30 C
Yangon

တရားမဝင် လူသတ်စစ်အုပ်စုကို အသိအမှတ် မပြုပါနဲ့၊ ရဲဆေးတင်မပေးပါနဲ့

Must read

တရားမဝင် လူသတ်စစ်အုပ်စုကို အသိအမှတ် မပြုပါနဲ့၊ ရဲဆေးတင်မပေးပါနဲ့

By လမ်းသစ်

အာဏာသိမ်း စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြေပြင်တိုက်ပွဲ ရှုံးနိမ့်မှုတွေ၊ သံတမန်ရေးရာ ကျဆုံးမှုတွေ၊ နိုင်ငံတကာရဲ့ စီးပွားရေးအရ အရေးယူဒဏ်ခတ်မှုတွေကြောင့် ပြည်သူဆီက လုယူထားတဲ့ အာဏာပုလ္လင်ထက်မှာ ယိုင်နဲ့နဲ့ ဖြစ်နေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ သွေးရူးသွေးတန်းဖြစ်နေတဲ့ အကြမ်းဖက် စစ်အုပ်စုကို အသိအမှတ်ပြု၊ ရဲဆေးတင်ပေးတာမျိုး မလုပ်မိကြဖို့ လိုအပ်ပါတယ်။

မွေးကတည်းက အသေလေး မွေးလာတယ်လို့ တချို့တွေ ဝေဖန်ကြတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မလိုက်နာတာကြောင့် ထိပ်သီးအစည်းအဝေးတချို့ကို တက်ရောက်ခွင့် မရတဲ့ မြန်မာစစ်အုပ်စုဟာ တစ်ဖက်မှာတော့ အရေးပါတဲ့ ဆွေးနွေးပွဲတွေမှာ ကျကျနန ဝင်ထိုင်ခွင့် ရနေပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ရဲ့ ဆက်စပ်အစီအစဉ်အနေနဲ့ မြန်မာစစ်တပ်နဲ့ ရုရှားအစိုးရတို့ ဦးဆောင်ပြီး ADMM PLUS အလုပ်ရုံဆွေးနွေးပွဲကို မကြာခင် လပိုင်းအတွင်းမှာ ကျင်းပဖို့ ရှိနေပါတယ်။

စားပွဲဝိုင်း ဆွေးနွေးမှုတွေကို သြဂုတ်လအတွင်း မြန်မာနိုင်ငံမှာ ပြုလုပ်ဖို့ရှိနေပြီး လက်တွေ့စစ်ရေး လေ့ကျင့်မှုတွေကိုတော့ စက်တင်ဘာလအတွင်း ရုရှားနိုင်ငံမှာ လုပ်ဆောင်ဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒီအတွက် ပြင်ဆင်ရေးညီလာခံကို ဇွန်လထဲမှာပဲ အာဆီယံအဖွဲ့ဝင်တွေနဲ့အတူ တရုတ်နဲ့ အိန္ဒိယတို့ပါဝင်ပြီး ရုရှားနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်နိုင်ငံတွေကတော့ အဲ့ဒီအစည်းအဝေးကို သပိတ်မှောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ADMM Plus အဖွဲ့ထဲမှာ အာဆီယံ ၁ဝ နိုင်ငံနဲ့အတူ ရုရှား၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့ ပါဝင်ပါတယ်။

ဒီဆွေးနွေးပွဲတွေ၊ လေ့ကျင့်ရေးအစီအစဉ်တွေဟာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြုလုပ်နေတာကြောင့် ကိုယ်တိုင်က အကြမ်းဖက်သမားဖြစ်နေတဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုနဲ့ လုံးဝမသင့်တော်သလို အကြမ်းဖက်အဖွဲ့အစည်းကို တရားဝင်မှု ပေးအပ်ရာလည်း ရောက်နေပါတယ်။

မြန်မာဖက်ဆစ် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရက်စက်ယုတ်မာမှုတွေကို အဆုံးသတ်ပေးဖို့ လိုအပ်နေချိန်မှာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ရဲ့ အစီအစဉ်တွေဟာ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေအတွက် အဟန့်အတား ဖြစ်နေစေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်က တရားမဝင် အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂ဝ၂၃ ခုနှစ် ဇွန် ၂၃ရက်အထိ ကျဆုံးသူ စုစုပေါင်း ၃၆၉၂ ယောက်ရှိပြီး ဖမ်းဆီးခံရသူပေါင်း ၂၃၄၄၁ ယောက် ရှိခဲ့ပါတယ်။ နိုင်ငံတဝန်း လက်နက်ကြီး ထိမှန်မှုကြောင့် ၃၅၄ ယောက် သေဆုံးခဲ့သလို အများဆုံးကတော့ စစ်ကိုင်းတိုင်းမှာ ဖြစ်ပြီး ၁၁၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ADMM ရဲ့ အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ကို မြန်မာစစ်တပ်ရဲ့ လေ့ကျင့်ရေးဌာန ဒုတိယစစ်ဦးစီးချုပ် အောင်မျိုးသန့်နဲ့ ရုရှားအရှေ့ပိုင်း စစ်ဗျူဟာခရိုင် စစ်ဆင်ရေးဗျူဟာမှူး ဗိုလ်ချုပ် Grigori Tiurin တို့က ပူးတွဲဥက္ကဌအဖြစ် ၂ဝ၂၁ ကနေ ၂ဝ၂၃ နှစ်ကုန်အထိ တာဝန်ယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်တုန်းကလည်း မြန်မာနဲ့ရုရှားတို့ ဦးဆောင်တဲ့ ADMM အစည်းအဝေးတွေကို မတက်ရောက်ဖို့ သက်ဆိုင်ရာ ADMM မိတ်ဖက်နိုင်ငံတွေဆီကို ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့ပေါင်း ၄၄၈ ဖွဲ့က အိတ်ဖွင့်ပေးစာတွေ ပေးပို့တောင်းဆိုခဲ့ကြပါသေးတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ADMM အလုပ်အဖွဲ့ကို သူတို့ရဲ့ ဝါဒဖြန့်ချိရေးအတွက် အသုံးချနေတဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် ဒေသတွင်းအကူအညီရယူဖို့ အသုံးချနေတယ်လို့ Justice For Myanmar က မှတ်ချက်ပေးထားပါတယ်။

မြန်မာပြည်သူတွေအပေါ် အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေတဲ့ စစ်ကောင်စီကို အာဆီယံအနေနဲ့ တရားဝင် အစည်းအဝေးတွေမှာ ဆက်လက် ဖိတ်ကြားနေမှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ကုလသမဂ္ဂ ကျွမ်းကျင်သူ သောမတ်စ် အင်ဒရူးက အခုလိုပြောခဲ့ပါတယ်။

“ဒီလိုလုပ်ရပ်မျိုးဟာ အာဆီယံရဲ့ ယုံကြည်ကိုးစားထိုက်မှုကို ထိခိုက်စေရုံမက စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာရောက်ပြီး မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ပိုမိုရှည်ကြာစေမှာ ဖြစ်ပါတယ်”

“ဒါကို လက်သင့်မခံနိုင်ပါဘူး။ အာဆီယံရဲ့ ဘယ်အစည်းအဝေးကိုမှ စစ်အုပ်စုကို မဖိတ်ကြားသင့်ပါဘူး” လို့ သူက ပြောခဲ့ပါတယ်။

အာဆီယံဘက်ကတော့ ဒီအစည်းအဝေးတွေဟာ ကျွမ်းကျင်သူအဆင့် အစည်းအဝေးတွေသာဖြစ်ပြီး သူတို့အနေနဲ့ အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးအဆင့်ပုဂ္ဂိုလ်တွေ တက်ရောက်ခွင့် မပြုဖို့ တားမြစ်ချက်ကို ချိုးဖောက်ခြင်းမရှိဘူးလို့ တုန့်ပြန်ထားပါတယ်။

မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့ ရုရှားတို့ ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ အစည်းအဝေးတွေကို အာဆီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်တက်ရောက်လျက် ရှိပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှု အစီအစဉ်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေခံမူတွေကို လိုက်နာဆောင်ရွက်ရမယ့် အာဆီယံဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ တုန်လှုပ်ဖွယ်ရာ ကျရှုံးမှုသက်သေပဲ ဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

မြန်မာအကြမ်းဖက်စစ်အုပ်စုကို ADMM အစည်းအဝေးတွေကနေ ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်းများစွာက အစဉ်တစိုက် တောင်းဆိုနေခဲ့ကြပေမယ့် အာဆီယံက လျစ်လျူရှုထားခဲ့ပါတယ်။

ဖက်ဆစ်စစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက်တွေကို အဖတ်မလုပ် မလိုက်နာတဲ့တိုင်အောင် အာဆီယံရဲ့ ကာကွယ်ရေးကဏ္ဍ လှုပ်ရှားဆောင်ရွက်မှု အစီအစဉ်တွေအတိုင်း တင်းပြည့်ကျပ်ပြည့် ဆက်လက်ပါဝင်ခွင့်ရနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု ခံထားရတဲ့ မြန်မာရေတပ်ဦးစီးချုပ် မိုးအောင်ဟာ အာဆီယံ ရေတပ်စစ်ဦးစီးချုပ်များ အစည်းအဝေး (ANCM) မှာ ၂ဝ၂၄ ခုနှစ်အတွက် ဦးဆောင်မှုကို ပေးအပ်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများစွာ သေဆုံး ဘဝပျက်နေကြတာ အားလုံးအသိဖြစ်ပေမယ့် လေတပ်ဦးစီးချုပ် ထွန်းအောင်ကိုလည်း အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ (AACC) ရဲ့ ခေါင်းဆောင်အဖြစ် ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလမှာ ခန့်အပ်ခဲ့ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကို ကြီးကြပ်ဖို့အခွင့်အာဏာ ပေးအပ်ထားတာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို အာဆီယံရဲ့ အစည်းအဝေးတွေ လှုပ်ရှားမှုတွေကနေ ဖယ်ရှားပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ အာဏာရူးကို ထပ်ပြီး ရဲဆေးတင်မပေးဖို့ တောင်းဆိုလိုက်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article