31 C
Yangon

မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ PDF ရဲဘော် ၄ ဦးကျဆုံး၊ မုံရွာမြို့တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ PDF ရဲဘော် ၄ ဦးကျဆုံး၊ မုံရွာမြို့တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၇

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ PDF ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် ၄ MSPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကျောက်ရစ်ရဲစခန်းမှ အကြမ်းဖက် စစ်သားများသည် ပရိမ္မကျေးရွာကို တိတ်တဆိတ် စစ်ကြောင်းထိုး ၀င်ရောက်လာပြီး စစ်ကိုင်းခရိုင်တပ်ရင်း အမှတ် ၄ မှ စခန်းမှူး ဗိုလ်စာကလေး ခေါ် ဆရာသက်ခိုင် ကို အကြမ်းဖက် စစ်တပ်၏ ဒလန် သတင်းပေးမှုကြောင့် ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားသော စခန်းမှူး ဗိုလ်စာကလေး ခေါ် ဆရာသက်ခိုင်ကို ပြန်လည် ကယ်ထုတ်နိုင်ရန် အတွက် ပရိမ္မကျေးရွာမှ ကျောက်ရစ်စခန်းသို့ အပြန် တောချောင်းလေး ကျေးရွာထဲတွင် စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၄ နှင့်အတူ ညီနောင်မဟာမိတ် တပ်များဖြစ်ကြသော မိတ္ထီလာခရိုင်တပ်ရင်းအမှတ် – ၂ ၊ မြင်းခြံခရိုင်တပ်ရင်း – ၈ တို့မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် ၄ မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မိတ္ထီလာ ခရိုင်တပ်ရင်း-၂ မှ ရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့ကြောင်း၊ မတရားဖမ်းဆီးခြင်းခံခဲ့ရသော စခန်းမှူး ကိုသက်ခိုင်ကို အကြမ်းဖက် စစ်တပ်က လမ်းခရီး တစ်နေရာ၌ သတ်ဖြတ်သွားကြောင်း စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် ၄ MSPDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းကိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇလုပ်အဝိုင်းပတ်၌ ကင်းပုန်းယူ၍ စစ်ဆေးရေး လုပ်နေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မုံရွာနတ်ဆိုး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် ဇလုပ်အဝိုင်းပတ် အရှေ့နှင့်တောင်ဘက်တွင် ကင်းပုန်းယူ၍ အစစ်အဆေး ပြုလုပ်နေသော အကြမ်းဖက် စစ်သားများကို အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ရာ ၁ ဦး လဲကျသေဆုံးပြီး ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂၂ -မုံရွာ နတ်ဆိုးက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာနတ်ဆိုး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article