25 C
Yangon

တနင်္သာရီတိုင်းတွင် ဇွန်လအတွင်း စစ်ဘေးရှောင် ပြည်သူ ၃၀၀၀၀ နီးပါးရှိလာပြီး အရေးပေါ် အကူအညီများ လိုအပ်နေ

Must read

တနင်္သာရီတိုင်းတွင် ဇွန်လအတွင်း စစ်ဘေးရှောင် ပြည်သူ ၃၀၀၀၀ နီးပါးရှိလာပြီး အရေးပေါ် အကူအညီများ လိုအပ်နေ

ရန်ကုန်၊ ဇူလိုင် ၉

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများ ၊ နယ်မြေ မတည်ငြိမ်မှုများကြောင့် ဇွန်လအတွင်း ဒေသပြည်သူ ၃၀၀၀၀ နီးပါး ရှိလာခဲ့ပြီး အရေးပေါ် အကူအညီများ လိုအပ်နေ ကြောင်း ဒေါန တနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူအဖွဲ့ထံမှ သိရှိရသည်။

ထားဝယ်မြို့နယ်တွင် အမြဲတမ်း စစ်ဘေးရှောင် ၃၅၈ ဦးရှိပြီး ရေဖြူမြို့နယ်တွင် ၅၀ ဦး၊ သရက်ချောင်းမြို့နယ်တွင် စစ်ဘေးရှောင် ၂၀၀၀ နီးပါးရှိကြောင်း၊ လောင်းလုံးမြို့နယ်တွင်မူ အမြဲတမ်း စစ်ရှောင် ၅၀၀၀ ဦး၊ ပုလောမြို့နယ်တွင်မူ အမြဲတမ်း စစ်ရှောင် ၂၆၀၀ ကျော် နှင့် ယာယီစစ်ရှောင် ၁၀၀၀၀ ကျော်၊ တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိနေကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့၏ အချက်အလက်များအရ သိရှိရသည်။

တိုက်ပွဲများကြောင့် ထားဝယ်မြို့နယ်တွင်မူ ပခပ်ရွာ၊ ရမ္မဇူရွာ၊ သရက်ငုတ်ရွာ၊ လိပ်ကြယ်ပြောင်ရွာ၊ သင်္ကန်းတုံးရွာ၊ ဝကုန်းရွာ စသည့် ကျေးရွာများမှ ဒေသပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူ အချို့သာ နေရပ်ပြန်နိုင်ကြပြီး အချို့မှာ စစ်ဘေးရှောင်ပြေးနေရဆဲဖြစ်ကြောင်း၊ ရေဖြူမြို့နယ်တွင်လည်း ကျောက်ရှပ်ကျေးရွာအုပ်စုမှ ဒေသပြည်သူများ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုနှင့် ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများကြောင့် သရက်ချောင်းမြို့နယ်ထဲရှိ ဥတ္တူရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကျောက်ခမောက်ရွာ၊ ကျွဲမင်းကုန်းရွာ၊ ကနက်သီရိရွာ၊ ကတွဲ၊ ဆိပ်ချောင်း၊ ကညင်ချောင်း၊ အောက်သရက်ချောင်း စသည့်ကျေးရွာများမှ ဒေသပြည်သူ ၂၀၀၀ နီးပါး စစ်ဘေးရှောင်နေရဆဲ ဖြစ်ကြောင်း၊ ထို့ပြင် သရက်ချောင်းမြို့နယ်ထဲရှိ တောင်ပျောက်တိုက်နယ်ကို အကြမ်းဖက် စစ်တပ်က ရိက္ခာ၊ ဆက်သွယ်ရေးနှင့် ကူးသန်းသွားလာခြင်းများကို ဖြတ်တောက်တင်းကြပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာနှင့် ညောပြင်ကျေးရွာများတွင်လည်း မတ်လအတွင်းက အကြမ်းဖက်စစ်တပ်မှ နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ပြည်သူ ၅၀၀၀ ခန့်မှာ အမြဲတမ်း စစ်ရှောင်ဖြစ်နေကြရပြီး ပုလောမြို့နယ်တွင်လည်း လစဉ်တိုက်ပွဲများ ရှိနေသည့်အတွက် ဒေသပြည်သူများမှာ နီးစပ်ရာ ခြံများနှင့် ရွာများမှာ ဆက်လက် စစ်ဘေးရှောင်နေကြရဆဲ ဖြစ်ကြောင်း၊ တနင်္သာရီမြို့နယ်တွင်မူ အရှေ့မော်တုန်း၊ အနောက်မော်တုန်း၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖို၊ ညောင်ပင်ကွင်း၊ ပဝ စသည့် ကျေးရွာများမှ ဒေသပြည်သူများ စစ်ဘေးရှောင်ပြေးခဲ့ရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ရှောင် ၃၀၀၀၀ နီးပါးတွင် အမြဲတမ်းစစ်ရှောင်များမှာ ရေရှည်အတွက် အခက်အခဲများ ရှိနေပြီး ယာယီစစ်ရှောင်များအတွက်မူ တောတောင်ထဲတွင် အကူအညီများ ရရရန် ခက်ခဲနေကြကြောင်း ဒေါနတင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article