ရန်ကုန်တွင် စစ်အာဏာရှင်၏ ဖြိုခွင်းမှုကြောင့် ကျောင်းသားများ သွေးစွန်းခဲ့ရသည့် “၇-၇-၆၂ မမေ့ကြနဲ့” လှုပ်ရှားမှု ပြုုလုပ်
ရန်ကုန်၊ ဇူလိုင် ၇
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း ဦးဆောင်သော စစ်အာဏာရှင်များက တိုင်းပြည် အာဏာ ကို သိမ်းယူပြီး ဇူလိုင်လ ၇ ရက်နေ့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သော ကျောင်းသားများကို သတ်ဖြတ်ခြင်းနှင့် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် မိုင်းခွဲခဲ့သည့် ၇-၇-၆၂ နေ့ကို မမေ့ကြရန် ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY က လှုပ်ရှားမှု ပြုလုပ်သည်။
” ၇-၇-၆၂ မမေ့ကြနဲ့” ဆိုသည့် စကားသည် ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်းတွင် ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်၊ မြောင်းမြ တက္ကသိုလ် ကျောင်း သား ကိုကျော်ဝင်းက သူ့၏ ခန္ဓာကိုယ်က ထွက်ခဲ့သည့် သွေးဖြင့် ရေးခဲ့သည့်စာဖြစ်ကြောင်း၊ သွေးဖြင့် ရေးခဲ့သည့် သွေးစွန်း စာဖြစ်ပြီး စစ်အာဏာရှင် နေဝင်း၏ မဆလ အစိုးရက ရန်ကုန်တက္ကသိုလ် စည်းကမ်းတွေကို စိတ်ကြိုက်ပြင်ဆင် သတ်မှတ်ခြင်း၊ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီကို အာဏာသိမ်းခြင်း လုပ်ဆောင်ခဲ့ကြောင်း၊ မတရားမှုကို ဆန့်ကျင် ဆန္ဒပြသည့် တက္ကသိုလ် ကျောင်းသားများကို တက္ကသိုလ်မြေအတွင်း စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ ချေမှုန်းပြခဲ့ကြောင်း၊ ကျောင်းသားများကို ပစ်ခတ်ခဲ့ပြီး အသက်မသေ ဒဏ်ရာရသည့် ကျောင်းသားများခိုအောင်းနေသည့် သမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုခွင်းပြသခဲ့ကြောင်း၊ ပြည်သူများကို ဓားဓားချင်း လှံလှံချင်းယှဥ်မယ်လို့ တိုင်းသိပြည်သိ ကမ္ဘာသိ ရုပ်မြင်သံကြားမှတစ်ဆင့် စစ်အာဏာရှင် စစ်ကြေညာပြခဲ့ဖူးကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY က ရှင်းလင်းပြောဆိုထားသည်။
“ဒီနေ့ ဒီရက်မှာ စစ်အစိုးရအဆက်ဆက် ဟာ သူတို့ရဲ့ သွေးဆာ ယုတ်မာ အာဏာမက်ပြီး ဆောင်ရွက်ခဲ့သမျှ ကို ပြည်သူတွေအမှတ်ရမှာ တွေးကြောက်တယ်။ ရှောင်ဖယ်ဖို့ကြိုးစားတယ်။ ဖုံးကွယ်ဖို့ကြိုးစားတယ်။ ထိရင်ချတဲ့ ဖိရင်ကြွတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက်ကတော့ ဖုံးကွယ်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီလက်ပါးစေတွေကို ရှောင်ရှားပြီး မရ ရတဲ့ နည်းနဲ့ ဆန္ဒကို ထုတ်ဖော်ပြနေမှာပါပဲ။ ဒီဓာတ်ပုံတွေဟာ ရန်ကုန်တော်လှန်ရေး လူငယ် အဖွဲ့များက ၇.၇.၆၂ မမေ့ကြဖို့ ပြည်သူအများကိုနှိုးဆော် ဆန္ဒ ထုတ်ဖော်ပြနေတဲ့ ပုံတွေပါ။ သမဂ္ဂ အဆောက်အဦးကို ဖြိုခွဲဖျက်ဆီးခဲ့ပေမယ် လူငယ်တို့ရဲ့ နိုးကြားတဲ့ သမဂ္ဂ စိတ်ဓာတ်ကိုတော့ ဘယ်အာဏာရှင်အဆက်ဆက်ကမှ ဖြိုခွဲလို့ မရခဲ့သလို နောက်လည်းရမှာ မဟုတ်ပါ။ “အဆုံးသတ်တိုက်ပွဲ နွှဲဆင်ကြ”” ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY က တိုက်တွန်းထားသည်။