37 C
Yangon

တနင်္သာရီ၊ မော်တုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ

Must read

တနင်္သာရီ၊ မော်တုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုံးကျေးရွာကို ဇူလိုင်လ ၃ ရက်နေ့ ည ၁၀ ခန့်အချိန်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရှေ့ကမ်း မော်တုံးကျေးရွာနှင့် အနောက်ကမ်းကျေးရွာသို့ ဆက်သွယ် ဆောက်လုပ်ထားသည့် တံတား အလုပ်သမား ၄ဦးနှင့် ယင်းတံတားအနီး နေထိုင်သည့် ပြည်သူအမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း ၅ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မော်တုံးရွာ အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ ၃၀၆ က ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းတွင် မော်တုံးကျေးရွာအုပ်စုရှိ အရှေ့ကမ်းနှင့် အနောက်ကမ်းကို လက်နက်ကြီး ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ဇူလိုင် ၃ ရက်နေ့တွင် ဒေသပြည်သူများ ပြေးလွှားစဉ် ထိခိုက်မှု ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ညတွင်းချင်း ဆေးခန်းပြ၍ ဆေးကုသမှု ခံယူခဲ့ကြ၍ စိုးရိမ်စရာမရှိကြောင်း ဒေသပြည်သူများက ပြောကြားသည်။

မော်တုန်းရွာ အခြေစိုက် စစ်ကောင်စီ အမြောက်တပ် အမတ ၃၀၆ သည် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှ စ၍ ပ၀ကျေးရွာ အပြင် အနီးနားရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ပစ်ခတ်နေခြင်းကြောင့် မရင်းကြီးရွာ၊ မော်တုံး အရှေ့ကမ်း၊ အနောက်ကမ်းရွာနှင့် သာရဖုံ အရှေ့ကမ်းတို့မှ ဒေသပြည်သူများ တောတောင်နှင့် ဥယျာဉ်ခြံများကို ရှောင်တိမ်းနေရကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ၏ နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် တနင်္သာရီမြို့နယ်ထဲရှိ လမ်းများကို ညအချိန်တွင် အသုံးပြု သွားလာခြင်းမျိုး မလုပ်ရန် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းက အသိပေး တားမြစ်ထားပြီး လုံခြုံရေး အရ အနီရောင်အဆင့်အထိ သတ်မှတ်ထားကြောင်း မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန် အသိပေးထားသည်။

ထို့ပြင် ရွာပြင် မြိတ်-တနင်္သာရီ လမ်းမကြီး မော်တုံးရွာ အနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှု ရှိကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article