26 C
Yangon

မဟာအောင်မြေမြို့နယ်အနီး ဗဟိုပြု၍ အင်အား ၄.၂ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသာစွာခံစားခဲ့ရ

Must read

ရန်ကုန်၊ မတ် ၂၆

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်အနီး ဗဟိုပြု၍ အင်အား ၄.၂ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသာစွာခံစားခဲ့ရကြောင်း NUG လူသားစာနာ ဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ ည ၇ နာရီ ၃၇ မိနစ်ခန့်တွင် မန္တလေးမြို့ အရှေ့-အရှေ့တောင်ဘက် မဟာအောင်မြေမြို့နယ်အနီး မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၂ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငလျင်လှုပ်ခတ်မှုကို ပြည်သူများ သိသာစွာခံစားခဲ့ရပြီး အထပ်မြင့်တိုက်များတွင် နေထိုင်သော ပြည်သူများ ပြေးဆင်းမှုများလည်း ရှိခဲ့ကြောင်း၊ ထို့ပြင် ငလျင် လှုပ်ခတ်မှုကို ပြင်ဦးလွင်တွင် နေထိုင်သော ပြည်သူများလည်း ခံစားခဲ့ရကြောင်း သိရှိရသည်။

“ငလျင်လှုပ်တာ အသံကျယ်ကြီးပါ ကြားရတယ်။ ၃ ချက်လောက် ပြင်းပြင်းလှုပ်သွားတာ အထပ်မြင့်တိုက်မှာ နေတဲ့ပြည်သူတွေလည်း ပြေးဆင်းကြတာတွေရှိတယ်။ ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိပါဘူး” ဟု မန္တလေးမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ မတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီ ၃၁ မိနစ်ခန့်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး မြေအောက်အနက် ၁၃၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးကြောင်း၊ ထို့ပြင် မတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၁၄ မိနစ်ခန့်ကလည်း နေပြည်တော်၊ ပျဥ်းမနားမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပြည်သူ ၄၀၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ပြည်သူများ ငလျင်အန္တရာယ်ကို အကြီးအကျယ် စိုးရိမ်နေကြခြင်းဖြစ်သည်။

ဓာတ်ပုံ – စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် ငလျင်ကြောက်၍ လမ်းမများပေါ်တွင် ထွက်၍ အိပ်နေကြသည့် မန္တလေးမြို့မှ ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article