Facebook တွင် အလုပ်ရမည်ဟု ကြော်ငြာထားသဖြင့် သွားရောက် လျှောက်ထား ရာမှ စစ်တပ် ထဲသို့ အတင်းအကျပ် သွပ်သွင်းခံရမှုများ ရှိနေ
■ တပ်ထဲရောက် အသက်မပြည့်သေးသည့် ကလေးတချို့အတွက် မိဘများက ငွေကျပ် သိန်း ၃၀ ဖြင့် ပြန်ရွေးယူရ
ရန်ကုန်၊ ဇူလိုင် ၅
Facebook လူမှုကွန်ရက်တွင် အလုပ်ရမည်ဟု ကြော်ငြာထားသဖြင့် ဆက်သွယ်၍ သွားရောက် လျှောက်ထားရာမှ စစ်တပ်ထဲသို့ အတင်းအကျပ် သွပ်သွင်းခံရမှုများရှိနေကြောင်း ကိုယ်တိုင် တွေ့ကြုံခဲ့ရသည့် လူငယ်တချို့နှင့် မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြ သည်။
Facebook လူမှုကွန်ရက်များရှိ အလုပ်အကိုင်ရှာဖွေရေး စာမျက်နှာများတွင် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် အလုပ်အကိုင်ရရှိမည်ဟု ကြော်ငြာထားသဖြင့် သွားရောက် ဆက်သွယ်ရာ လျှောက်ထားသည့်အခါမှ စစ်တပ်က ခေါ်ယူနေသည့် အလုပ်များဖြစ်နေသည်ကို ကြုံတွေ့ရကြောင်း၊ စစ်တပ်ထဲသို့ အတင်းအကျပ် ဖိအားပေး ဆွဲသွင်းမှုများရှိနေကြောင်း သိရှိရသည်။
” Facebook မှာ လခ၂ သိန်းကျော်၊ ၃သိန်းပေးမယ်။ နေ့စားငြိမ်းဆိုပြီး အလုပ်က လူတွေ ခေါ်နေတာတွေ့လို့ သွားလိုက်တာ စစ်တပ်ထဲကိုထည့်နေတယ်။ ကျနော်က ကားမောင်း စက်ပြင် နေစားငြိမ်းဆိုလို့ သွားလျှောက်ဖို့ သွားတာ။ ဒါပေမယ့် သိပ်မသင်္ကာလို့ ချိန်းတဲ့နေရာကို မသွားသေး ဘဲ အလုပ်လာခေါ်တဲ့သူကို မလှမ်းမကမ်းကနေ ကြည့်နေတာ။ သူ့ဘေးမှာ စစ်သားတွေပါလာတယ်။ အဲဒါနဲ့ ကျနော်လည်း ပြန်လှည့်လာလိုက်တယ်။ ညရောက်တော့ အလုပ်ခေါ်တဲ့သူကဖုန်းဆက်ပြီး ဘာလို့မလာတာလဲ မေးပါတယ်။ ကျွန်တော်လာတယ်အကိုမတွေ့လို့ဆိုပြီး လိမ်လိုက်တယ်။ အဲဒီကျ မှ အလုပ်ခေါ်တဲ့သူက “ငါ့ ညီ အကိုတို့က ငါ့ညီကိုကောင်းစာစေချင်လို့ ဆက်သွယ်တာ။ ငါတို့က ဆက် သွယ် ရေးစစ်သားတွေ။ သေနတ်မကိုင်ရဘူးလို့လည်းပြောပါတယ်။ ပြီးတော့ တပ်ထဲ ဝင်ဖို့လည်းခေါ်ပါတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ရသူ လူငယ်တစ်ဦးက ပြောဆိုသည်။
မရမ်းကုန်းမြို့နယ်မှ အသက် ၁၈ နှစ်မပြည့်သေးသော လူငယ်တစ်ဦးမှာမူ နေစားစရိတ် အပြီးအစီး ဖြင့် တစ်လလျှင် ငွေကျပ် ၂ သိန်း ၂ သောင်း ရရှိမည်ဆိုသော Facebook လူမှုကွန်ရက်ကြော်ငြာ တွေ့ရှိ ၍ အလုပ်သွားလျှောက်ခဲ့ရာမှ ပျောက်ဆုံးသွားခဲ့ကြောင်း၊ မိဘများက ရဲစခန်းတွင် လူပျောက် အမှုဖွင့်၍ စုံစမ်းသောအခါမှ တပ်ထဲသို့ ရောက်ရှိနေသည်ဟု သိရှိရကြောင်း၊ အသက် မပြည့်သေးကြောင်း ပြောဆိုပြီး တပ်မှ ထုတ်ယူရန် ကြိုးစားသောအခါ တပ်ဘက်က ငွေကျပ် သိန်း ၃၀ ဖြင့် ရွေးယူရကြောင်း၊ ကျောင်းထွက်လက်မှတ်၊ မွေးစာရင်းများ သေချာတင်ပြမှသာလျှင် တပ်တွင်းမှ ပြန်လည် ထုတ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကလေးက ဖေ့ဘုတ်စ်မှာ Delivery အလုပ်ကို နေစားစရိတ်ငြိမ်း ၂ သိန်းကျော်ရမယ်ဆိုပြီး အဲဒါ သွားလျှောက်မယ်ဆိုပြီး သွားတာ။ အဲဒီနေ့ကတည်းက ပျောက်သွားတယ်။ ရဲစခန်းမှာ အမှုဖွင့်ပြီး စုံစမ်းတော့မှ ရက် ၂၀ လောက်မှာ အဆက်အသွယ်ရတယ်။ တပ်ထဲရောက်နေတယ် ပြောတယ်။ သူက အသက်က ၁၆ နှစ်ပဲရှိသေးတော့ ကျောင်းထွက်လက်မှတ်တွေ၊ မွေးစာရင်းတွေနဲ့ လိုက်သွား တာ ပြန်ထုတ်လို့ရတယ်။ ဒါပေမယ့် ငွေ သိန်း ၃၀ တောင်းတယ်။ အဲဒါပေးခဲ့ရတယ်။ လမ်းစရိတ် နဲ့ဆိုရင် စုစုပေါင်း သိန်း ၄၀ လောက်ကုန်သွားတာ။ ကလေးက ဘာမှမသိဘဲ သွား လျှောက် မိရာက ဖြစ်ကုန်တာ။ အကြွေးပါတင်တယ်” ဟု မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်မှ ပြည်သူတစ်ဦးက ရှင်းပြ သည်။
စစ်ကောင်စီတပ်များအတွင်းတွင် တပ်သားသစ် ရရှိမှု လုံး၀ မရှိတော့သည့်အတွက် လိမ်ညာသည့် နည်းလမ်းပေါင်းစုံဖြင့် စစ်တပ်က တပ်သားသစ်များ စုဆောင်းနေကြောင်း၊ တချို့နေရာများတွင် စစ်တပ်က ပေါ်တာဆွဲသည့် နည်းလမ်းဖြင့် အတင်းအကျပ် အဓမ္မတပ်သားသစ်စုဆောင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- Facebook တွင် စစ်တပ်က အလုပ်လိမ်လည်ခေါ်ယူနေသည့် ကြော်ငြာတစ်ခု။