သထုံမြို့နယ်ရှိ ကျောက်တောင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၂ လုံး ပျက်စီး၊ သရက်ချောင်းတွင် စစ်ဘေးရှောင် ပြည်သူများ၏ ဆိုင်ကယ်များကို စစ်တပ်က ခိုးယူသွား
ရန်ကုန်၊ ဇူလိုင် ၄
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။
ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပိန္နဲတောတပ်စခန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကျောက်တောင်ရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကာ ပြည်သူပိုင် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားသည့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသနေ ပြည်သူများသည် ကြောက်ရွံ့စွာ အသက်ရှင် နေထိုင်နေရပြီး ယခင်ကလည်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လူ၊ နေအိမ်၊ တရိစ္ဆာန်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ပြည်သူများ၏ ဆိုင်ကယ်များ ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရငဲရွာမြွေတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ၏ ဆိုင်ကယ်များကို ဝင်ရောက် ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
” အမြင့်ဘီးတွေ ယိုးဒယားထုတ်ဘီးတွေ ဖြစ်တဲ့ ကလစ်အသစ် PCX Dream 125 ရွှေလိုင်း ဆိုင်ကယ်အသစ်တွေကိုပဲ ယူသွားတာပါ။ စစ်ခွေးတွေက ဘုရားတောင်မှာအခိုင်အမာ လုပ်ပြီး တပ်စွဲထားတယ်။ ရငဲ၊ ကျွဲမင်းကုန်းနဲ့ ကနက်သီရိရွာထဲက စစ်ရှောင်တွေ နေရပ် မပြန်နိုင်သေးဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။


