ကိုယ်တိုင် အခက်တွေ့နိုင်ပေမယ့် အာဏာရှင် အကြီးအကျယ် ဒုက္ခရောက်မယ်ဆိုရင် ပြည်သူတွေ ကျေနပ်တယ်
By လမ်းသစ်
တရားမဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ စီးဆင်းမှုအတွက် အရေးပါတဲ့ နိုင်ငံပိုင်ဘဏ်ကြီး ၂ခုကို အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့ကြောင်း ကြေညာလိုက်တာဟာ မြန်မာတစ်ပြည်လုံးကို တသိမ့်သိမ့် တုန်ခါလှုပ်ခတ်သွားစေပါတယ်။
ဒီလို အရေးယူပိတ်ဆို့မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို ပြည်သူတွေပါ ခံစားရမှာဖြစ်ပေမယ့် အကြမ်းဖက် စစ်အုပ်စုကို အကြီးအကျယ် ထိခိုက်စေမယ့် အရေးယူမှုဖြစ်တာကြောင့် မြန်မာပြည်သူတွေက ကြိုဆိုနေကြပါတယ်။
ဆင်းရဲဒုက္ခမျိုးစုံနဲ့အတူ သန်းခေါင်ထက် ညဉ့်မနက်တော့တဲ့ မြန်မာပြည်သူတွေအတွက် မင်းအောင်လှိုင်တို့ အကြမ်းဖက်အုပ်စု ပြိုလဲသွားဖို့က အဓိကကျနေတာ မဟုတ်ပါလား။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ဇွန်လ ၂၁ရက်နေ့က ထုတ်ပြန်ချက်မှာ စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနနဲ့အတူ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့ကြောင်း ကြေညာခဲ့တာပါ။
တရားဝင်ကြေညာချက် မထုတ်ပြန်ခင်ကတည်းက နိုင်ငံပိုင် မြန်မာဘဏ်ကြီး ၂ ခုကို အရေးယူတော့မှာဖြစ်ကြောင်း Thai PBS သတင်းဌာနကနေ ဇွန်လ ၁၉ရက်မှာ ဖော်ပြခဲ့ပါတယ်။
ချက်ချင်းဆိုသလို နောက်တစ်နေ့ ဇွန်လ ၂ဝ ရက်မှာပဲ အကြမ်းဖက်ပြောခွင့်ရ ဇော်မင်းထွန်းက နိုင်ငံပိုင်ဘဏ်တွေအနေနဲ့ အမေရိကန်ဘဏ်တွေနဲ့ ဆက်စပ်ပြီး ဘဏ်စာရင်းဖွင့်ထားတာတွေ၊ ချိတ်ဆက် လုပ်ဆောင်နေတာတွေ မရှိတာကြောင့် သူတို့အတွက် ထိခိုက်မှုမရှိနိုင်ဘူးလို့ စစ်တပ်ပိုင် မြဝတီသတင်းမှာ ပြာပြာသလဲ ထွက်ပြောခဲ့ပါတယ်။
“အမေရိကန်ပြည်ထောင်စုက ဒီလိုမျိုးဆောင်ရွက်ခြင်းက စီးပွားရေးအရ နိုင်ငံရေး အကျပ်အတည်းဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်တယ်။ မေးခွန်းထုတ်လိုတာက ပါတီစုံ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ် သွားမယ်လို့ ပြောထားတာကို ဒီလိုမျိုးလုပ်ကိုင်ခြင်းက ပါတီစုံ ဒီမိုကရေစီစနစ် သွားတဲ့နေရာမှာ မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေ ဖြစ်စေနိုင်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ ဖိနပ်ကြားက နတ်စကား ထွက်လာခဲ့ပါသေးတယ်။
တကယ်တမ်း အရေးယူပိတ်ဆို့မှု ကြေညာချက် ထွက်လာတဲ့အခါမှာတော့ ဇော်မင်းထွန်းတစ်ယောက် အနည်းငယ် လေသံပျော့သွားခဲ့ပါတယ်။
“အနည်းနဲ့အများ ထိရောက်တာတော့ ရှိကောင်းရှိနိုင်တယ်။ သို့သော် ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လှုံ့ဆော်မှုတွေကြောင့်မလို့၊ ဒေါ်လာဈေးနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှုတွေကြောင့်မလို့ အနည်းငယ် တက်ကောင်း တက်လာနိုင်တယ်။ ပြီးရင်တော့ ပုံမှန်အနေအထားပဲ ပြန်ရောက်သွားလိမ့်မယ်လို့ မြင်ပါတယ်” ဆိုပြီး ပြောပြန်ပါတယ်။
တကယ်တမ်းမှာ အရေးယူပိတ်ဆို့မယ်လို့ အသံတွေထွက်နေကတည်းက သူတို့ကို ဘာတွေ ထိခိုက်လာနိုင်လဲဆိုပြီး သက်ဆိုင်ရာဌာနတွေဆီက စာတမ်းတွေ အလျင်အမြန် တောင်းခဲ့ပြီး အရေးပေါ် အစည်းအဝေးတွေ လုပ်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံဖိုး စစ်လက်နက်တွေ ပြည်ပကနေ ဝယ်ယူတဲ့အထဲမှာ ဒဏ်ခတ်အရေးယူထားတဲ့ ရုရှားဆီကလည်း ဝယ်ခဲ့ပါတယ်။
ဒီလိုဝယ်ယူမှုဟာ ရုရှားအတွက် ဝင်ငွေတွေဖြစ်စေခဲ့သလို အဲ့ဒီကနေရလာတဲ့ စစ်လက်နက်တွေနဲ့ မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီက ခြယ်လှယ်ထားတဲ့ MFTB နဲ့ MICB ဘဏ်တွေဟာ နိုင်ငံခြားငွေလဲလှယ်မှုကို အဓိကလုပ်ဆောင်ပြီး ကျပ်ငွေကို အမေရိကန်ဒေါ်လာနဲ့ ယူရိုအဖြစ် အပြန်အလှန် ပြောင်းလဲပေးနိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
ဒီဘဏ်တွေကနေတစ်ဆင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုငွေတွေဟာ စစ်ကောင်စီထံ စီးဆင်းပြီး လက်နက်ဝယ်ယူမှုတွေမှာ အထောက်အပံ့ဖြစ်နေကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။
“ကျနော်တို့အနေနဲ့ မြန်မာပြည်သူတွေကို ဆက်လက်ပံ့ပိုးကူညီသွားမှာပါ။ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း ဆက်လက်ဆန့်ကျင်သွားမှာပါ။” လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူ Brian E.Nelson က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တခြားပုဂ္ဂလိကဘဏ်တွေ ရှိပေမယ့် လုပ်ဆောင်နိုင်မှု အကန့်အသတ်တွေရှိတာကြောင့် လုပ်ငန်းရှင်တွေသာမက အဲ့ဒီဘဏ်တွေ ကိုယ်တိုင်လည်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနေကြရပါတယ်။
နိုင်ငံခြားငွေ အဝင်အထွက်တွေကို ထိန်းချုပ်ဖို့အတွက် နိုင်ငံပိုင်ဘဏ်တွေကို လုပ်ပိုင်ခွင့် ကြီးကြီးမားမား ပေးထားပြီး တခြားပုဂ္ဂလိက ဘဏ်တွေကိုတော့ ကန့်သတ်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ တရားမဝင် စစ်ကောင်စီကိုသာမက မြန်မာပြည်သူတွေကိုပါ ထိခိုက်စေတာကတော့ အမှန်ပါ။
အရေးယူပိတ်ဆို့မယ်လို့ သတင်းတွေ ထွက်လာကတည်းက ဒေါ်လာဈေး၊ ရွှေဈေးတွေ တရိပ်ရိပ် မြင့်တက်လာခဲ့ပါတယ်။ ပို့ကုန်သွင်းကုန် သမားတွေကလည်း ရှေ့လျှောက် ပိုမိုခက်ခဲလာမယ့် အခြေအနေတွေအတွက် စိုးရိမ်နေကြပါတယ်။
ဗဟိုဘဏ် ရည်ညွှန်းဈေး တစ်ဒေါ်လာကို ၂၁ဝဝ ကျပ်နဲ့ ပြင်ပပေါက်ဈေးဟာ ၁ဝဝဝ ကျပ်နီးပါး ကွာနေသလို တရားဝင် ငွေလဲလုပ်ငန်းတွေမှာ ဗဟိုဘဏ် ပေါက်ဈေးအတိုင်း ကြေညာထားပေမယ့် အရောင်းအဝယ်တွေ ရပ်နေပါတယ်။ ပြင်ပဈေးကွက်မှာတော့ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေကြပါတယ်။
ဒေါ်လာဈေးနဲ့အတူ ရွှေဈေးကလည်း မြင့်တက်နေပေမယ့် ရွှေဈေးကွက်မှာ အရောင်းမရှိဘဲ အဝယ်သာရှိနေတယ်လို့ ပြောပါတယ်။ အမေရိကန်ရဲ့ အခုနောက်ဆုံး အရေးယူမှု ထွက်ပေါ်မလာခင်ကတည်းက ဒေါ်လာဈေးနဲ့ ရွှေဈေး မထိန်းချုပ်နိုင်တဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်နဲ့ မန္တလေးက ရွှေကုန်သည်တချို့ကို ဖမ်းဆီးခဲ့တဲ့အတွက် ဈေးကွက်ထဲမှာ မလှုပ်ရဲဖြစ်နေကြပါတယ်။
မြန်မာကျပ်ငွေတန်ဖိုး ထိုးကျနေတာကြောင့် ဒေါ်လာ၊ ရွှေနဲ့ အိမ်ခြံမြေဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ များနေတယ်လို့လည်း စီးပွားရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။
တိုင်းပြည်စီးပွားရေး ယိုယွင်းပျက်စီးမှုကြောင့် လူထုအားလုံး ဒုက္ခကြုံနိုင်မယ့် အရေးယူပိတ်ဆို့မှုမျိုး ဖြစ်ပေမယ့် မင်းအောင်လှိုင်တို့ စစ်အုပ်စုကို အထိနာစေမယ်ဆိုရင် မြန်မာပြည်သူတွေက ကျေနပ်နေကြတာပါ။
မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ၊ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး (GMSR) ၊ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (BMC) နဲ့ Justice For Myanmar စတဲ့ အဖွဲ့အစည်းအသီးသီးက ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။
ဖက်ဆစ်စစ်တပ်ရဲ့ ဝင်ငွေစီးဆင်းမှု ရေသောက်မြစ်ကြီးဖြစ်တဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကိုလည်း ထပ်မံ အရေးယူဒဏ်ခတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
“အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုယန္တရားရယ် နိုင်ငံခြားငွေ လွှဲပြောင်းမှု ယန္တရားပေါ်မှာကတော့ တော်တော်လေးကို ထိခိုက်မှု သိပ်ကြီးတယ်။ ဒါကြောင့်မို့လို့ အမေရိကန်အစိုးရရဲ့ အခုလို ဆောင်ရွက်ခဲ့မှုအပေါ်မှာ ကျနော့်အနေနဲ့ ကြိုဆိုတယ်။ ထောက်ခံအားပေးတယ်။ သိပ်အရေးကြီးတဲ့ အရွေ့ဖြစ်ပါတယ်”
“လက်တွေ့အရ ကျနော်တို့တော်လှန်ရေးအတွက် သိပ်ပြီးတော့ ကြီးမားတဲ့ သက်ရောက်မှု ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီး၊ ဗဟိုဘဏ်ဥက္ကဌ ဦးတင်ထွန်းနိုင်က ပြောပါတယ်။
အမေရိကန်က အခုနောက်ဆုံး ပြုလုပ်လိုက်တဲ့ အရေးယူပိတ်ဆို့မှု ဖြစ်စဉ်ကို ကြည့်ရင် မြန်မာပြည်သူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝ ခက်ခဲကြမ်းတမ်းမယ့် အရေးထက် တရားမဝင် စစ်ကောင်စီ ချုပ်ငြိမ်းရေး ပန်းတိုင်ဆီကိုသာ တစိုက်မတ်မတ် လျှောက်လှမ်းနေကြပါတယ်။ ပြည်သူတွေအတွက် အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်မှာနေရတာဟာ အဆိုးဝါးဆုံး နေ့ရက်တွေပဲ မဟုတ်ပါလား..