ကရင်နီပြည်နယ်တွင် ပစ်ချခံခဲ့ရသော စစ်ကောင်စီတိုက်လေယာဉ်ပျက် နေရာကို ဒရုန်းဖြင့် ဓာတ်ပုံ ရိုက်ကူးခွင့်ရရှိခဲ့ပြီး လေယာဉ်ပျက်အပိုင်းအစများ မရှိတော့
ရန်ကုန်၊ ဇူလိုင် ၆
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲတွင် ကရင်နီတပ်များက ပစ်ချလိုက်သော စစ်ကောင်စီတပ်၏ လေယာဉ်ပျက်နေရာကို ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပြီး အဆိုပါ ဓာတ်ပုံ များ ကို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ ၉၄၂၂ တပ်ရင်းက တရားဝင် ထုတ်ပြန်သည်။
ဇွန် ၃၀ ရက်နေ့တွင် တာဆန်းလဲကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၁ စီး အနိမ့်ပျံသန်းလာစဉ် ကရင်နီ ပူးပေါင်းတပ်များက ပစ်ချခဲ့ပြီး လေယာဉ်မှာ ပျက်ကျခဲ့ကြောင်း၊ ယင်းပျက်သည့်နေရာကို စစ်ကောင်စီတပ်များက ဝန်းရံခဲ့ပြီး ကရင်နီ တော်လှန်ရေး တပ်များ မရောက်ရှိစေရန် တားဆီးခဲ့ကြောင်း၊ ဇူလိုင်လဆန်းပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာချိန်တွင် ယင်းလေယာဉ်ပျက်ကျသည့် နေရာသို့ ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ကြောင်း၊ သို့ရာတွင် လေယာဉ်ပျက်ကို မတွေ့ရတော့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
“လေယာဉ်ပျက်တဲ့နေရာကို မနေ့ကမှ ကပ်လို့ရတယ်။ လေယာဉ်ပျက်တော့မရှိတော့ဘူး။ စစ်တပ်က အကုန်ပြန်သယ်သွားပြီး အရာပဲကျန်တော့တယ်။ အ ခု လေယာဥ်ပျက်ကျတဲ့ဘက်ကို ကပ်တာနဲ့ စစ်တပ်လေယာဥ်တက်လာတယ်။ သူတို့က အဲဒီ လေယာဉ်ပျက်ကျတဲ့သက်သေတွေ ရမှာ စိုးရိမ်လို့ ဖျောက်နေတာ” ဟု မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ ၉၄၂၂ တပ်ရင်းက ထုတ်ပြန်သော သတင်းဓါတ်ပုံတွင် လေယာဉ်ပျက်ကျထားသည့် မီးလောင်ထားသည့်နေရာ၊ မြေပြင်အခြေအနေများကို မြင်တွေ့ရသည်။
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲ၊ သံလွင်မြစ်ဘေး၊ BGF တပ်ရင်း ၁၀၀၅ အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီပြည်လူမျိုး ပေါင်း စု ပြည်သူ့လွတ် မြောက် ရေးတပ်ဦး (ကလလတ) မှ ခေါင်းဆောင် တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ဇူလိုင်လ ၁ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။
ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အကြမ်းဖက်စစ်တပ် တိုက် လေယာဉ် တစ်စီးကို ပစ် ခတ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ်ချလိုက်သည့် တိုက် လေယာဉ် အနီးတွင် တိုက်လေယာဉ်၊ ရဟတ် ယာဉ်များ အပြင် မြေပြင် စစ် ကြောင်း များပါ ဝန်းရံထားသဖြင့် ပျက်ကျသွားသည့် တိုက်လေယာဉ်အနား ကပ်ခွင့် မရဘဲဖြစ်နေကြောင်း သိရှိရသည်။