တစ်စုတစ်ဖွဲ့တည်းနှင့် တွေ့ဆုံရေးသည် အာဆီယံ၏ မြန်မာ့ငြိမ်းချမ်းရေး အစီအစဉ်၌ မပါဝင်ဟု အင်ဒိုနီးရှား ပြောဆို
By Hariz Baharudin
မြန်မာ့အကြပ်အတည်း ဖြေရှင်းရာတွင် အာဆီယံသည် တူညီဆန္ဒ ငါးရပ်မူကို လိုက်နာရမည်ဖြစ်ပြီး အကျိုးသက်ဆိုင်သူ တစ်ဦးတစ်ဖွဲ့တည်းနှင့် တွေ့ဆုံ ဆွေးနွေးခြင်းသည် ငြိမ်းချမ်းရေးကို အထောက်အကူ မဖြစ်စေကြောင်း အင်ဒိုနီးရှားက တနင်္လာနေ့တွင် ပြောကြားသည်။
အင်ဒိုနီးရှားသည် ၂၀၂၃ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ ရာထူး ရယူခဲ့စဉ်ကတည်းက မြန်မာနိုင်ငံမှ အကျိုးသက်ဆိုင်သူ မျိုးစုံနှင့် တွေ့ဆုံဆွေးနွေးမှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည် ဟု ဂျကာတာ၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ဒေသဆိုင်ရာ သံတမန်ရေး အထူးအရာရှိ ငူရာဆွာဂျာရာ (Ngurah Swajaya)က ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီ (Retno Marsudi)က သုံးနှုန်းခဲ့သည့် “ကြေညာချက် မထုတ်ပြန်သော သံခင်းတမန်ခင်း” သို့မဟုတ် မြန်မာနှင့် တံခါးပိတ် ဆွေးနွေးမှုများအတွက် အင်ဒိုနီးရှား၏ ကြိုးပမ်းအားထုတ်မှုများကို ၎င်းက ထပ်လောင်းရှင်းပြသည်။
“ငါးလအတွင်း အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံက မိတ်ဖက်မျိုးစုံနဲ့ တွေ့ဆုံဆွေးနွေးမှု ၇၅ ကြိမ်ကျော် ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီလိုဆောင်ရွက်ခဲ့တဲ့ တွေ့ဆုံမှုမှာ စစ်ကောင်စီ၊ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ အခြားအဖွဲ့တွေ ပါဝင်ပါတယ်” ဟု ၎င်းကဆိုသည်။
“အမှန်တော့ တွေ့ဆုံမှုတွေကို ၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ အပြီးမှာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟုမေလက ကျင်းပခဲ့သော အာဆီယံအဖွဲ့ ခေါင်းဆောင်များ၏ အစည်းအဝေးကို ရည်ညွှန်းလျက် ၎င်းက ဖြည့်စွက်ပြောကြားသည်။
မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရက ပြောဆိုခဲ့အပြီး ၎င်း၏မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
တနင်္လာနေ့က စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် အဆိုပါ အစည်းအဝေးသို့ ကိုယ်တိုင် မတက်ရောက်ဘဲ အချို့က အငယ်တန်း အရာရှိများကိုသာ စေလွှတ်ခဲ့သည်ဟု ရိုက်တာက သတင်းပေးပို့သည်။
မြန်မာနှင့် အိမ်ရှင်ထိုင်းနိုင်ငံတို့အပြင် လာအိုနိုင်ငံ တစ်ခုတည်းကသာ အမြင့်ဆုံး သံတမန်ဖြစ်သော နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ခဲ့သည်ဟု ရိုက်တာ သတင်းရင်းမြစ်များက ဆိုသည်။
အစည်းအဝေးတက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ထိုင်းနိုင်ငံက ဖိတ်ကြားခဲ့သည်ဟု ရိုက်တာ၏ ယခင်အပတ်သတင်းတွင် ဖော်ပြခဲ့သည်။
“စစ်အစိုးရနဲ့ ပြန်လည်တွေ့ဆုံဖို့ဆိုတာ ထိပ်သီးအဆင့်တွေ့ဖို့ မပြောနဲ့၊ နိုင်ငံခြားရေး ဝန်ကြီးအဆင့် တွေ့ဆုံဖို့ ဆိုတာတောင် စောလွန်းနေပါသေးတယ်” ဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ရစ်ချနန် (Vivian Balakrishnan)က ပြီးခဲ့သည့် သောကြာနေ့က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ အစီအစဉ်နှင့် စပ်လျဉ်း၍ “အုပ်စုတစ်ခုတည်းနဲ့ တွေ့ဆုံတာဟာ အာဆီယံ တူညီဆန္ဒငါးရပ်နဲ့ မကိုက်ညီပါဘူး” ဟု မစ္စတာ ငူရာ (Mr Ngurah)က မှတ်ချက်ပြုသည်။
ထိုင်းနိုင်ငံက ကျင်းပနေသည့် အစည်းအဝေးကို အာဆီယံ ငြိမ်းချမ်းရေး အစီအစဉ်နှင့် ကွဲလွဲသည်ဖြစ်စေ၊ မကွဲလွဲသည်ဖြစ်စေ အင်ဒိုနီးရှားအနေဖြင့် မည်သည့် “သတ်မှတ်ချက်မျှ” ပြုလုပ်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
သို့သော် “လာဘူအန် ဘာဂျို (Labuan Bajo) မှာ ကျင်းပခဲ့တဲ့ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံမှာ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကနေ ရုန်းထွက်ပြီး မြန်မာတွေ ဦးဆောင်လို့ မြန်မာတွေ ပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေး အဖြေတစ်ရပ်ရရှိဖို့ မြန်မာနိုင်ငံကို အာဆီယံက ကူညီတဲ့နေရာမှာ တူညီဆန္ဒငါးရပ်ဟာ အဓိက ရည်ညွှန်းကိုးကားရမယ့်အချက် ဖြစ်တယ်လို့ ခေါင်းဆောင်အားလုံးက အလေးအနက် ပြောကြားခဲ့ပါတယ်” ဟု ၎င်းက အလေးထားပြောဆိုသည်။
၂၀၂၃ ခုနှစ်၌ အာဆီယံဥက္ကဋ္ဌ ဖြစ်နေသည့် အင်ဒိုနီးရှားသည် ဒီမိုကရေစီနည်းတကျ ရွေးကောက်ထားသော အစိုးရကို စစ်တပ်က အာဏာသိမ်း၍ ဖယ်ရှားခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်းမှစ၍ ဝရုန်းသုန်းကား အခြေအနေဖြစ်နေသော မြန်မာ့အရေးကို တိုးတက် ကောင်းမွန်လာအောင် အစွမ်းကုန် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောဆိုသည်။
၂၀၂၁ ခုနှစ်၊ ဧပြီတွင် အာဆီယံသည် မြန်မာနိုင်ငံဆိုင်ရာ တူညီဆန္ဒငါးရပ်ဖြင့် ငြိမ်းချမ်းရေး အစီအစဉ် တစ်ရပ်ကို ရေးဆွဲခဲ့သော်လည်း ငြိမ်းချမ်းမှု ပြန်လည်ရရှိရေး သို့မဟုတ် အာဏာသိမ်းမှုအလွန် ထောင်နှင့်ချီသော လူများသေဆုံးခဲ့ရသည့် အကြမ်းဖက်မှုများ ပပျောက်ရေးတွင် တိုးတက်မှု မရှိသလောက် ဖြစ်နေခဲ့သည်။
အာဆီယံ၏ ရပ်တည်ချက် သဘောထားမှာ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည့်အတွက် အာဆီယံအဖွဲ့၏ မည်သည့် အဆင့်မြင့် အစည်းအဝေးကိုမျှ မြန်မာစစ်ကောင်စီကို တက်ရောက်ခွင့် မပေးဘဲ ပိတ်ပင်ထားကာ ၎င်းတို့အစား နိုင်ငံရေးရာထူး မဟုတ်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားတက်ရောက်စေလျက် ရှိသည်။
ယခု ထိုင်းအစီအစဉ်ကို ဝေဖန်သူများက ၎င်းတွေ့ဆုံမှုသည် မြန်မာစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာ ရောက်သွားနိုင်သည့် အန္တရာယ်ရှိပြီး အစည်းအဝေးကို အာဆီယံတရားဝင် ငြိမ်းချမ်းရေး အစီအစဉ်၏ ပြင်ပတွင် ပြုလုပ်ခြင်း ဖြစ်သဖြင့် မသင့်တော်ကြောင်း ထောက်ပြကြသည်။
အခြားသူများကလည်း မေ ၁၄ ရက်က ကျင်းပခဲ့သောရွေးကောက်ပွဲတွင် စစ်တပ်လိုလားသည့် ညွန့်ပေါင်းအဖွဲ့ကို တိုးတက်သော လူထုအကျိုးပြု ပါတီများက အခိုင်အမာ အနိုင်ရထားပြီး၍ လာမည့်ဩဂုတ်လတွင် အစိုးရအသစ်တစ်ခု ပေါ်ပေါက်လာရန် မျှော်လင့်ရသည့် ယခုလို အချိန်အခါမျိုးမှ ထိုင်းနိုင်ငံက အဘယ့်ကြောင့် တွေ့ဆုံဆွေးနွေးပွဲကို ခေါ်ယူကျင်းပရသလဲ ဟူသည့် အကြောင်းရင်းကို မေးခွန်းထုတ်လျက် ရှိကြသည်။
ဆေနွေးပွဲ ကျင်းပရသည့် အကြောင်းရင်းကို ထိုင်းနိုင်ငံက တနင်္လာနေ့တွင် ရှင်းလင်းပြောဆိုခဲ့ပြီး ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံနှင့် ထိစပ်နေသော ၎င်းတို့၏နယ်စပ်ကို ကာကွယ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု ဆိုသည်။
တနင်္ဂနွေနေ့က ထိုင်းဘာသာဖြင့် ထုတ်လွှင့်သည့် Nation TV က ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၏ အတွင်းရေးမှူးဖြစ်သူ မစ္စတာ နာတီဝက်စမတ် (Mr Nantiwat Samart)ကို ကိုးကားခဲ့ရာ မြန်မာနိုင်ငံကို လုံးဝအထီးကျန် ဖြစ်အောင် ဘေးဖယ်ထားခြင်း သို့မဟုတ် အာဆီယံက အဆက်အသွယ် ဖြတ်တောက်ထားခြင်းကို မလုပ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာ့အရေး တိုးတက်မှုရှိအောင် အင်ဒိုနီးရှား၏ ကြိုးပမ်းမှုများသည် ဆောင်ရွက်ဆဲ လုပ်ငန်းစဉ် ဖြစ်သော်လည်း မူဝါဒရေးရာ၌ တသမတ်တည်း ဖြစ်ရန် အရေးကြီးကြောင်း မစ္စတာ ငူရာ (Mr Ngurah)က အလေးပေး ပြောဆိုသည်။
“အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုတွေနဲ့အတူ တိုးတက်မှုကို ရရှိလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းကပြောကြားသည်။
(The Straits Times မဂ္ဂဇင်းပါ Hariz Baharudin ၏ “Engaging just one stakeholder not part of Asean’s Myanmar peace plans, says Indonesia” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)။
