28 C
Yangon

မုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက လူသားချင်းစာနာမှုကူညီရေးကို ပိတ်ပင်ခြင်း သည် စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ကုလသမဂ္ဂက ပြောဆို

Must read

မုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက လူသားချင်းစာနာမှုကူညီရေးကို ပိတ်ပင်ခြင်း သည် စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ကုလသမဂ္ဂက ပြောဆို

ရန်ကုန်| ဇူလိုင် ၆

စစ်ကောင်စီလည်းဖြစ် မြန်မာစစ်တပ်မှ ရခိုင်ပြည်အပါအဝင် ချင်းပြည်နယ် ပလက်ဝသို့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ပိတ်ပင်ထားခြင်းသည် စစ်ရာဇဝတ်ကျူးလွန်နေခြင်းဖြစ်သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ဇွန်လ ၃၀ ရက်နေ့က အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောခွင့်ရ Ravina Shamdasani က “အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့အတိုင်း လူသားချင်းစာနာမှုအကူအညီတွေကို ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်တာ ဒါမှမဟုတ် ပိတ်ပင်ထားတာဟာ နိုင်ငံတကာ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ အခုလို အကူအညီပေးခွင့် ရည်ရွယ်ချက်ရှိရှိ ပိတ်ထားတာဟာလည်း လူတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ငတ်ပြတ်အောင်လုပ်တာ၊ ပြစ်ဒဏ်စုပေါင်းချတာတွေလိုပဲ စစ်ရာဇဝတ်မှု မြောက်နိုင်ပါတယ်၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်ပါတယ်” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများမှာ စိုးရိမ်ဖွယ်အဆင့်ကို ရောက်နေပြီး၊ အကူအညီလိုအပ်နေသော ဒုက္ခသည်များထံ သွား၍မရအောင် အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်ထားမှုမှာ ပိုဆိုးလာနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

အင်အားအလွန့်အလွန်ပြင်းသော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် အပျက်အစီး အမြောက်အများရှိခဲ့သည့် ရခိုင်ပြည် မြောက်ပိုင်းက ၁၀ မြို့နယ်အတွက် ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီပေးနိုင်ရန် ကြိုးပမ်းမှုကို စစ်ကောင်စီက တားဆီးပိတ်ပင်ထားသည်။

ယင်းကဲ့သို့ ပိတ်ပင်ခြင်းကြောင့် ရခိုင်နှင့် ချင်းပြည်နယ်က ပြည်သူများအပါအဝင် မြန်မာနိုင်ငံအတွင်း ပြည်သူ ၁၇.၆ သန်းမှာ အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောဆိုထားသည်။

မုန်တိုင်းကြောင့် ထိခိုက်ခဲ့သည့် ရခိုင်ပြည်နှင့် ချင်းပြည်နယ်က ပြည်သူများမှာ ယခုအချိန်အထိ အမိုးအကာအောက်သို့ မရောက်ကြသည့်အပြင် စားနပ်ရိက္ခာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသေးသည်ဟု စုံစမ်းမှုအရ သိရသည်။

စစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မြှင့်တင်လုပ်နေသည်ဟု သတင်းထုတ်ပြန်နေသော်လည်း အမိုးအကာနှင့် စားနပ်ရိက္ခာထောက်ပံ့မှုမှာ ပြည့်စုံမှုမရှိဘဲ ကယ်ဆယ်ရေးအမည်ခံသက်သက်သာ ဖြစ်သည်ဟု မုန်တိုင်းသင့်ပြည်သူများက ပြောဆိုကြသည်။

ရက္ခိုင့်တပ်တော်က ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်လိုသည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ရက္ခိုင့်တပ်တော်က ဖွဲ့စည်းပေးထားသော ကူညီကယ်ဆယ်ရေးကော်မတီ HDCO နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည်ဟု ပြောကြားထားပြီး နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ရခိုင်ပြည်သူများအား ကူညီရန် တောင်းဆိုထားသည်။

ရခိုင်ပြည်တွင် ထောင်ပေါင်းများစွာသော နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများသည် မုတ်သုန်ရာသီဥတု၌ နေအိမ်အမိုးအကာလုံလောက်မှုမရှိခြင်းတို့ဖြင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိနေကြောင်း ယူအန်က ဇူလိုင်က ၃ ရက်နေ့က ပြောထားသည်။

စစ်ကောင်စီသည် ပြည်သူလူထုများနှင့် အကူအညီပေးရေးလုပ်ကိုင်နေသူများကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေကြောင်း နှစ်ပတ်လည်အစီရင်ခံစာတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article