ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ကို BGF တပ်အဖြစ် စစ်တပ်က လက်နက် တပ်ဆင်ပေးမည့် သတင်းများ ထွက်ပေါ်နေ
ရန်ကုန်၊ ဇွန် ၂၉
ရခိုင်ပြည်နယ်တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ကို BGF နယ်ခြားစောင့်တပ်အဖြစ် အကြမ်းဖက် စစ်တပ်က လက်နက်တပ်ဆင်ပေးမည်ဟု ရခိုင်ပြည်သူများ အကြား သတင်း ထွက်ပေါ်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် အကြမ်းဖက် စစ်တပ်သည် ယခုလပိုင်းအတွင်း ပိုမိုချိတ်ဆက်လာကာ ALP ၏ ယူနီဖောင်းသည် မြန်မာ စစ်တပ် ယူနီဖောင်း ဖြစ်လာကြောင်း၊ ယင်းသို့ ယူနီဖောင်း အပြောင်းအလဲသည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ စတင် ပြောင်းလဲလာပြီး လက်ရှိတွင် ALP နှင့် မြန်မာစစ်တပ်တို့သည် ပိုမို ချိတ်ဆက်လာကာ ALP၏ ယူနီဖောင်းသည် မြန်မာစစ်တပ်၏ ယူနီဖောင်းနှင့် တူနေကြောင်း၊ ဘတ်တံဆိပ်များ မပြောင်းလဲသေးဘဲ တချို့ ALP အဖွဲ့ဝင်များတွင် ဘတ်တံဆိပ်မပါသော မြန်မာစစ်တပ် ယူနီဖောင်းများ ဝတ်ဆင်ထားသည်ကို တွေ့ရကြောင်း ALP ကို စောင့်ကြည့်နေသူတစ်ဦးက ပြောဆိုသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကို မြန်မာစစ်တပ်က စစ်တွေမြို့တွင် အခြေစိုက်ခွင့်ပေးထားပြီး လုပ်ပိုင်ခွင့်အာဏာလည်း ပေးထားကြောင်း၊ ALP သည် စစ်တွေမြို့တွင် အရပ်သားများကို လက်နက်အားကိုးဖြင့် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများရှိကြောင်း၊ ALP ကို စောင့်ကြည့်နေသူများ၏ အချက်အလက်အရ ALP က ဖမ်းဆီးထားသော အရပ်သား ၅၀ ဦးထက်မနည်းရှိပြီး ရိုက်နှက်ခံရသူ ၂၀ ဦးထက်မနည်း ရှိကြောင်း၊ အချို့ပြည်သူများကို အမှုဖြင့် ဖမ်းဆီး ထားပြီး အချို့ပြည်သူများကို အမှုမရှိဘဲ ဖမ်းဆီးထားကြောင်း သိရသည်။
ALP ကို မြန်မာစစ်တပ်မှ စစ်တွေမြို့ စက်ရုံစုရပ်ကွက် ၂ တွင် ဗဟိုဌာနချုပ်အဖြစ် ရုံးစိုက်ခွင့် ပေးထားကြောင်း၊ စစ်တွေမြို့ အနောက်ဘက်၊ ဘုမေမွတ်ဆလင်ကျေးရွာ အကွက် ၁၅ တွင် ၁၀ ဧကကျော် ကျယ်ဝန်းသော မြေကွက်ကို ပေးထားကြောင်း၊ မေလ ၂၉ ရက်နေ့ကလည်း ALP မှ အဆိုပါ မြေနေရာတွင် ခြံစည်းရိုးခတ်လာပြီး အနီးအနားက မွတ်ဆလင်များကို နောက်နောင် ၎င်းတို့မြေကွက်၌ သွားလာခြင်း၊ ကျွဲ၊ နွားများ သွားလာခြင်းနှင့် နေအိမ်များတည်ဆောက်ခြင်း၊ လယ်ယာလုပ်ကိုင်ခြင်းတို့ မပြုရန်လည်း တားမြစ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏ တပ်ဖွဲ့ဝင်များ အတွက်လည်း စားဝတ်နေထိုင်းရေးကို ထောက်ပံ့ထားကြောင်း၊ ALP က တရားဝင် သေနတ်ကိုင်ဆောင်ပြီး စစ်တွေမြို့ပေါ်တွင် ဖမ်းဆီးမှုများ ပြုလုပ်နေကာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ခန့်က အရပ်သား ၂ ဦးကို ကယ်ဆယ်ရေးအကြောင်းပြကာ ရိုက်နှက် ဖမ်းဆီးသွားကြောင်း၊ အိမ်ပေါ်တက်၍ အုပ်စုလိုက် ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ်ပြီးသေနတ်များ ကိုင်ဆောင်သွားလာကာ ပစ္စတိုသေနတ်များ၊ အရပ်ဝတ်များဖြင့် သွားလာနေသော်လည်း စစ်တပ်က အရေးမယူကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သိရသည်။
ထို့ပြင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီက စစ်တွေမြို့အတွင်း ယခင်ကထက် ပြည်သူလူထုကို ပိုမိုထိန်းချုပ်လာခြင်း၊ ယူနီဖောင်းများမှာ မြန်မာစစ်တပ်၏ ယူနီဖောင်းဖြစ်လာခြင်း၊ ဒေါ်စောမြရာဇာလင်းနှင့် မြန်မာစစ်တပ်တို့ ပိုမိုနီးနီးကပ်ကပ်ဖြစ်လာခြင်း၊ ALPက ပြည်သူများအပေါ် အာဏာလွှမ်းမိုးလာခြင်းကို မြန်မာစစ်တပ်မှ မသိသလိုပြုမူနေခြင်း စသည်များ လုပ်ဆောင်လာကြောင်း၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အတွက် တပ်နေရာကို မြန်မာစစ်တပ်မှ မြေဧရိယာ ပေးထားခြင်း၊ တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း ဒေါ်စောမြရာဇာလင်းအား မြန်မာစစ်တပ်မှ ပိုမိုနေရာပေးလာခြင်း စသဖြင့် အခြေအနေများသည် နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်းပြောင်းလဲရေးအတွက် ပြည်သူလူထုကြားတွင် အပြောများလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ALP/ALA ကို ယခင်က ဦးခိုင်ရဲခိုင် ဥက္ကဌအဖြစ်နှင့် ဒုဥက္ကဌအဖြစ် ဒေါ်စောမြရာဇာလင်းက ဦးဆောင်ခဲ့ပြီး နောက်ပိုင်း သဘောထားချင်းကွဲလွဲကာ ဒေါ်စောမြရာဇာလင်းက ခွဲထွက်၍ စစ်တွေရှိ ALP ကို ဦးဆောင်ကာ မြန်မာစစ်တပ်နှင့် ဆက်လက် ပူပေါင်း ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA) ကို ၁၉၆၇ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ရခိုင်ပြည်သူလွတ်မြောက်ရေးနှင့် တိုင်းရင်းသားအခွင့်အရေး အပြည့်အဝရရှိရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေးအတွက် လွတ်လပ်ရေးအထိ တိုက်ပွဲဝင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ALA သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ် ရေးထိုးခဲ့သည်။
(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
Photo – ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင်များ


