Breaking News- ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်သို့ လျှို့ဝှက်လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ဟု ထုတ်ဖော်ပြောဆို
■ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကား ဖတ်ကြားဖွယ်ရှိဟုဆို
ရန်ကုန်၊ ဇူလိုင် ၁၂
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai သည် ဇူလိုင်လ ၉ ရက်နေ့တွင် နေပြည်တော်သို့ လျှို့ဝှက်လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ဇူလိုင်လ ၁၁ ရက်နေ့မှစတင်၍ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် ယင်းသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ကျိုဒိုသတင်းဌာနက သတင်းဖော်ပြသည်။
ကျိုဒိုသတင်းအရ ဒေါ်အောင်ဆန်းစုကြည်ထံမှ သတင်းစကားကို ယနေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖတ်ကြားဖွယ်ရှိကြောင်း သတင်းဖော်ပြထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai သည် ဇူလိုင်လ ၉ ရက်နေ့တွင် နေပြည်တော်သို့ နေ့ချင်းပြန် ထိုင်းစစ်တပ်၏ အထူးလေယာဉ်ဖြင့် လာရောက်ခဲ့ပြီး ယင်းလာရောက်မှုသတင်းကို စစ်ကောင်စီက သတင်းမထုတ်ဘဲ လျှို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဇူလိုင်လ ၉ ရက်နေ့တွင် နေပြည်တော်သို့ နေ့ချင်းပြန် လာရောက်ခဲ့ကြောင်း၊ ထိုသတင်းကို စစ်ကောင်စီက မထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့ကြောင်း သတင်းအကျယ်တဝင့် ဖော်ပြခဲ့သည်။