30 C
Yangon

စစ်တပ်က ထုတ်ပြန်သည့် ငွေတိုက်စာချုပ်များ တရားမဝင်ကြောင်း NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှုံမှု ဝန်ကြီးဌာန ထုတ်ပြန်

Must read

စစ်တပ်က ထုတ်ပြန်သည့် ငွေတိုက်စာချုပ်များ တရားမဝင်ကြောင်း NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှုံမှု ဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၂၈

အာဏာသိမ်း စစ်ကောင်စီနှင့် ယင်း၏ လက်အောက်ခံအဖွဲ့အစည်းများမှ ထုတ်ဝေရောင်းချသည့် ငွေချေးစာချုပ်များ တရားမဝင် အာမခံချက် မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှုံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီသည် ၎င်းတို့ သက်ဆိုးရှည်စေရန်နှင့် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နိုင်ရန် အရေးပေါ်လိုအပ်နေသော ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းနိုင်ရေးအတွက် အစိုးရငွေချေးသက်သေခံလက်မှတ်များကို ၃ လပတ်အလိုက် အချိန် ဇယား ရေးဆွဲပြီး ပြည်တွင်း၌ ထုတ်ဝေရောင်းချ၍ ငွေချေးယူလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက်လည်း တရားမဝင် ငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချ၍ ငွေချေးယူရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (၂၀၂၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄) အရ အစိုးရငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေ ရောင်းချ၍ ငွေချေးယူခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောတူခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တရားမဝင် အာဏာသိမ်း စစ်ကောင်စီမှ ငွေချေးစာချုပ်များ ရောင်းချခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော် သို့မဟုတ် အစိုးရအဖွဲ့အပေါ် ဥပဒေအရ သက်ရောက်မှုရှိမည် မဟုတ်ကြောင်းနှင့် နိုင်ငံတော် သို့မဟုတ် အစိုးရအဖွဲ့အပေါ် တောင်းဆိုပိုင်ခွင့်ရှိမည် မဟုတ်ကြောင်း အတိအလင်း ပြဋ္ဌာန်းပြီးဖြစ်ကြောင်းလည်း သိရှိရသည်။

အမျိုးသားညီညွတ်ရေး အစိုးရမှ ပြဋ္ဌန်းထားသည့် ပုဒ်မ ၄၆ တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ကန့်သတ်ထားသော အဖွဲ့အစည်း တစ်ရပ်ရပ်၏ ငွေချေးယူခြင်း၊ ကြွေးမြီတင်ရှိခြင်း သို့မဟုတ် ပေးရန်တာဝန်ရှိခြင်းသည် အစိုးရကြွေးမြီ သို့မဟုတ် ပြည်သူ့ကြွေးမြီ သို့မဟုတ် နိုင်ငံတော်၏ အာမခံချက်ရှိသည့် ကြွေးမြီဟု မှတ်ယူခြင်းမပြုရန် ပါရှိပြီး ထိုကဲ့သို့သော ငွေချေးခြင်း၊ ကြွေးမြီ သို့မဟုတ် ပေးရန်တာဝန် ရှိမှုတို့နှင့် စပ်လျဉ်း၍ ကန့်သတ်ထားသော အဖွဲ့အစည်းတစ်ရပ်ရပ်မှ ချုပ်ဆိုထားသော သဘောတူညီချက်များ၊ စာချုပ်စာတမ်းများ သို့မဟုတ် အာမခံချက်များအားလုံးသည် နိုင်ငံတော် သို့မဟုတ် အစိုးရအဖွဲ့အပေါ်တွင် ဥပဒေအရသက်ရောက်မှုမရှိကြောင်း၊ ထို့ပြင် ပုဒ်မ ၄၇ အရကန့်သတ်ထားသော အဖွဲ့အစည်းတစ်ခု၏ ချေးငွေ၊ ကြွေးမြီ၊ တာဝန်ဝတ္တရားများ သို့မဟုတ် ကြွေးမြီဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော် သို့မဟုတ် အစိုးရအဖွဲ့အပေါ် တွင် တောင်းဆိုပိုင်ခွင့်မရှိကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

ထိုကြောင့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ ငွေချေးသက်သေခံလက်မှတ်များအားလုံးသည် အစိုးရကြွေးမြီ (သို့မဟုတ်) ပြည်သူ့ကြွေးမြီး (သို့မဟုတ်) နိုင်ငံတော်၏ အာမခံချက်ရှိသည့် ကြွေးမြီများ မဟုတ်သည့်အတွက် နိုင်ငံတော် (သို့မဟုတ်) အစိုးရအဖွဲ့အပေါ် တောင်းဆိုပိုင်ခွင့်မရှိကြောင်း အသိပေးကြေညာကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှုံမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article