တီးတိန်၊ ဆားလင်းကြီးနှင့် ဗန်းမော်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကား ၂ စီး ချောက်ထဲထိုးကျ၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး PDF ရဲဘော် ၄ ဦးကျဆုံး
ရန်ကုန်၊ ဇူလိုင် ၁၁
ချင်းပြည်နယ် တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးနှင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ PDF ရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်း ဒေသအတွင်းရှိ သိုင်းငင်း အကြမ်းဖက် စစ်တပ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CDF CDM Siyin ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက် ၅ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ် ကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား အများအပြားသေဆုံးကာ လက်နက်ခဲများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ပြီး ၂ ဦးမစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံရမှုကြောင့် အထိနာသောအကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကလေးမြို့မှလည်း လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်ပေါင်းစု များဖြစ်ကြသော CDf CDM SIYIN ၊ PDF Zoland+ B5 ME ၊ CNDF ၊ TCDF ၊ KKG B7 ၊ PDA နှင့် PDF Kalay ၊ S2 အဖွဲ့ များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူ ဇူလိုင်လ ၈ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ ရဲ တပ်ရင်း ၂၈ အား ရှော့တိုက်ဒုံး၊ လက်လုပ်လက်နက်ကြီး ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရသေးကြောင်း အာဏာ ရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ထံ မှ သိရသည်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ရင်း ၂၈ ရှိ အကြမ်းဖက်စစ်သားများသည် ဆားလင်း ကြီးမြို့ နယ်၊ ဝမ်ပေါင်-ယမ်စီ ကုမ္ပဏီကို လုံခြုံရေးယူနေသည့်အပြင် ဒေသနေ ပြည်သူများကို ဖိနှိပ်ခြင်း၊ ချုပ် ခြယ်ခြင်းရှိသည့်အပြင် ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ညတိုင်းနီးပါး အနီးအနားရှိကျေးရွာ များကို ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ ၊ DRPA တပ်ခွဲ ၄ ၊ Black Shadow PDF ၊ ယင်းမာ ပင်-ဆားလင်းကြီး မဟာမိတ်တပ်ပေါင်းစု၊ Fighter Brotherhood Guerilla Army ၊ BED ငညို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တောကျီးကန်း၊ မဲမှောင်ပြောက်ကျား တပ်ဖွဲ့၊ ပြည်သူအားလုံးရဲ့ PK ၊ Golden Force( ခရိုင်းတပ်ရင်း ၂၉ တပ်ခွဲ ၅ ) Federal Democratic Revolution Force ၊ Arlarwaka ၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MRDA တပ်ရင်း ၆ တပ်ခွဲ ၁ )၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၇ ၊ Black Team (ခရိုင်တပ်ရင်း ၂၇ တပ်ခွဲ ၄ ) သိန်းငှက် Local Defence Force နှင့် ဒေါင်းမင်းစစ်ကြောင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်မြို့မှ နမ့်ဆန်ယာန်ကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလာ သော ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးချောက်ထဲထိုးကျကာ စစ်သားအများ အပြား သေဆုံးခဲ့ကြောင်း KIA တပ်ဖွဲ့နှင့် နီးစပ်သူသတင်းရင်းမြစ်ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁၁ ရက် ညနေ ၄ နာရီ မိနစ် ၅၀ ခန့်က ဗန်းမော်မြို့မှ တက်လာသော အကြမ်းဖက် စစ်တပ် ခလရ ၇၇ တပ်ရင်းမှ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ရာအူထန်ယာန်ကျေးရွာ နှင့် နွယ် လန့်ကျေးရွာကြားတနေရာ အရောက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ တပ်မဟာ ၅ ၊ အမှတ် ၂၅ တပ်ရင်းတပ်ဖွဲ့များမှ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၄ စီးအနက် ၂ စီးမှာ ချောက်ထဲထိုးကျ သွားပြီး ထိခိုက်သေဆုံးမှုအများအပြားရှိကြောင်း သိရသည်။
ဓာတ်ပုံ- ကရင်နီဒေသမှ မိုင်းဆွဲခံထးရသည့် အကြမ်းဖက်စစ်ကောင်စီကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
