30 C
Yangon

စစ်ကောင်စီက ကျူးလွန်နေသည့် ရာဇဝတ်မှု၊ အကြမ်းဖက်မှု များသည် နိုင်ငံတကာက သတ်မှတ်ထားသည့် ဥပဒေ များကို ဆိုးဆိုးဝါးဝါး ချိုးဖောက်သည့် အဆင့်ကို ရောက်ရှိနေကြောင်း လူ့အခွင့်အရေး ကောင်စီတွင် အစီရင်ခံစာ တင်သွင်း

Must read

စစ်ကောင်စီက ကျူးလွန်နေသည့် ရာဇဝတ်မှု၊ အကြမ်းဖက်မှု များသည် နိုင်ငံတကာက သတ်မှတ်ထားသည့် ဥပဒေ များကို ဆိုးဆိုးဝါးဝါး ချိုးဖောက်သည့် အဆင့်ကို ရောက်ရှိနေကြောင်း လူ့အခွင့်အရေး ကောင်စီတွင် အစီရင်ခံစာ တင်သွင်း

ရန်ကုန်၊ ဇူလိုင် ၉

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက် စစ်ကောင်စီ ကျူးလွန်နေသည့် ရာဇဝတ်မှု၊ အကြမ်းဖက်မှုများသည် နိုင်ငံတကာက သတ်မှတ်ထားသည့် ဥပဒေ များကို ဆိုးဆိုးဝါးဝါး ချိုးဖောက်သည့် အဆင့်ကို ရောက်ရှိနေကြောင်း လူ့အခွင့်အရေး ကောင်စီတွင် အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း သိရသည်။

၅၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိ မစ္စတာတွမ်အန်ဒရူးတို့ ၂ ဦးက အစီရင်ခံစာ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိ မစ္စတာတွမ်အန်ဒရူးတို့ တင်သွင်းသည့် တင်ပြချက်များတွင် ထူးခြားသည့် အချက်များနှင့် တူညီသည့် အချက်များ ပါဝင်ကြောင်း၊ ပထမဦးဆုံး တူညီသည့် အချက်များမှာ ၎င်းတို့ ၂ ဦး တင်ပြချက်တွင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက် စစ်ကောင်စီ ကျူးလွန်နေသော လူ့အခွင့်အရေးဆိုင်ရာ၊ ရာဇဝတ်မှုဆိုင်ရာ၊ အကြမ်းဖက်မှုဆိုင်ရာအမှုများသည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သတ်မှတ်များနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများကို ဆိုးဆိုးဝါးဝါး ချိုးဖောက်သည့် အဆင့်ကို ရောက်ရှိနေသည်ဟု ခိုင်ခိုင်မာမာ ဆိုထားကြောင်း NUG အစိုးရ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောကြားချက်ထဲတွင် လက်ရှိ အချိန်အထိ အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးထားသည့် လူပေါင်း ၁၉,၀၀၀ ကျော်ရှိကြောင်း၊ ထို့ပြင် သတ်ဖြတ်ခံရ သူများနှင့် မတရားနှိပ်စက် ညှင်းပမ်း ခံရသူ အရေအတွက်များကိုလည်း ကိုးကား ဖော်ပြသွားကြောင်း၊ မစ္စတာတွမ်အန်ဒရူး၏ တင်ပြချက်ထဲတွင် ယခင်က ၎င်းတင်ပြခဲ့သည့် ကလေးသူငယ်ဆိုင်ရာ တင်ပြချက်များထဲတွင် ပါဝင်ခဲ့သည့်အတိုင်း ကလေးပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ကြောင်း၊ ကလေးပေါင်း ၃၈၇ ဦးကို စစ်တပ်က လက်ရှိချိန်ထိ ထောင်ထဲမှာ ဖမ်းဆီးထားပြီး ကလေး ၈၁ ဦးကို မိသားစုများကို ဖမ်းမမိသည့် အတွက် ဓားစာခံ ဖမ်းဆီးထားကြောင်း၊ ကလေးပေါင်း ၆၈၀,၀၀၀ကျော်သည်လည်း လက်ရှိအချိန်ထိ နေအိမ်များမှ စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင် နေရသည့်အပြင် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေသည့် ကလေးပေါင်း ၅.၈ သန်းရှိကြောင်း သိရသည်။

” နိုင်ငံတကာအနေနဲ့ ဒီလိုအခြေအနေဆိုးတွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့အတွက် အရေးယူဆောင်ရွက်မှုတွေကို ဒီထက်ပိုမိုပြီးတော့ ပြင်းထန်စွာလုပ်ဆောင်ဖို့ အချိန်ရောက်နေပြီဆိုတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံပြည်သူတွေရဲ့ ဘဝတွေက ပိုမိုဆိုးရွားနိုင်တယ်၊ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုက မဖြစ်မနေ အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်းကို တင်ပြပြောဆိုသွားခဲ့ကြပါတယ်။ သူတို့နှစ်ဦးစလုံးရဲ့ တင်ပြချက်ကို ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ လူအခွင့်အရေးဆိုင်ရာတာဝန်ရှိတဲ့ ကုလသမဂ္ဂအရာရှိများရဲ့ ပြောကြားချက်တွေဖြစ်တဲ့အတွက် ရရှိထားတဲ့အချက်အလက်တွေကို ကိုးကားပြီးပြောဆိုတာတင်မကဘဲနဲ့ လူ့အခွင့်အရေးနဲ့ မြန်မာနိုင်ငံပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကို စာနာနားလည်တဲ့ လူသားဆန်သောသူနှစ်ဦးရဲ့ ရင်ထဲကခံစားရတဲ့အကြောင်း အရာတွေ၊ ပြည်သူတွေအတွက် အားမလို အားမရဖြစ်တဲ့အသံတွေ၊ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုအပိုင်း နှေးကွေးမှုတွေကို ထောက်ပြလိုတဲ့အသံတွေ ပါဝင်နေတာကို တွေ့ရှိနိုင်ပါတယ်” ဟု NUG အစိုးရ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုသည်။

ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောကြားချက်ထဲ၌ မကြာမီကဖြစ်ပွားခဲ့သည် ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံး ရသည် တင်မက လူသားချင်းစာနာမှု အကူအညီများကို ငြင်းပယ်သည့် စစ်အုပ်စု၏ လုပ်ဆောင်မှုကြောင့် ပိုမိုထိခိုက်ခဲ့တဲ့ အကြောင်း ထောက်ပြသွားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပန်းပန်၍ ပန်းရောင်း၍ ဖမ်းဆီးခံရသည့် ကိစ္စရပ်များကိုပါ ထုတ်ဖော် ပြောကြားသွားကြောင်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိ မစ္စတာတွမ်အန်ဒရူးကလည်း မကြာမီက ချမှတ်ခဲ့သည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်လောက်နှင့် မလုံလောက်တော့ကြောင်း၊ လုံခြုံရေးကောင်စီအနေနှင့် အကြမ်းဖက်မှုတွေ ၊ ရာဇဝတ်မှုတွေ ကျူးလွန်နေသည့် အကြမ်းဖက် စစ်အုပ်စုကို နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာခုံရုံးအထိ လွှဲပြောင်းပေးအပ်ဖို့အတွက် လုပ်ဆောင်သင့်တယ်ဆိုတဲ့အကြောင်းကို ဖော်ပြသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂတွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံအပေါ် အမှန်တကယ် ပြုပြင်ပြောင်းလဲလိုသည့် နိုင်ငံရေး political will အားနည်းနေကြောင်းကို ထောက်ပြ ဝေဖန်သွားကြောင်း သိရသည်။

” ဒီအချက်တွေကို ကြည့်မယ်ဆိုရင်တော့ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေရဲ့ ပြောကြားချက်တွေ၊ ရှုံ့ချချက်တွေ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို လုပ်ဆောင်ဖို့အတွက် တောင်းဆိုချက်တွေက အရှိန်အဟုန် မြင့်လာပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားမှု ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံအရေးကို ဆွေးနွေးမှုကို ကျေးဇူးတင်ပါတယ်။ ဆွေးနွေးရုံတင်မကပဲနဲ့ တကယ်ထိရောက်တဲ့ကိစ္စတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက်၊ ပူးပေါင်းလုပ်ဆောင်မှုတွေရှိဖို့အတွက်၊ လက်တွေ့ကျသော အကူအညီတွေ ပေးဖို့လိုအပ်တယ်ဆိုတဲ့အကြောင်း ဒီကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်ပြသွားတဲ့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနဲ့ မြန်မာနိုင်ငံလူ့ အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိတို့ရဲ့ တင်ပြချက်တွေက ထပ်မံပြီးတော့ မီးမောင်းထိုးဖော်ပြထားပါတယ်” ဟု NUG အစိုးရ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article