23 C
Yangon

လူသတ်ဖို့လောက်ပဲ တွေးတတ်တဲ့ ဦးနှောက်တွေက နိုင်ငံ့စီးပွားရေးကို ဦးမော့အောင် လုပ်မတဲ့လား

Must read

လူသတ်ဖို့လောက်ပဲ တွေးတတ်တဲ့ ဦးနှောက်တွေက နိုင်ငံ့စီးပွားရေးကို ဦးမော့အောင် လုပ်မတဲ့လား

By လမ်းသစ်

နိုင်ငံတစ်နိုင်ငံကို ဘယ်လိုအုပ်ချုပ်ရမယ်၊ ဘယ်လိုတိုးတက်အောင် လုပ်ဆောင်ရမယ်ဆိုတာ နားကန်းတစ်လုံးမှ နားမလည်ဘဲ အာဏာနဲ့စည်းစိမ် လိုချင်တာ တစ်ခုတည်းကြောင့် သေနတ်ဖောက်ပြီး ပုလ္လင်ပေါ်တက်ထိုင်နေတဲ့ မင်းအောင်လှိုင်ဟာ ပြည်သူတွေကို သတ်ဖြတ်တာကလွဲပြီး ဘာမှ မလုပ်တတ် မကိုင်တတ် ဖြစ်နေတယ်လို့ဆိုရင် မှားလိမ့်မယ် မဟုတ်ပါဘူး။

နိုင်ငံတစ်လွှား ပုန်ကန်အုံကြွမှုတွေ၊ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ သံတမန်ရေးရာ အပါအဝင် အဘက်ဘက်က ကျဆုံးနေမှုတွေကို မထိန်းချုပ်နိုင်ဘဲ သေလုနီးပါးဖြစ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် သေခါနီးမှ အကြောထလှုပ်သလိုပဲ နိုင်ငံ့စီးပွားရေးကို မြှင့်တင်မယ်လို့ အသံထွက်လာပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ဒီရက်ပိုင်းမှာ နိုင်ငံ့စီးပွားရေးမြှင့်တင်ဖို့ အရေးကြီးအစည်းအဝေးလုပ်ခဲ့သလို ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ စစ်ကောင်စီနဲ့အတူ နိုင်ငံ့ကောင်းရာကောင်းကြောင်း ပူးပေါင်းကြိုးပမ်းကြဖို့ လုပ်ငန်းရှင်တွေကို ပြောခဲ့ပါတယ်။

တိုင်းပြည်သာယာဝပြောရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးကို အလေးပေး လုပ်ဆောင်မယ်လို့လည်း သူက ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ကနေ ပြီးခဲ့တဲ့ မေလက ကောက်ယူခဲ့တဲ့စစ်တမ်းအရ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ အလုပ်သမား ၄ဝ ရာခိုင်နှုန်းနီးပါး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရသလို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေတဲ့ အိမ်ထောင်စုတွေရဲ့ ၄၈ ရာခိုင်နှုန်းက စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါဟာ အရင်နှစ်ထက်စာရင် ကိန်းဂဏန်းတွေ သိသိသာသာ တိုးလာတာပါ။

“စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး တိုးတက်မှု မရှိတော့တာ ဒါမှမဟုတ် နောက်ကြောင်းပြန်လှည့်သွားတာက စိုးရိမ်စရာပါပဲ။ အိမ်ထောင်စု ထက်ဝက်ကျော်ဟာ ပိုင်ဆိုင်မှုတွေ ထုတ်ရောင်းနေရတဲ့ အခြေအနေ ဆိုက်နေတယ်”

“ငွေချေးရတာတွေ များလာတယ်။ အသုံးစရိတ်က အကန့်အသတ် ဖြစ်လာတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဒါရိုက်တာ Mariam Sherman က ပြောထားတာ တွေ့ရပါတယ်။

အာဏာသိမ်းကာလ ၂နှစ်ခွဲနီးပါးအတွင်း မြန်မာပြည်တွင်းမှာ အလုပ်လက်မဲ့ အရေအတွက် များလာပေမယ့် နေ့စဉ်စားသောက်ကုန်အပါအဝင် ကုန်ဈေးနှုန်းတွေဟာ ၃ ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။

မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်မှုမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂ဝ၂၇ ခုနှစ်အထိ ကိုဗစ်ကာလ မတိုင်ခင်က စီးပွားရေးအနေအထားကို ပြန်မရောက်နိုင်တော့ဘူးလို့ သုံးသပ်ထားပါတယ်။

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်း ပဋိပက္ခတွေ၊ စီးပွားရေးမူဝါဒ အလွဲတွေ၊ စီမံခန့်ခွဲမှု အလွဲတွေဟာ မြန်မာ့စီးပွားရေးကို နလန်မထူနိုင်အောင် ထိုးနှက်နေတယ်လို့ ဆိုထားပါတယ်။

မူဝါဒအလွဲတွေ၊ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေနဲ့ လုံးလည်ချာလည်လိုက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်ပသွင်းကုန်တွေနေရာမှာ ပြည်တွင်းထုတ်ကုန်တွေကို အစားထိုးမယ်လို့ အရူးချီးပန်း ဆိုပြန်ပါတယ်။

ပြည်တွင်း အသေးစားအလတ်စား လုပ်ငန်းတွေကို ပံ့ပိုးပြီး ကုန်ထုတ်လုပ်မယ်၊ အဲ့ဒီကတစ်ဆင့် ပြည်တွင်းလိုအပ်ချက် ပြည့်မီပြီး ပိုလျှံမယ်ဆိုရင် ပြည်ပကို တင်ပို့မယ်လို့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

မကြာသေးခင်က စစ်ကောင်စီဟာ တရုတ်နယ်စပ် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး မူဝါဒ အပြောင်းအလဲတွေ လုပ်ထားပါတယ်။ တရုတ်နယ်စပ်မှာ လုပ်ကိုင်နေတဲ့ ကုန်သည်တွေဟာ လာမယ့် သြဂုတ်လ ၁ရက်ကစလို့ ဘဏ်စနစ်နဲ့ ငွေပေးချေရမှာဖြစ်ပါတယ်။

သွင်းကုန်ကို သွင်းချင်သလောက် သွင်းလို့မရဘဲ ပြည်ပကို ကုန်ပို့ထားတဲ့ ရောင်းရငွေ ပမာဏ ဒါမှမဟုတ် ပြည်တွင်းဘဏ်ကနေ ဝယ်ယူထားတဲ့ ဘဏ်ငွေစာရင်းလက်ကျန် ပမာဏထက် မကျော်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုပေးမယ်လို့ ဆိုထားပါတယ်။

ဒီလိုမူဝါဒဟာ အဆင့်ဆင့် ထိန်းချုပ်တဲ့ပုံစံဖြစ်ပြီး ပြည်တွင်းကို တရုတ်ကနေသွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေးတက်လာနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

၂ဝ၂၃-၂ဝ၂၄ မေလအထိ စာရင်းတွေအရ တရုတ်-မြန်မာ အဓိက နပ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်ကနေ ပို့ကုန် ဒေါ်လာ ၂၇၄ သန်းကျော်ဖိုး တင်ပို့ခဲ့ပြီး သွင်းကုန် ဒေါ်လာ ၁၅၇ သန်းကျော်ဖိုး တင်သွင်းခဲ့တယ်လို့ အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံ့စီးပွားရေး မြှင့်တင်မယ်ဆိုပြီး အခုမှ တစ်ရေးနိုး ထအော်နေပေမယ့် သူတို့ရဲ့ စေတနာမပါတဲ့ လုပ်ရပ်တွေ၊ နိုင်ထက်စီးနင်း လုပ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြည်ပကုမ္ပဏီများစွာ ရင်းနှီးမြှုပ်နှံမှုများစွာဟာ မြန်မာပြည်ကနေ ထွက်ခွာသွားကြပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လမှာပဲ စစ်ကောင်စီရဲ့ ခြိမ်းခြောက်ငွေညှစ်မှုကြောင့် မြန်မာနိုင်ငံမှာ ၂၅နှစ်နီးပါး လုပ်ကိုင်လာတဲ့ Pact Myanmar အသေးစား ငွေကြေးဝန်ဆောင်မှုဟာ ကြွေးမြီပေါင်း ဒေါ်လာ ၁၅၆သန်းကို အဆုံးရှုံးခံပြီး မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။

မုသားဆိုနေကျ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လက်ရှိမြန်မာနိုင်ငံဟာ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်မှာ စီးပွားရေး ပြန်လည်ဦးမော့လာပြီး ၃.၂ ရာခိုင်နှုန်း တိုးလာတယ်လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဘဏ် MICB တို့ကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့လိုက်ပြီးနောက် ပြည်တွင်းမှာ ဒေါ်လာဈေး၊ ရွှေဈေးတွေ မြင့်တက်ခဲ့ပြီး မြန်မာ့စီးပွားရေးကို တော်တော်လေး ဝရုန်းသုန်းကား ဖြစ်စေခဲ့ပါတယ်။

ဒီအခြေအနေတွေကို ထိန်းချုပ်ဖို့ အရင်က ရွှေဆိုင်ပိုင်ရှင်တချို့ကို ဖမ်းဆီးတရားစွဲခဲ့တဲ့ စစ်ကောင်စီဟာ အခုလည်း စီးပွားရေးလုပ်ငန်းရှင် ၁ဝဝ နီးပါးကို ရွှေနဲ့ဒေါ်လာ ဈေးကစားတယ်ဆိုပြီး ထပ်မံဖမ်းဆီးထားတာကြောင့် ဈေးကွက်ပျက်ပြီး အရောင်းအဝယ် မရှိသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ ဈေးကွက်စီးပွားရေးစနစ် ပြိုကျပျက်စီးသွားပြီး စီးပွားရေးသမားတွေကို အနိုင်ကျင့်၊ စစ်တပ်နဲ့ နီးစပ်တဲ့လူတွေသာ ချမ်းသာကြတဲ့ အာဏာရှင် စီးပွားရေးစနစ် ဖြစ်နေတယ်လို့ စီးပွားရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်အနေနဲ့ ဒီရက်ပိုင်း ထိပ်တန်းခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံတဲ့ သတင်းတွေလည်း ဖတ်ရပါတယ်။ မြန်မာ့စီးပွားရေး ဦးမော့ဖို့တော့ မဟုတ်ပါဘူး။ သူတည်မယ့် ဘုရားအတွက် အလှူငွေထည့်ပြီး ဦးတော်လုပ်ကြဖို့ ခေါ်တွေ့တာပါ။

လူသတ်သမား မင်းအောင်လှိုင် ဦးဆောင်တည်ထားကိုးကွယ်တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ တည်ဆောက်မှု အခြေအနေတွေကို ရှင်းပြခဲ့ပြီး တစ်မနက်တည်းမှာတင် လုပ်ငန်းရှင် ၁ဝ၁ ယောက်က ကျပ် ၁၆ ဘီလီယံကျော် လှူခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ အနိုင်ကျင့်မှုဒဏ်ကို ခံနေရပြီး အခု ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်တွေဟာလည်း စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကြောင့် အလှူငွေထည့်ရတာ ဖြစ်တယ်လို့ သုံးသပ်ထားတာ တွေ့ရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို နေ့စဉ်ရက်ဆက် လေယာဉ်ဗုံးကြဲနေတဲ့ စစ်ကောင်စီဟာ နိုင်ငံစီးပွားရေးအတွက် ကြိုးပမ်းဖို့နေနေသာသာ စစ်အသုံးစရိတ်နဲ့ ပြည်တွင်းပြည်ပ ကြွေးမြီတွေပဲ ပိုပိုတိုးလာခဲ့တာပါ။

စစ်ကောင်စီရဲ့ အခြေအနေ ဘယ်လောက်တောင် ဆိုးဝါးလာသလဲဆိုရင် အရင်က အသက် ၈၅နှစ်အထက် သက်ကြီးရွယ်အိုတွေကို လူမှုရေးပင်စင် တစ်နှစ်ကို ၁၂ဝ,ဝဝဝ ကျပ် ပေးရာကနေ ထက်ဝက်လျှော့ချပြီး ၆ဝ,ဝဝဝ ကျပ်ပဲ ပေးတော့မယ်လို့ ဆိုပါတယ်။

လူမှုရေးပင်စင် ခံစားခွင့်ရှိသူ အဘိုးအဘွား ၂၃ဝ,ဝဝဝ ကျော်ရှိတယ်ဆိုတဲ့ NLD အစိုးရလက်ထက်က စာရင်းအရ အကြမ်းဖက်စစ်တပ်ဟာ လူမှုရေးပင်စင်ထဲက နှစ်စဉ် ၁၄ ဘီလီယံ ဖြတ်ခုတ်ဖို့ ကြံစည်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံ့စီးပွားရေး ဦးမော့လာအောင် ကြိုးစားမယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ စကားဟာလည်း အရူးစကားသာသာပဲ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံရဲ့ အဖြေဟာ အကြမ်းဖက်စစ်တပ် ပြုတ်ကျရေးအပေါ် မူတည်နေတာပါ။

စစ်အာဏာရှင်တွေကို အမြစ်ကနေ ဆွဲလှန်နိုင်တဲ့နေ့ ရောက်မှသာ မြန်မာနိုင်ငံဟာ အကောင်းဘက်ကို ဦးတည်လာနိုင်မှာပဲ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article