22 C
Yangon

အိန္ဒိယက ဖက်ဆစ်စစ်တပ်ရဲ့ မဟာမိတ်လား၊ မြန်မာပြည်သူတွေရဲ့ အိမ်နီးချင်းကောင်းလား ဆိုတာ ပြတ်ပြတ်သားသား ရပ်တည်ပြဖို့ လိုအပ်နေပြီ

Must read

အိန္ဒိယက ဖက်ဆစ်စစ်တပ်ရဲ့ မဟာမိတ်လား၊ မြန်မာပြည်သူတွေရဲ့ အိမ်နီးချင်းကောင်းလား ဆိုတာ ပြတ်ပြတ်သားသား ရပ်တည်ပြဖို့ လိုအပ်နေပြီ

By လမ်းသစ်

တရားမဝင် အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာပြည်သူတစ်ရပ်လုံးကို နေ့စဉ်နဲ့အမျှ ဖိနှိပ်သတ်ဖြတ်နေတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒီလို ဖက်ဆစ်စစ်တပ်ကို ကမ္ဘာကြီးက အသိအမှတ်မပြုဖို့၊ တရားဝင်မှု မပေးအပ်ဘဲ ဝိုင်းဝန်းဖယ်ကြဉ်ထားဖို့ လိုအပ်နေချိန်မှာ စစ်ကောင်စီထံ ခပ်စိပ်စိပ် ဝင်ထွက်သွားလာနေတဲ့ နိုင်ငံတချို့လည်း ရှိနေပါတယ်။

ဒီနိုင်ငံတွေထဲမှာ စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲကို ကူညီမယ်ဆိုတဲ့ ရုရှားနိုင်ငံ၊ ကာလရှည်ကြာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်နေပါတယ်ဆိုတဲ့ တရုတ်နိုင်ငံနဲ့ အကြမ်းဖက်စစ်အုပ်စုကို စစ်လက်နက်တွေ တင်ပို့ရောင်းချပေးနေတဲ့ အိန္ဒိယနိုင်ငံတို့က ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။

အိန္ဒိယအစိုးရပိုင် Bharat Electronics Limited (BEL) လက်နက်ကုမ္ပဏီဟာ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာကနေ ၂ဝ၂၃ခုနှစ် ဧပြီလအထိ ၆လတာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီကို ဒေါ်လာ ၅ သန်းကျော်ဖိုး စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေမှန်းသိသိကြီးနဲ့ BEL ဟာ မြန်မာပြည်မှာ ရုံးခွဲဆက်ဖွင့်ထားပြီး စစ်လက်နက်တွေကို စစ်ကောင်စီထံ လွှဲပြောင်းပေးနေတာပါ။ ၆လတာ ကာလအတွင်း BEL က မြန်မာနိုင်ငံကို စစ်လက်နက်တွေ ၇ကြိမ် တင်ပို့ခဲ့ပါတယ်။

၃ကြိမ်ကို မြန်မာစစ်တပ်ဆီ တိုက်ရိုက်ပို့ခဲ့ပြီး ကျန် ၃ကြိမ်ကို လက်နက်ပွဲစား Mega Hill General Trading ၊ ကျန် ၁ကြိမ်ကို Alliance Engineering Services က တစ်ဆင့် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

Bharat Electronics Limited (BEL) မှာ အိန္ဒိယအစိုးရက ၅၁.၁၄ ရာခိုင်နှုန်းပါဝင်ပြီး တခြားအစုရှယ်ယာရှင် များစွာလည်း ပါဝင်ပါတယ်။

ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုကြည့်ပြီး တရားမဝင် စစ်အုပ်စုကို လက်နက်ရောင်းချနေတဲ့ အိန္ဒိယရဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်နေသလို မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုထားတာလည်း ဖြစ်ပါတယ်။

အိန္ဒိယကနေ မြန်မာစစ်အုပ်စုထံ ရောင်းချနေတဲ့အထဲမှာ ဆွီဒင်နိုင်ငံထုတ် စစ်လက်နက် ပစ္စည်းတွေလည်း ပါဝင်နေပါတယ်။ ကိုယ့်ပြည်သူကို နှိပ်စက်သတ်ဖြတ်နေတဲ့ တရားမဝင် စစ်ကောင်စီလက်ထဲကို ဆွီဒင်စစ်လက်နက်တွေ မရောက်ရှိဖို့အတွက် ဆွီဒင်အစိုးရနဲ့ သူ့ရဲ့ လက်နက်ထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ ဖြစ်တဲ့ မဟာဗျူဟာထုတ်ကုန်များ ကြီးကြပ်ရေးအဖွဲ့ (Inspectorate of Strategic Products – ISP) တို့အနေနဲ့ လိုအပ်တဲ့အရေးယူမှုတွေ လုပ်ဆောင်ဖို့ Justice for Myanmar (JFM) က တောင်းဆိုထားပါတယ်။

ဥရောပသမဂ္ဂ EU ဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ရောင်းချမှု ပိတ်ပင်ထားတာကြောင့် EU အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံအနေနဲ့ ဒီဖြစ်စဉ်ကို မဖြစ်မနေ တားမြစ်ဖို့ တာဝန်ရှိနေပါတယ်။

အိန္ဒိယဟာ ဆွီဒင်ထုတ် စစ်လက်နက် အပါအဝင် သမာရိုးကျ စစ်ပွဲလက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ စစ်ပစ္စည်း အစိတ်အပိုင်းတွေကို မြန်မာနိုင်ငံထံ ရောင်းချတဲ့ သမိုင်းကြောင်းတွေ ထင်ထင်ရှားရှား ရှိခဲ့ပါတယ်။

မကြာသေးမီက ထွက်ရှိခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ အိန္ဒိယအခြေစိုက် အဖွဲ့အစည်း ၂၂ ခုနီးပါးဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်ကစလို့ အမေရိကန်ဒေါ်လာ ၅၁ သန်းခန့် တန်ဖိုးရှိတဲ့ လက်နက်တွေ၊ ကုန်ကြမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေကို အကြမ်းဖက် စစ်အုပ်စုဆီ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ထောက်ပံ့တာဟာ နိုင်ငံတကာရာဇဝတ်မှု ဖြစ်နိုင်တယ်ဆိုတာ အိန္ဒိယနိုင်ငံက သိထားသင့်ပါတယ်” လို့ ကုလအစီရင်ခံစာက ဆိုပါတယ်။

အိန္ဒိယအစိုးရဘက်ကတော့ အာဏာမသိမ်းမီ အရပ်သားအစိုးရနဲ့ ထားရှိခဲ့တဲ့ ကတိကဝတ်အတိုင်း မြန်မာနိုင်ငံကို လက်နက်တွေ ရောင်းချခဲ့တာဖြစ်ပြီး “မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားက ဘာလဲဆိုတာ အိန္ဒိယက ထည့်သွင်း စဉ်းစားပါတယ်” တုန့်ပြန်ထားပါတယ်။

Stockholm International Peace Research Institute (SIPRI) ရဲ့ အချက်အလက်တွေအရ အိန္ဒိယဟာ ၂ဝ၁၇ ခုနှစ်ကနေ ၂ဝ၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံကို တတိယမြောက် အများဆုံး လက်နက်တင်သွင်းတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။ လက်နက်တင်သွင်းမှုမှာ တရုတ်နိုင်ငံ ၃၆ % ၊ ရုရှားနိုင်ငံ ၂၇ % နဲ့ အိန္ဒိယနိုင်ငံ ၁၇ % ရှိနေတာပါ။

မြန်မာပြည်သူတွေရဲ့ အာဏာကို လုယူထားတဲ့ စစ်ကောင်စီဟာ လူထောင်ပေါင်းများစွာကို သေကြေပျက်စီးစေပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေကို အိုးမဲ့အိမ်မဲ့ ဘဝပျက်အောင် လုပ်ထားတဲ့ တရားမဝင် အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ နိုင်ငံတကာအနေနဲ့ မမေ့လျော့ဖို့ လိုအပ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ရက်နေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ချိန်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ယိုယွင်းနေတဲ့ အခြေအနေတွေကို အလွန်အမင်း စိုးရိမ်ကြောင်း ဖော်ပြခဲ့သလို မတရားဖမ်းဆီးခံထားရသူ အားလုံးကို လွှတ်ပေးရေး၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးတွေကို ထုတ်ပြန်ချက်မှာ တောင်းဆိုခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ထုတ်ပြန်ချက်တွေမှာ မြန်မာပြည်သူအကျိုးကို ရှေးရှုတဲ့ စကားလုံးတွေ ပါဝင်နေပေမယ့် လုပ်ဆောင်ချက်တွေကတော့ အာဏာသိမ်း စစ်အုပ်စုကို အကျိုးရှိနေစေတာ မဟုတ်ပါလား။

စကားလုံးလှလှတွေ ပြောမယ့်အစား မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ မရောင်းဘူးဆိုရင်ပဲ မြန်မာပြည်သူတွေအတွက် သက်သာရာရောက်လှပါပြီ။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ” လို့ အမည်နာမတပ်ပြီး ထိပ်တန်းအစည်းအဝေးတွေမှာ ပြောကြားခဲ့တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ တရင်းတနှီး ဆက်ဆံရေးတွေ ဆက်ရှိနေတာပါ။

အိန္ဒိယသံအမတ်က သူ့ရဲ့ သံတမန်ခန့်အပ်လွှာကို မင်းအောင်လှိုင်ကို ပေးအပ်တာတွေ၊ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် ၂ယောက် နေပြည်တော်ကို ရောက်လာတာတွေ ရှိသလို အိန္ဒိယ-မြန်မာ ကုလားတန်မြစ် စီမံကိန်းလိုမျိုး နှစ်နိုင်ငံပူးပေါင်း လုပ်ဆောင်မှုတွေလည်း ဆက်ရှိနေဆဲပါ။

ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂ဝဝ၈ ခုနှစ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ သဘာတူလက်မှတ်ရေးထိုးခဲ့ကြပြီး ၂ဝ၁၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာပါ။

စစ်တွေဆိပ်ကမ်းကိုတော့ ၂ဝ၁၇ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး ၂ဝ၂၃ ခုနှစ် မေလ ၉ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပေမယ့် သင်္ဘောလိုအပ်ချက်တွေ ရှိနေလို့ ကုန်သွယ်ရေး မစတင်နိုင်သေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံက စီစဉ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ တရားမဝင် စစ်ကောင်စီကို ဖိတ်ကြားတဲ့အတွက် အာဆီယံနိုင်ငံတွေကြား ပွဲဆူသွားခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့အတူ တရုတ်နဲ့ အိန္ဒိယက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ တပူးပူး တတွဲတွဲ ဖြစ်နေတယ်ဆိုတာ သိသာလှပါတယ်။ အိန္ဒိယအနေနဲ့ စစ်ကောင်စီနဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဇွန်လ ၂၈ရက်မှာ တောင်းဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ ဖက်ဆစ်စစ်တပ်က တရားမဝင် ရာဇဝတ်ဂိုဏ်း တစ်ခုဖြစ်တယ်ဆိုတာ အထူးတလည် ကြေညာမောင်းခတ်စရာ မလိုဘဲ တစ်ကမ္ဘာလုံးက သိနေချိန်မှာ အိန္ဒိယနိုင်ငံအနေနဲ့ ဖက်ဆစ်စစ်တပ်ရဲ့ မဟာမိတ်လား၊ မြန်မာပြည်သူတွေရဲ့ အိမ်နီးချင်းကောင်းလားဆိုတာ ပြတ်ပြတ်သားသား ရပ်တည်ပြဖို့ လိုအပ်နေပါပြီ။

Photo- IgorBlazevicFBPage&SocialMedia

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article