မုံရွာတွင် ဆဲဗင်းဇူလိုင်အရေးအခင်းအတွင်း ကျောင်းသားများကို သတ်ဖြတ်ခဲ့သည့် စစ်အာဏာရှင်၏ ယုတ်မာမှုကို မမေ့ကြရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင်အရေးအခင်းအတွင်း ကျောင်းသားများကို သတ်ဖြတ်ခဲ့သည့် စစ်အာဏာရှင်၏ ယုတ်မာမှုကို မမေ့ကြရေး ချီတက် ဆန္ဒပြကြသည်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဇူလိုင်လ ၇ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်နေဝင်းအပါအဝင် အပေါင်းအပါများက ကျောင်းသားထုကိုသတ်ဖြတ်ခြင်း၊ ရန်ကုန်တက္ကသိုလ်အတွင်းရှိကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲခြင်းများပြုလုပ်၍ ရက်စက်ယုတ်မာခဲ့သည်မှာ ယနေ့တွင် ၆၁နှစ်ပြည့် မြောက်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ စစ်တပ်က ဆက်လက် ယုတ်မာဆဲဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ကို မမေ့ကြရန် မုံရွာသပိတ်အင်အားစုက နှိုးဆော်သည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကျောင်းသားများ ရှိနေသ၍ ကျောင်းသားသမဂ္ဂရှိနေရမည်ဖြစ်ပြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပြောဆိုခဲ့သည့်အတိုင်း ” သမဂ္ဂအဆောက်အဦး ကိုသာ ဖြိုလို့ရမယ်၊အမောင်တို့ ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့မရ ”ဟူသော မိန့်ဆိုချက်ကို ပြည်သူများ သတိရကြရန် မုံရွာသပိတ်အင်အားစုက တိုက်တွန်း နှိုးဆော်သည်။