက်မှု မရရှိခဲ့ပေ။

လက်ရှိအချိန်၌ ထိုင်းနှင့် ၂၀၂၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာမည့် လာအိုတို့ အပါအဝင် အာဆီယံအဖွဲ့ဝင် အာဏာရှင်အစိုးရ အများအပြားက စစ်ကောင်စီကို အဖွဲ့အတွင်း နေရာပြန်ပေးရန် စိတ်အားထက်သန် လာကြပုံရသည်။

မဆုံးနိုင်သော ချီတုံချတုံဖြစ်မှုနှင့်အတူ “အားလုံးပါဝင်ရေး” ဟူသော ပြောလုံးများ ထုတ်နေမည့်အစား အာဆီယံအဖွဲ့ဝင်များနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများသည် လက်တွေ့ အခြေအနေမှန်ကို ရင်ဆိုင်သင့်ကြသည်။

ပထမဦးစွာ မြန်မာစစ်တပ်သည် ရာစုနှစ်၏ လေးပုံသုံးပုံခန့် ကြာအောင် နိုင်ငံအား ထပ်ခါတလဲလဲ ဝါးမြိုနေသည့်အကြမ်းဖက်မှု၏ စနစ်တကျ တည်ဆောက်ထားသော အနီးကပ်ဆုံး အကြောင်းရင်းဖြစ်သည် ဟူသော အချက်ဖြစ်သည်။

ဒုတိယမှာ စစ်တပ်သည် ကျေးလက်ဒေသများကို ခိုင်မာစွာ ထိန်းချုပ်နိုင်ခြင်း မရှိသလို တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်အနိုင်ယူနိုင်ခြင်း မရှိဘဲ လက်နက်အင်အား အလွန်အမင်း သာလွန်သော်ငြားလည်း လူထုတော်လှန်ရေးကို မနှိမ်နှင်းနိုင်သည့် အချက်များက သက်သေထူနေသဖြင့် စစ်တပ်သည် စစ်မြေပြင်တိုက်ပွဲကို အောင်မြင်နိုင်ခြင်း မရှိဟူသော အချက်ဖြစ်သည်။

စစ်တပ်ကို အာဏာမှ ဖယ်ရှားခြင်းသည်သာ တိုင်းပြည်၌ ရေရှည် ငြိမ်းချမ်းရေးရရှိရန် တစ်ခုတည်းသော လက်တွေ့ကျသည့် နည်းလမ်းဖြစ်သည်။ အာဆီယံနှင့် အခြားနိုင်ငံများ၏ သံတမန်ရေး အားထုတ်မှုများသည် ထိုအမှန်တရားကို ထင်ဟပ်သင့်ကြသည်။

အာဆီယံသည် အရပ်သားများကို စစ်တပ်က အာဏာပြန်လွှဲပေးရန် ပျက်ကွက်မှုကြောင့် ၂၀၁၉ ခုနှစ်က ဆူဒန်နိုင်ငံအား အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲခဲ့သည့် အာဖရိကသမဂ္ဂကို အတုယူသင့်သည်။

ဝါရှင်တန်သည် မြန်မာ့မူဝါဒကို ဘေဂျင်းနှင့် ညှိနှိုင်းရေးကြိုးပမ်းသင့်

=================

အဆုံးသတ်တွင် အာဆီယံသည် အင်အားကြီးနိုင်ငံ ၂ နိုင်ငံလုံးနှင့် ပူးပေါင်းဆောင်ရွက်ပြီး သင့်မြတ်အောင် အားထုတ်မှုများကို ဆက်လက် ဖက်တွယ်ထားမည်ဆိုပါက အသုံးမဝင်တော့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိသည်။

ဤချဉ်းကပ်မှုသည် မထိရောက်ကြောင်း တရုတ်၏ အပြင်းအထန် နယ်မြေချဲ့ထွင်မှုနှင့် ရင်ဆိုင်လာရသော တောင်တရုတ် ပင်လယ်အရေးက သက်သေထူခဲ့ပြီးလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဆီယံသည် ခက်ခက်ခဲခဲ ဆုံးဖြတ် ရွေးချယ်ရမှုများကို ပြုလုပ်ပြီး ခွထိုင်နေသော ခြံစည်းရုံးပေါ်မှ ဆင်းလာရန်လိုအပ်သည်။

စစ်ကောင်စီကို ကျားကန်ပေးရန် တရုတ်၏ သံတမန်ရေးကြိုးပမ်းမှုများ အောင်မြင်ပါက ပဋိပက္ခကို ပိုကြာအောင် ဆွဲဆန့်ကာ တရုတ်၏ ပြန်လည်ပြင်ဆင်ရေးဝါဒီ ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို သစ္စာခံမည့် စစ်အုပ်စုတစ်ခုကို ခိုင်မာအားကောင်း လာစေလိမ့်မည် ဖြစ်သည်။

ထိုရလဒ်သည် အပြန်အလှန်အားဖြင့် ဒေသတွင်း အခြားနိုင်ငံများအား ဝါရှင်တန်ဘက် လိုက်မလား၊ တရုတ်ဘက် လိုက်မလား ရွေးချယ်ရန် ဖိအားပေးလာဖွယ်ရှိနေသည်။ ယင်းအခြေအနေသည် မည်သည့် အာဆီယံအဖွဲ့ဝင်မျှ အလိုရှိသော ရလဒ်တစ်ခုကား မဟုတ်ခဲ့ပေ။

အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံကို မဟာဗျူဟာအရ အရေးမပါသော နိုင်ငံအဖြစ် ဆက်၍ လျစ်လျူရှု မထားနိုင်တော့ကြောင်း နားလည်လက်ခံသင့်သည်။

တောင်အာရှနှင့် အရှေ့တောင်အာရှတို့ တွေ့ဆုံရာ ဆုံမှတ်၌ တည်ရှိနေသဖြင့် တည်ငြိမ်မှုရှိသော မြန်မာနိုင်ငံသည် ကျန်ဒေသအားလုံး၏ တည်ငြိမ်ရေးအတွက် မရှိမဖြစ် အရေးကြီးသည်။

ပထမအဆင့်မှာ မြန်မာအက်ဥပဒေတွင် အာမခံထားသည့်အတိုင်း အမေရိကန်က မြန်မာ့အရေး ပိုမိုအရေးပေးပြီး နောက်ပိုင်းတွင် မိမိမူဝါဒများအား လိုက်ပါဆောင်ရွက်ရေး မဟာမိတ်နှင့် မိတ်ဖက်နိုင်ငံများကို ဆက်လက်စည်းရုံးသင့်သည်။

သို့သော် မြန်မာ့ပြည်တွင်းစစ်ကို “သူနိုင်လျှင် ကိုယ်ရှုံးမည်၊ ကိုယ်နိုင်လျှင် သူရှုံးရမည်” ဟူသော တရုတ်နှင့် ယှဉ်ပြိုင်နေသည့် ယတိပြတ် အရှုံးအနိုင် ပြိုင်ပွဲဟု အမေရိကန်အစိုးရက ရှုမြင်မထားသင့်ပေ။

တရုတ်၏ ပထဝီအနေအထား နီးကပ်မှုနှင့် မြန်မာနိုင်ငံ၌ ၎င်း၏ အဓိက အကျိုးစီးပွားများရှိနေမှုက မည်သည့်ဖြေရှင်းချက်တွင်မဆို တရုတ်က တစ်စိတ်တစ်ပိုင်း ပါဝင်ရန် လိုအပ်စေလျက်ရှိသည်။

ဖြောင့်ဖြောင့်ဆန့်ကျင်မည့်အစား ပဋိပက္ခများ အရှိန်အဟုန် မြင့်တက်လာခြင်းကို တားဆီးနိုင်ရေး လိုအပ်သော အရံအတားများ တည်ဆောက်ရန် ဝါရှင်တန်သည် ၎င်း၏ မြန်မာ့အရေးမူဝါဒများကို တရုတ်နှင့် ညှိနှိုင်းရန်ကြိုးပမ်းသင့်သည်။

အမေရိကန်အရာရှိများသည် တရုတ်ခေါင်းဆောင်များ၏ လက်တွေ့ အကျိုးမျှော် ဝါဒအတွက် ဆွဲဆောင်မှုရှိမည့်ပုံစံဖြင့် ဆွေးနွေးညှိနှိုင်းသင့်သည်။

ဒေသတည်ငြိမ်ရေးဆိုင်ရာ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံစလုံး၏ ဘုံအကျိုးစီးပွား ဖြစ်ထွန်းရေး ဆိုသည်မှာ စစ်အုပ်စု ပြုတ်ကျရေးသာ ဖြစ်ကြောင်း အမေရိကန်က ဆွေးနွေးတင်ပြရန်ဖြစ်သည်။

စစ်အုပ်စုသည် စစ်ရေးအရ အောင်ပွဲခံနိုင်မည့်လမ်းကြောင်း မရှိသည့်အခါမှသာ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးဖြေရှင်းရေးကို စဉ်းစားလာမည်ဖြစ်သဖြင့် မြန်မာအက်ဥပဒေအရ တော်လှန်ရေး အဖွဲ့များသို့ ပေးအပ်မည့် အမေရိကန်၏အကူအညီသည် တရုတ်အတွက် ခြိမ်းခြောက်မှု မဟုတ်ရုံမက ဘေဂျင်း၏ မူဝါဒများနှင့် ပါကိုက်ညီနေကြောင်း ရှင်းလင်းသင့်သည်။

ထို့အပြင် စစ်ကောင်စီအပေါ် လူထုထောက်ခံမှု လုံးဝမရှိခြင်းက ၎င်းအား ရေရှည်မိတ်ဖက်အဖြစ် ဆက်ဆံရန် အန္တရာယ်များလွန်းကြောင်း ဘေဂျင်းအား ကောင်းစွာ သတိပြုမိစေသင့်သည်။

စစ်အေးတိုက်ပွဲအရှိန်ကြောင့် ဒေသတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပြိုကွဲမသွားရေးမှာ အရှေ့တောင် အာရှနိုင်ငံများအတွက် အဓိက စိုးရိမ်စရာအချက် ဖြစ်သင့်ပြီး ၎င်းအချက်ကို ကြားဝင်မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီမှုရရှိရေး ဟူသော အလုပ်မဖြစ်သည့် စံနှုန်းများထက် ပိုမိုဦးစားပေးရန်လိုအပ်သည်။

စစ်ကောင်စီနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ထိုင်းနိုင်ငံ၏ မကြာသေးမီက ကြိုးပမ်းမှုသည် စစ်တပ်အား အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်သည်ဟု အဓိပ္ပာယ်လွဲမှား ကောက်ယူသွားစေနိုင်သဖြင့် လုံးဝမှားယွင်းသည့် ချဉ်းကပ်မှု ဖြစ်သည်။

ထိုသို့ ချဉ်းကပ်မည့်အစား ဒေသတည်ငြိမ်ရေးအတွက် အာဆီယံ၏ အကျိုးစီးပွားသည် အဖြေတစ်ခုတည်းကိုသာ လက်ညိုးညွှန်ပြလျက်ရှိသည်။ ၎င်းမှာ မြန်မာနိုင်ငံ မတည်မငြိမ် ဖြစ်ရခြင်း၏ အဓိကတရားခံဖြစ်သော စစ်အုပ်စုကို အာဏာမှ ဖယ်ရှားရှင်းလင်းရေး ဟူသော အဖြေသာ ဖြစ်သည်။

(Foreign Affairs မဂ္ဂဇင်းပါ Ye Myo Hein နှင့် Lucas Myers တို့၏ “ Is Myanmar the Frontline of a New Cold War?” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။

ယခုဆောင်းပါး၏ ပထမအပိုင်းကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=618142033746740&id=100066528465996&mibextid=qC1gEa
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article